Saturday, August 3, 2013

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် ကမ်းလှမ်းလာသည့် စင်ကာပူ ကုမ္ပဏီသည် အထောက်အထား မပြည့်စုံသောကြောင့် ခွင့်ပြုချက် မပေးခဲ့ခြင်းဖြစ်ဟု ယဉ်ကျေးမှုဒုဝန်ကြီး ရှင်းလင်း

သြဂုတ် ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်(ခ) ဦးနိုင်လှမောင် မေးမြန်းသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရေးနှင့် ပတ်သက်သော မေးမြန်းမှုကို ဖြေကြားရာတွင် အကူအညီ ပေးမည်ဟု ကမ်းလှမ်းထားသည့် စင်ကာပူ ကုမ္ပဏီသည် လိုအပ်သော အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသောကြောင့် ခွင့်ပြုချက် မပေးခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေက ရှင်းလင်းပြောကြားသည်။

ဒေါပုံမြစ်တွင် နစ်မြုပ်လျက်ရှိသော ဓမ္မစေတီ ခေါင်းလောင်းကြီးအား ၂၀၁၀ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ SD Mark International LLP ကုမ္ပဏီမှ ကျွမ်းကျင်သည့် ပညာရှင်များ၊ သင်္ဘောများ ငှားရမ်းမှု အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်အကျခံကာ ရှာဖွေဆယ်ယူ သွားမည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ပြည်ပမှ ကုမ္ပဏီအနေဖြင့် ကမ်းလှမ်းလာသော စင်ကာပူ ကုမ္ပဏီသည် ကုမ္ပဏီ မိတ်ဆက်နှင့် အတွေ့အကြုံကိုသာ တင်ပြနိုင်ပြီး ငွေကြေးခိုင်ခိုင်မာမာ ရှိသည့်အထောက်အထား၊ သုတေသနပြုစု ဆောင်ရွက်မှုများ၊ အဆိုပါ ကုမ္ပဏီနှင့် ပတ်သက်၍ အခြားဆောင်ရွက်မှု မှတ်တမ်း အထောက်အထားများ ပြည့်စုံခိုင်လုံစွာ တင်ပြနိုင်မှုမရှိ၍ ကူညီခွင့်ပြုနိုင်ရေးအတွက် ထောက်ခံချက် ပေးနိုင်ခြင်းမရှိပါ။ ယဉ်ကျေးမှု ၀န်ကြီးဌာန တစ်ခုတည်း အနေဖြင့်လည်း ထောက်ခံခွင့်ပြု၍ မရပါ'' ဟု ဒုဝန်ကြီးက ပြောကြားသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကို ဆယ်ယူရေး ကိစ္စရပ်တွင် တွေ့ကြုံနေရသည့် အခက်အခဲများမှာ ခေတ်မီနည်းပညာ ပစ္စည်းအပြည့်အ၀ မသုံးစွဲနိုင်ခြင်း၊ ခေါင်းလောင်းတော်ကြီး ရေတွင်ကျခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်းငါးရာခန့်အကြာ ရေကြောင်းပြောင်းလဲမှု၊ နုန်းမြေပို့ချမှု၊ ပထ၀ီအနေအထား ပြောင်းလဲမှု၊ ငလျင်နှင့် မိုးလေ၀သ အန္တရာယ်များ ပေါ်ပေါက်မှု၊ မြို့ပြဧရိယာ ချဲ့ထွင်မှု၊ လူနေသိပ်သည်းမှု စသည့် အခက်အခဲများကြောင့် ဆယ်ယူရရှိရန် လျာထားသတ်မှတ်ထားသော အချိန်ကာလ မရှိသေးကြောင်း ယဉ်ကျေးမှုဒုဝန်ကြီးက ဆက်လက် ပြောကြားသည်။

မူးယစ်ဆေးဝါး သုံးစွဲသူ ၆၀ ကျော်ကို KIO ဖမ်းဆီး အရေးယူထား

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်အတွင်း ဘီးခင်းတခုမှ တရုတ်အမျိုးသား ၂ ဦးကို KIA စစ်သားများ ဖမ်းဆီးနေစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဗဟိုဌာနချုပ်တ၀ိုက် KIO ၏ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံချက်အရ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကိုအရေးယူခဲ့ရာ ယခုချိန် ၆၀ ကျော် ရှိပြီဖြစ်ကြောင်းသိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား ဌာနချုပ်ဝန်းကျင်တိုက်ပွဲများ ငြိမ်သက်လာချိန်မှစ၍ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများ ပြန်လည်များပြားလာသည်ဟု KIO ဌာနချုပ် မူးယစ်တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ က ကချင်သတင်းဌာန KNG သို့ပြောသည်။

kia arrest chinese opium grower

"များသောအားဖြင့် အခုက မြစ်ကြီးနားမှာ ဒုက္ခသည်အဖြစ်ရှောင်တိမ်းသွားတဲ့သူတွေလူမျိုး ပြီးတော့ တခြားနေရာကိုရောက်သွားတဲ့သူတွေလေ။ အခုအခြေအနေ နည်းနည်းငြိမ်သက်နေတော့ ကားလမ်းတွေ ပေါက်လာတော့ အဲဒီလူတွေက အခုဒီဖက်မှာ ပြန်လာရောင်းတာတွေရှိတယ်။ ရောင်းလာတော့ အခုကျွန်တော်တို့က ဘိန်းသုံးစွဲတဲ့သတင်းကြားရင် ဘယ်ကဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ် အကုန်လုံးကို ဖမ်းတယ်ဆိုတော့ အခုဖမ်းမိတဲ့သူတွေက မြို့ဖက်ကလူတွေပိုများတယ်။"

ယခုမူးယစ်ဆေးဝါးသုံးစွဲသောသူများသည် အသက်အရွယ်အားဖြင့် ၂၀ မှ ၃၀ ကြား အများစုဖြစ်ပြီး တခါတရံသောက်သုံးသူများအပါအ၀င် ဖမ်းဆီးအရေးယူနေခြင်းဖြစ်သည်ဟု အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ က ပြောသည်။

"အခု မူးယစ်ဆေးဝါးစားသုံးတဲ့သူတွေထဲမှာ တခါတလေ ဆော့တဲ့သူတွေကိုတွေ့ရင်လည်း ဒီမှာ ၁ လ ၂ လ မသုံးအောင် သူတို့ကို ဆုံးမတာမျိုးတွေအနေနဲ့ ဖြတ်ပေးတာမျိုးတွေလုပ်တယ်။ ဘိန်းစိုက်ပျိုးခဲ့တဲ့ ဒေသ တွေက မိဘတွေကိုလည်း   ကျွန်တော်တို့   ကော်မတီ ကနေ စီမံကိန်းချပြီး ရပ်ရွာတွေမှာ ပညာပေးဟောပြောမှုတွေကိုလည်းလုပ်တယ်။ အခု သုံးစွဲ သူတွေ ဘယ်သူ့ကိုပဲဖြစ်ဖြစ်တွေ့ရင်တော့ မိဘတွေလာအပ်တာပဲဖြစ်ဖြစ် တပ်ဖွဲ့ကနေပဲ လာအပ် တာပဲဖြစ်ဖြစ် ဘယ်ဆွေမျိုးဖက်ကပဲလာအပ်အပ် ကျွန်တော်တို့လက်ခံထားတယ်။"

အစိုးရအုပ်ချုပ်နယ်မြေသို့ ကိုယ်တိုင်လာမအပ်သောသူများကိုမူ သုံးစွဲသူတစ်ယေက်ကိုဖမ်းဆီးကာ မေးမြန်း စစ်ဆေးခြင်းအားဖြင့် ၄င်းနှင့်အတူသုံးစွဲသောသူများကိုလည်း ကွင်းဆက် ဖမ်းဆီး၍ ဘိန်းဖြတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများငြိမ်သက်နေချိန် လိုင်ဇာမြို့သို့ လူဝင်လူထွက်ရှိလာပြီး ယခင် သုံးစွဲခဲ့သူတွေကလည်း ပြန်လည်သုံးစွဲမှုများကြောင့် စီမံချက်ဖြင့် ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု လိုင်ဇာသို့ ၀င်ထွက်သွား လာနေသူ ခရီးသည်တစ်ဦးပြောသည်။

"အသဲအသန်ဖမ်းနေတာ ထောင်တောင်မဆံ့ဘူး။ သုံးစွဲမှုတွေတော်တော်ဆိုးတယ်။ အထက်ကအမိန့်အရ ဘိန်းသုံးစွဲတယ်ဆိုတဲ့ သတင်းကြားတာနဲ့ မြင်စရာမလိုဘူး။ ဆိုတဲ့အတိုင်း ဖမ်းဆီးအရေးယူနေကြတာတဲ့၊ စစ်သားတွေလည်း ထောင်ထဲမှာပဲ ဘိန်းသမားများလို့လေ၊ နေရာတကာဖမ်းတာပဲ စစ်သားတောင်ပါတယ်။"

ထိုသို့ဖမ်းဆီးအရေးယူခံရသူများတွင် ဒေသခံများအပါအ၀င် မူးယစ်ဆေးဝါးနှင့်ပါဝင်ပတ်သက်သော ကေအိုင်အေ အဖွဲ့ဝင်များ၊ ၄င်းတို့၏အမျိုးသမီးအချို့ကိုလည်း အရေးယူလျက်ရှိကြောင်း မူးယစ်တိုက်ဖျက် ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီးဂမ်ဘာ ကပြောသည်။

KIO ဌာနချုပ်အတွင်း ယခင်ကဲ့သို့ဘိန်းစိုက်ပျိုးမှုများနှင့် ရောင်းဝယ်ဖောက်ကားမှု ဧရာမ ဈေးကွက်များ ရှင်းလင်းနိုင်ခဲ့သည်ဟုဆိုနိုင်သော်လည်း ချောင်းတဖက်ကမ်းတွင်ရှိသော တရုတ်ပြည် ဖက်ခြမ်းသို့ နေ့ညအချိန်မရွေးသွား၍ ၀ယ်ယူသုံးစွဲနိုင်သေးခြင်းနှင့် မှောင်ခိုရောင်းဝယ် ဖောက်ကားမှုများ ရှိနေဆဲဖြစ်သောကြောင့် ဆက်လက်ပြန့်နှံ့ နေဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကချင်ဒေသမူးယစ်ဆေးဝါးပြန့်နှံ့နေခြင်းသည် ကလေးသူငယ်များ ပညာသင်ချိန်ကာလ ကတည်းက လမ်းပြမှုမှားယွင်းခြင်း၊ ပညာသင်ပြီးသော အချိန်တွင်လည်း လုပ်ငန်းများတွင် အသုံးချနိုင် လောက်သော အရည်အချင်းမပြည့်မှီခြင်း၊ ကျောင်းပြီးသွားသူများအတွက် အလုပ်လမ်းညွှန်ပေးနိုင်သည့် ဌာန မရှိခြင်း၊ သူတပါးသုံးစွဲလျင်အယုံလွယ် အပျော်မက်၍ နောက်ယောင် လိုက်လုပ်တတ်သော အကျင့် စရိုက်၊ ဘိုးဘွားစဉ်ဆက်အသုံးပြုလာသောသွေးကြောင့်ဟု ထင်မြင်ယူဆရသည့်အပြင် အုပ်ချုပ်သည့် အစိုးရမှ သွေးအေးစစ်ဟု ယူဆရသော အာဏာပိုင်အချို့ကိုယ်တိုင် ပါဝင်ပတ်သက် ဖြန့်ဖြူးပေးနေခြင်း များသည် ကချင်လူငယ်များဘ၀အတွက် ကြောက်မက်ဖွယ်မူးယစ်ဆေးဝါး၏ ကြေးကျွန်ဘ၀သို့ ပြောင်းလဲ စေခဲ့သည်ဟု သုံးသပ်ပြောဆိုခဲ့သည်။

KIO သည် ၂၀၁၀ အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ ဌာနချုပ် မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးကော်မတီမှ  ဦးစီးကာ ပြန်လည်ရှင်းလင်းနေခြင်းဖြစ်သည်။

နယ်စပ်သို့ ကျည်ဆံပို့သူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

" လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က  ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။

အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။

ဘုရားသုံးဆူမြို့တွင် GSM ဆင်းကဒ် ပထမအကြိမ်စတင်မဲဖေါက်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ရောင်းချပေးလျှက်ရှိသော ၁၅၀ဝ ကျပ်တန် GSM ဆင်းကဒ်များကို ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့၌ သြဂုတ်လ ၁ ရက်နေ့တွင် နေ့ချင်းပြီးမဲဖေါက်၍ ပထမအကြိမ် ရောင်းချခဲ့ပြီး ဖြစ်သည်။

ဘုရားသုံးဆူမြို့ပေါ် ရပ်ကွက် ၄ ခုအနက် တစ်ရပ်ကွက်လျင် GSM ဆင်းကဒ် ၃၀ ခွဲတန်းရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

gsm-sim-card-and-people

သူက "အဲဒီခွဲတန်း ၃၀ ကဒ်ထဲမှာ အုပ်ချုပ်ရေးမှူးရယ်၊ ရုံးနဲ့ ဘုန်းတော်ကြီးကျောင်းအတွက် ၃ ကဒ်ပေးပြီး ရပ်ကွက်သားတွေကျတော့ ၂၇ ကဒ်ထဲက မဲနှိုက်ရတာပေါ့" ဟု ပြောသည်။

မဲနှိုက်ရန် စာရင်းပေးသွင်းထားသူများမှာ ရပ်ကွက် ၁ - ၁၀၉ ဦး၊ ရပ်ကွက် ၂- ၇၃ ဦး၊ ရပ်ကွက် ၃- ၁၄၉ ဦးနှင့် ရပ်ကွက် ၄- ၁၃၀ ဦးတို့ဖြစ်ကြသည်။

ယခုပထမအကြိမ်တွင် ဘုရားသုံးဆူမြို့နယ်ခွဲအတွက် GSM ဆင်းကဒ် ၂၀ဝ ခွဲတန်းရသည့်အနက် မြို့ပေါ် အစိုးရဝန်ထမ်းများအတွက် ဆင်းကဒ် ၈၀ နှင့် ရပ်ကွက် ၄ ခုအတွက် ၁၂၀ ကဒ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခွဲဝေပေးခြင်းဖြစ်သည်။

ယင်းဖုန်းကဒ်အား မိမိတရားဝင်ဖြစ်ရေးအတွက် ပတ်စပို့ဓါတ်ပုံ ၃ ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူတစ်စုံနှင့်အတူ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးရုံးတွင် စာချုပ်ချုပ်ဆိုကြမည်ဟု သိရသည်။

ဆင်းကဒ်မဲပေါက်သူတစ်ဦးက "ဆင်းကဒ်တစ်ကဒ်အတွက် ဘတ်တစ်ရာပေးရတယ်၊ တကယ်မှာတော့ ငွေ ၁၅၀ဝ ကျပ်က ဘတ် ၅၀ ပဲရှိတယ်၊ ဝန်ဆောင်ခလမ်းစရိတ်အတွက် ဘတ် ၅၀ ပေးရတဲ့သဘောပါ" ဟု ပြောသည်။

တယ်လီဖုန်း SIM Card တွင် တယ်လီဖုန်းခေါ်ဆိုခ ၃၀ဝ ကျပ်ပါရှိပြီး ယင်းငွေမကုန်မီ ဖုန်းကဒ်ရရှိသည့် နေ့မှ (၁၅)ရက်အတွင်း အနည်းဆုံး ၅၀ဝ၀ ကျပ်တန် ငွေဖြည့်ရမည်ဖြစ်သည်။

အကယ်၍ သတ်မှတ်ရက်အတွင်း ငွေမဖြည့်ပါက ယင်း Sim Card များ သက်တမ်းကုန်မည်ဖြစ်သော်လည်း ယခုအခါ သက်တမ်းတိုးပြန်လည်လျှောက်ထားနိုင် သည်ဟု မြန်မာ့ဆက်သွယ်ရေှးလုပ်ငန်းမှ သိရှိရသည်။

ယင်းကဲ့သို့ သက်တမ်းတိုးနိုင်ရန် ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တုတစ်စောင်နှင့်အတူ သတ်မှတ်ပုံစံအတိုင်း တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍လျှောက်ထားနိုင်သည်။

တန်ဖိုးနည်း ၁၅၀ဝ ကျပ်တန် CDMA 800 MHz ဆင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၃ ခုနှစ်၊ ဧပြီလတွင်၎င်း၊ GSM ဆင်းကဒ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်၎င်း တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတို့အား ခွဲတန်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ဘုရားသုံးဆူမြို့ပေါ်တွင် လက်ရှိ GSM တာဝါတိုင်တစ်တည်းသာရှိသည့်အတွက် ဖုန်းလိုင်းပိတ်ဆို့ပြတ် တောက်မှု မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ရှိ CP ကြက်အူချောင်း စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


8.2.21

စက်ရုံအတွင်းပိုင်းတွင် မီးလောင်ကျွမ်းနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက သြဂုတ် ၂ ရက် ည ၁၁ နာရီခန့်က ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

သြဂုတ် ၂ ရက် ည ၉ နာရီ ၄၅ မိနစ် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးတရုတ်ကြီးလမ်း အမှတ် ၂၇၉ ရှိ CP ကြက်အူချောင်း စက်ရုံအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ စက်ရုံအတွင်းရှိ ကုန်သိုလှောင်ရုံ အတွင်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီ ၄၅ မိနစ်ခန့်မှ စတင်လောင်ကျွမ်းခဲ့ကာ ည ၁၀ နာရီ ၃၄ မိနစ်တွင် မီးထိန်းထား နိုင်ခဲ့သည်။

ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါ မီးလောင်ရာ နေရာသို့ ရောက်ရှိကြီးကြပ်နေသည့် မီးသတ်အရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ''မီးလောင်ရတဲ့ အကြောင်းရင်းကို အသေအချာ မသိသေးပါဘူး။ ခုလက်ရှိ ငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်။ မီးငြှိမ်းသတ်နေတဲ့ မီးသတ်ရဲဘော်အချို့ မီးခိုးမွှန်တာတွေ ရှိပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ ရဲပုဒ်မနဲ့ပဲ ဆိုင်ပါတယ်'' ဟု သြဂုတ် ၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကြက်အူချောင်းစက်ရုံမှ ၀န်ထမ်းအမျိုးသား တစ်ဦးက ''ကျွန်တော်တို့က စက်ရုံရဲ့ ဟိုဘက်အခြမ်းမှာ အလုပ်ဆင်းနေတုန်း သိုလှောင်ရုံဘက်မှာ မီးလောင်နေတယ်ဆိုလို့ ၀ိုင်းငြှိမ်းကြတာပါ။ စက်ရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိသေးပါဘူး'' ဟု မီးလောင်မှုဖြစ်ပွား နေစဉ်အတွင်း ည ၁၁ နာရီခန့်က ဆိုသည်။

အဆိုပါ မီးလောင်မှုကို ငြိမ်းသတ်နေစဉ်အတွင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး မီးခိုးမွှန်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၏ ကုသမှုကို ခံယူနေရပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ လာရောက် ငြှိမ်းသတ်ခဲ့ပြီး သြဂုတ် ၃ ရက် နံနက် ၁ နာရီခန့်အထိ အဆိုပါ စက်ရုံအတွင်းပိုင်း လောင်ကျွမ်းနေမှုများကို ဆက်လက် ငြှိမ်းသတ်လျက် ရှိကြောင်း သိရသည်။

ခြံစည်းရိုးကာရာမှ ဖြစ်ပွားသည့် မင်းဓမ္မပန်းဝင်းပဋိပက္ခကြောင့် လူငါးဦးဒဏ်ရာရရှိ

ရန်ကုန်မြို့တော်ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများသည် မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ပန်းဝိုင်းအား ခြံစည်းရိုးကာခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ် ပန်းဝင်းနေထိုင်သောပန်းဥယျာဉ်နှင့်ပျိုးပင်လုပ်ငန်းရုင်များနှင့် အချင်းများမှုများဖြစ်ပွားခဲ့သည်။

 မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် တောင်ဝင်လမ်းထောင့်ရှိ မင်းဓမ္မပန်းဝင်းအား သြဂုတ်လ ၂ ရက်နေ့ မနက် (၂း၀၀) နာရီခန့်ကတည်းကပင် စည်ပင်ဝန်ထမ်းများသည် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြခြင်းပြီး မနက် (၇း၃၀) နာရီတွင်ဝန်းအတွင်းရှိ ပန်းပင်လုပ်ငန်းလုပ်ကိုင်သူများက ခြံစည်းရိုးမခတ်ရန် ပြောဆိုရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"သူတို့က မနက်၂နာရီလောက်ကတည်းက ရောက်လာပြီး ခြံစည်းရိုးတွေခတ်နေတာ။ ၀င်းထဲကလူတွေ အကုန်လုံးကလည်း အိပ်နေတော့ ဘယ်သူမှမသိကြဘူး။ တ၀န်းလုံးပိတ်ဆို့ပြီး မနက် ၅ နာရီလောက်မှ သိရတာပါ" ဟု ၀င်းအတွင်းနေထိုင်သော အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါပန်းဝင်းအား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ၎င်းတို့သတ်မှတ်ပေးထားသော မြေနေရာဖြစ်သည့် သာကေတ မြို့သို့ ဧပြီလမှစတင်ကာ ပြောင်းရွေ့ခိုင်းထားခြင်းဖြစ်ပြီး ယခုအချိန်ထိ မပြောင်းရွေ့သေးသောကြောင့် ထိုနေရာအား စည်ပင် အလုပ်သမားအင်အား ၁၅၀ ကျော်ခန့်နှင့် စည်ပင်ရဲများ၊ ပန်းဥယျာဉ်ဌာနမှ ဌာနမှူးဦးကိုကိုလင်းနှင့်ဝန်ထမ်းများက ခြံစည်းရိုးများ လာရောက်ကာရံရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ဒီမှာ ကျွန်မတို့အတွက် လမ်းပေါက်လေးတော့ ဖွင့်ပေးထားပေးပါဦးဆိုပြီး ကျွန်မတို့တွေက ၀င်းထိပ်မှာ ရပ်ပြီးတော့ မေတ္တာ ရပ်ခံတာပါ။ အဲဒါကို သူတို့ဘက်နေစပြီးတော့ ခဲတွေနဲ့ပစ်တယ် ၀ါးချွန်တွေနဲ့လည်းထိုးပြီး အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့လုပ်ဆောင် သွားတာပါ"ဟု နော်ဝတီပန်းဆိုင်မှ ဒေါ်နီဝါလွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပန်းဝင်းနေ ပြည်သူ ၅ ဦး ဒဏ်ရာရရှိပြီး လူငယ်တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့အား မြောက်ဥက္ကလာ ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

"အစ်မရဲ့ဆွဲကြိုးလည်း ပျောက်သွားတယ်၊ သူတို့ဘက်က ၀ါးလုံးချွန်နဲ့ လှမ်းရိုက်တဲ့အချိန်မှာ ကာလိုက်တာ လက်မှာလည်း ကွဲသွားတယ်၊ လက်စွပ်လည်း ပိန်သွားတယ်"ဟု တက်နေလင်း ပျိုးဥယျာဉ်မှ မတင်တင်လှက ပြောသည်။

မင်းဓမ္မပန်းဝင်းအား ပြောင်းရွှေ့ရန် လွန်ခဲ့သည့်တစ်လခွဲလောက်ခန့်ကပင် ထပ်မံပြောဆိုထားသော်လည်း ပန်းဝင်းအတွင်း ဆိုင်ရှင် ၄၀၀ ကျော်ခန့်က မပြောင်းရွေ့သေးသောကြောင့် လျှပ်စစ်မီးများ ၊ ရေများကို ဖြတ်တောက်ထားခဲ့ကြောင်း ပန်းဝင်း အတွင်း နေထိုင်သူများ ထံမှ သိရသည်။

"သူတို့ပြောင်းခိုင်းတဲ့နေရာနားက လျှပ်စစ်တာဝါတိုင်လည်းရှိတယ်။ မြေအောက်မှာ ဂတ်စ်ပိုက်လိုင်းတွေလည်း ရှိတယ်။ မြေနေရာကလည်း ဒီလောက် မကျယ်တော့ ဘယ်လိုစိုက်ပျိုးမလဲ။ သင့်တော်တဲ့နေရာမျိုးကိုပဲ ပြောင်းပေးစေချင်တာပါ" ဟု ပန်းဆိုင်ရှင်များက ပြောသည်။

၂၀၀၀ ခုနှစ်ကတည်းကပင် ဌာနမှထိုနေရာအား ချထားပေးခဲ့ပြီး သစ်ပင်စိုက်ပျိုးသူများကို ပန်းပင်များ လာရောက် စိုက်ပျိုး လုပ်ကိုင်စေခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပန်းပွဲတော်များ ထိုနေရာ၌ ကျင်းပခဲ့ပြီး ရန်ကုန်မြို့အတွက်လိုအပ်သည့် ပန်းပင်များကို ပန်းဝင်းမှ အဓိကရရှိနေခြင်းဖြစ်သည်။

"ဥပဒေမှာ လူတစ်ယောက်ဟာ သူ့ရဲ့ ခန္တာကိုယ်နဲ့ပစ္စည်းဥစ္စာကို အန္တရာယ်ပြုထိပါးလာပြီဆိုရင် သေသည်အထိ ခုခံကာကွယ် ပိုင်ခွင့်ရှိပါတယ်"ဟု ရှေ့နေများကွန်ရက်မှ ရှေ့နေဦးကြီးမြင့်ကပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ

အချိန်ပိုမဆင်း၍ အလုပ်ထုတ်ပါက လုပ်သားများမှ ပြန်၍ တရားစွဲဆိုနိုင်

လုပ်သားများအနေဖြင့် အချိန်ပိုဆင်းရန် ဆန္ဒမရှိပါက ဆင်းရန်မလိုကြောင်း၊ အချိန်ပိုမဆင်း၍ အလုပ်ထုတ်ပစ်ပါက အလုပ်ထုတ်သူအား ပြန်လည်၍ တရားစွဲဆိုနိုင်ကြောင်း နေပြည်တော် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဥပဒေအကြံပေး အရာရှိတစ်ဦးက ဆိုသည်။

 "အချိန်ပိုက မဆင်းချင်ရင် မဆင်းလို့ရတယ် ဘာမှကြောက်စရာမလိုဘူး အချိန်ပိုမဆင်းလို့ အလုပ်ကထုတ်ရင် ထုတ်တဲ့သူကို တရားဆွဲလို့ရတယ် ၊အနည်းဆုံး အခြေခံလစာကိုတော့ နောက် ၄/၅လလောက်နေရင် ထုတ်ပြန်ပေးမယ်လို့ လွှတ်တော်တွေက နေထုတ်ပြန်ပြီသားပါ"ဟု လူမှုဖူလုံရေးနှင့်အလုပ်သမားဝန်ကြီးဌာန နေပြည်တော် ဥပဒေအကြံပေး ဦးသက်နိုင်ဦးမှ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃)အတွင်းရှိ Opal 2 အထည်ချုပ်စက်ရုံလုပ်သားများအနေဖြင့် အခြေခံလစာနည်းပါးမှု အချိန်ပို ဆက်တိုက်ဆင်းနေရမှုများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိဖြစ်နေကြသည်ဟု စက်ရုံလုပ်သား များထံမှ သိရှိရသည်။

Opal 2 စက်ရုံလုပ်သားများအနေဖြင့် အခြေခံလစာတိုးမြှင့်ရရှိကာ၊ ပိတ်ရက်များကိုလည်း မှန်မှန်ပိတ်ပေးစေလိုခြင်းဖြစ်သည်ဟု စက်ရုံ လုပ်သားတစ်ဦးက ယခုကဲ့သို့ဆိုသည်။

"ကျွန်တော်တို့ကို အခြေခံလစာနည်းနည်းပဲပေးထားပြီး အချိန်ပို(Over time)တွေ ဆင်းခိုင်းတယ်။ ဇူလိုင်လထဲမှာ ဆိုရင် အာဇာနည်နေ့နဲ့ တနင်္ဂနွေနေ့ နှစ်ရက်ပဲ ပိတ်ရက်ရှိသေးတယ်။ ပြီခဲ့တဲ့လတွေကဆို အချိန်ပို (All night) ကို တစ်ရက် ခြား ခေါ်တာတွေ ရှိခဲ့တယ်၊ " ဟု Opal 2 အထည်ချုပ် စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါစက်ရုံမှ လုပ်သက်ရင့် လုပ်သားတစ်ဦးမှလည်း အချိန်ဆင်းခိုင်းမှုနှင့် အခြေခံလစာနည်းပါးမှုများအား မလိုလားဟု ယခုကဲ့သို့ပြောကြားသည်။

"ကျွန်တော်ဆိုရင် ဒီစက်ရုံမှာ လုပ်လာတာ ရှစ် နှစ်ကျော်ပြီ ခုမှ အခြေခံလစာက ၃၀၈၀၀ ကျပ် ပဲရသေးတယ်။ ရက်မှန်ကြေး ၊အချိန်ပိုကြေး၊ ထောက်ပံကြေးတွေပေါင်းမှ လစာကလောက်တယ်။ ဖြစ်စေချင်တာက အခြေခံလစာကို တိုးပေးပြီး ပိတ်ရက်ဆိုလည်း မှန်မှန်ပိတ်စေချင်တယ်။ ခုက အလုပ်အရေးကြီးရင် လက်မှတ်လိုက်ထိုးခိုင်းပြီး အချိန်ပိုမဆင်းချင်လည်း ဆင်းရတယ်" ဟု Opal 2 စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

Opal 2 စက်ရုံမန်နေဂျာမှ စက်ရုံလုပ်သာများအား အတင်းအကြပ် အချိန်ပိုဆင်းခိုင်းလေ့မရှိကြောင်း ငြင်းဆိုထားသည်။

"ကျွန်မတို့အနေနဲ့ အတင်အကျပ်ဆင်းခိုင်းတာမျိုးမရှိပါဘူး ဆန္ဒရှိမှသာ ဆင်းခိုင်းတာပါ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုခေါ်ရင် ၈ မိုင်ကရုံးက ခွင့်ပြုချက်ရမှ အချိန်ပိုခေါ်တာပါ"ဟု Opal 2 စက်ရုံ မန်နေဂျာဒေါ်အုံးသန်းကပြောသည်။

လွန်ခဲ့သောတစ်လကျော်ခန့်က လှိုင်သာယာစက်မှုဇုန်(၃)၊ အဆင့်မြင့်မှတ်တိုင်အနီးရှိ (ဆာကူရာ)စက်ရုံနှင့် သုံးထပ်ကြီး စက်ရုံများ၌ အခြေခံလစာနည်းပါးသဖြင့် စက်ရုံလုပ်သားများမှ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပေါ်ခဲ့ပြီး စက်ရုံများက လစာတိုးပေးခဲ့သဖြင့် အလုပ်ရှင်အလုပ်သမားပြေလည်မှုရရှိခဲ့သည်။

ထိုကဲ့သို့ အခြားစက်ရုံများစက်ရုံလုပ်သားများ ဆနပြမှုဖြစ်ပေါ်နေစဉ်အတွင်းက Opal 2 စက်ရုံမှ နေ့ကြေး ၁၀၀ တိုးပေးခဲ့ သည်ဟု သိရသည်။