Monday, August 5, 2013

ထိုင်းအမျိုးသားများ ဝိုင်းရိုက်နှက်မှုကြောင့် ဗမာလူငယ်တစ်ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင် ခရုံဖု ရပ်ကွက်တွင်ရှိသော ထိုင်းလူစီ ငါးသေတ္တာစက်ရုံမှ လွန်ခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့က ထိုင်းအမျိုးသား ၃ ဦး၏ ဝိုင်းရိုက်နှက်မှုကြောင့် ဗမာလူငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ၏ အမည်မှာ မောင်အာကာစိုး (အသက် ၁၉ နှစ်) ဖြစ်ပြီး Thai United လမ်းရှိ ခုန်ဖူးလမ်း တန်းလျားတွင် နေထိုင်ကြောင်း၊ သူ၏ ဇာတိမှာ တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ ခန္တီရွာမှ အဘ ဦးချစ်စု (ကွယ်လွန်)နှင့် အမေ ဒေါ်အေးမိုးတို့၏ သားဖြစ်ကြောင်း ဦးလေး ၀မ်းကွဲတော်စပ်သူ ဦးဇော်ဝင်းက ပြောသည်။

သူအသတ်မခံရမီ ၅ ရက်ခန့်က စက်ရုံတွင် အတူလုပ်နေထိုင်သော ထိုင်းအဘွားကြီးနဲ့ စကားအပြန်အလှန်များခဲ့သောကြောင့် ထိုင်းအဘွားကြီး၏ သားဖြစ်သူမှ လူငှါးကာ လုပ်ကြံခိုင်းခြင်းဖြစ်နိုင်ကြောင်းကို ဦးဇော်ဝင်းက ယခုလိုပြောသည်။

" သူအသတ်မခံရခင် ၅ ရက်အလိုလောက်က စက်ရုံထဲတွင် အတူတူလုပ်နေတဲ့ ထိုင်းအဘွားကြီး တစ်ယောက်နဲ့ အပြန်အလှန်စကားများကြတယ်။ အဲဒါနဲ့ ထိုင်းအဘွားကြီးက အဲဒီစက်ရုံမှာ လုပ်နေတဲ့ သူ့သားကို သွားတိုင်တယ်။ သူ့သားက ကောင်လေးကို သုံးကြိမ်လောက် မကျေနပ်တဲ့ မျက်လုံးနဲ့ လာပြီးကြည့်သွားတယ်။ ကောင်လေးကလည်း သတိတော့ ရှိတာပေါ့။ ဒီလောက်စကားများတာလောက်နဲ့ ဒီလိုဖြစ်မယ်လို့ မတွေးမိဘူးပေါ့။ ကောင်လေးက အသက်ကလည်း ငယ်တယ်။ အရပ်ကလည်း တိုတယ်လေ။ သူနဲ့အတူလုပ်နေတဲ့ သူငယ်ချင်းတွေက ပြောတယ်။ အသတ်ခံရတဲ့နေ့က ကောင်လေးက နေ့ဆိုင်းဆိုတော့ မနက်အစောကြီး ၅ နာရီခွဲလောက် စက်ရုံကိုသွားတာ စက်ရုံကိုမရောက်ခင် ကိုက် ၁၀၀ လောက်မှာ ထိုင်းအမျိုးသား ၃ ယောက်က စောင့်နေတယ်လို့ ပြောတယ်။ ကောင်းလေးရဲ့ သူငယ်ချင်းတွေက ရှေ့ကသွားနေတယ်လို့ ပြောပါတယ်။ အဲဒီထိုင်းအမျိုးသားတွေက အရပ်ရှည်တဲ့သူတွေဆိုရင် ဘာမှမပြောဘူး။ အရပ်ပုတဲ့ သူတွေကိုကျတော့ လက်သီးနဲ့ထိုးတယ်။ ကောင်လေးရဲ့ ရှေ့ကသွားတဲ့ အရပ်ပုတဲ့ ကောင်လေးနှစ်ယောက်လည်း အထိုးခံရတယ်လို့ ပြောတယ်။ စက်ရုံကပေးထားတဲ့ ကဒ်နံပါတ်တွေကိုလိုက်ကြည့်တယ်။ ကျွန်တော်ထင်တာက ထိုင်းအဘွားကြီးသားက သူတို့ကို ပြောထားမယ်ထင်တယ်။ ကောင်လေးရဲ့ ကဒ်နံပါတ်က ဘယ်လောက်ဆိုပြီး တော့ပေါ့။ အရပ်က ဘယ်လိုနေတယ်ဆိုပြီး ပြောထားတဲ့ ပုံပေါ်နေတယ်။ ထိုင်းအဘွားကြီးရဲ့သားက အဲဒီ ၃ ယောက်ကို သတ်ခိုင်းတယ်လို့ ထင်တယ်။ " ဟု ပြောသည်။

မောင်အာကာစိုး သေဆုံးချိန်တွင် ညာဖက်ရင်အုံတွင် ဓါးဒဏ်ရာ ၆ ချက်၊ ရင်ညွန့်အောက်တွင် ၂ ချက် ဖြစ်ကြောင်း သိရပြီး သူသေဆုံးကြောင်းကို အခင်းဖြစ်ပွားရာအနီးတွင် ဈေးရောင်းနေသော ထိုင်းတစ်ယောက်ကလည်း မောင်အာကာစိုး အသတ်ခံရပုံကို သူ့ကို ယခုလိုပြောကြောင်း ဦးဇော်ဝင်းမှ ပြောသည်။

" ကျွန်တော်တို့ ကြားတာကတော့ ထိုင်းလူစီလမ်းမှာ ဓါးထိုးမှုဖြစ်လို့ ဗမာကောင်လေး တစ်ယောက် သေသွားတယ်လို့ ကြားတယ်။ ကျွန်တော့်တူမှန်းတော့ မသိသေးပါဘူး။ ကျွန်တော်တို့ သိရတာက ည ၅ နာရီခွဲလောက်မှ သူ့သူငယ်ချင်းတွေက အာကာစိုးတစ်ယောက် အလုပ်မဆင်းဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်နဲ့ သူ့ဦးလေးအရင်းနဲ့ ညနေ ၆ နာရီလောက် အဲဒီနေရာကို သွားကြည့်ကြတယ်။ အဲဒီကိုရောက်တော့ အဲဒီနားမှာ ဈေးရောင်းနေတဲ့ ထိုင်းတယောက်က ဗမာကောင်လေးတယောက် ထီးလေးဆောင်းပြီးတော့ လာတယ်။ ထိုင်းယောက်ျားတယောက်က သူ့ကိုထိုးတယ်။ ကောင်လေးက ထွက်ပြေးတယ်။ ကျန်တဲ့နှစ်ယောက်က ကောင်လေးနောက်က လိုက်ပြီးတော့ ကန်တယ်။ ပြီးတော့ သူ့မှာ ပါလာတဲ့ ဆွဲကဒ်ကို လုပြီးပြေးတယ်။ ကျန်တဲ့တစ်ယောက်က ဓါးနဲ့ လေးငါးခြောက်ချက်လောက် ထိုးသေးတယ်။ သေသွားတယ်လို့တော့ ထင်တာပဲလို့ ပြောပါတယ်။ သူက မဟာချိုင် ပုလိပ်ရုံးမှာ သွားပြီးစုံစမ်းလို့ ပြောလိုက်ပါတယ်။ ထိုင်း taxi သမားတစ်ယောက်လည်း အဲလိုပြောပါတယ်။ " ဟု ပြောသည်။

သေဆုံးသူ မောင်အာကာစိုး အလောင်းမှာ ဘန်ကောက်ဆေးရုံသို့ ရောက်သွားခဲ့ပြီး ပုလိပ်ရုံးတွင် သူ၏ပတ်စ်ပို့ မိတ္တူဖြင့် သေဆုံးကြောင်း အတည်ပြုချက်ကို စစ်ဆေးချက်ယူပြီး အလောင်းအား သြဂုတ်လ ၁ ရက်နေ့ ညနေ ၂ နာရီကျော်တွင် ဦးလေးဖြစ်သူက သွားရောက် ယူဆောင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

" အလောင်းက ဘန်ကောက်ကို ဘယ်လိုရောက်သွားသလဲဆိုတော့ ကျွန်တော်တို့လည်း မသိပါဘူး။ အလောင်းက သြဂုတ် ၁ ရက်နေ့ ညနေ ၂ နာရီကျော်မှ ရောက်ပါတယ်။ သူ့ဦးလေးရယ်၊ ကျွန်တော်ရယ်၊ သူ့စက်ရုံက မန်နေဂျာရယ် သွားပြီး ယူကြတာပါ။ သူဌေးကတော့ လျော်ကြေးဘယ်လောက် ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မန်နေဂျာပြောတာကတော့ ဒီလိုအသတ်ခံရရင် ထိုင်းလူမျိုးဆိုရင် ဘတ် ၅ သောင်း၊ မြန်မာဆိုရင်တော့ ဘယ်လောက် ရမယ်ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။ ကျွန်တော် ကြားဖူးတာကတော့ ဒီလိုမျိုးအသတ်ခံရင် လျော်ကြေးအဖြစ် ဘတ် ၃ သိန်း ရမယ်လို့ စက်ရုံတွေမှာ ကြေညာထားတယ်လို့ ကြားဖူးပါတယ်။ " ဟု ပြောသည်။

သေဆုံးသူ မောင်အာကာစိုးကို ယနေ့ ညနေ ၅ နာရီ မဟာချိုင် ဝပ်ဟော် သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး သူဌေးက လောလောဆယ် ကုန်ကျစရိတ်များကို ကျခံပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မကြာခဏဆိုသလို မြန်မာနိုင်ငံသားများ အသတ်ခံရလေ့ရှိနေပြီး ထိုင်းနိုင်ငံတွင်ရှိသော မြန်မာသံရုံးများအနေဖြင့် လာရောက်စစ်ဆေးမေးမြန်း၍ နောင်ယခုလိုမဖြစ်ရအောင် အရေးယူပေးလျှင် အဆင်ပြေနိုင်ကြောင်း ကိုဇော်ဝင်းမှ ဆက်ပြောသည်။

" အရင်ကလည်း ကျွန်တော်တို့ နေတဲ့နေရာမှာ ဒီလိုမျိုး ထိုင်းလူမျိုးတွေ သတ်လို့သေတဲ့ မြန်မာတွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်။ ဒီလိုမျိုးလုပ်နေတာတွေက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို အနိုင်ကျင့်သလို ဖြစ်နေတဲ့အတွက် စိတ်မှာ အရမ်းခံရခက်တယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေကိုလည်း ကျွန်တော်တို့ ရွေ့ပြောင်းအလုပ်သမားတွေအတွက် ကိုယ့်လူမျိုးတွေ အနိုင်ကျင့်ခံနေရတာတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ ဘယ်လို အရေးယူပေးစေချင်လဲဆိုတော့ အဲဒီလို ဖြစ်တဲ့စက်ရုံကို လာပြီးစုံစမ်းမေးမြန်းမယ်။ ကျွန်တော်တို့ ပြောတဲ့ အချက်အလက်တွေက မှန်သလား၊ မှားသလား၊ ဟုတ်လား မဟုတ်ဘူးလားပေါ့။ ဒီမှာ လုပ်နေကြတဲ့ စကားပြန်တွေက မြန်မာတွေ အများကြီးရှိတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးတော့ နောက်ဒီလို မဖြစ်ရအောင် လုပ်ရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ " ဟု ပြောသည်။

ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ်လုပ်နေသော မြန်မာရွေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိကြောင်း ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ ပြောပြချက်အရ သိရသည်။

by မြတ်နိုးခင်

အာရ်ကန်တိုင်းမ်စ်

တော်ဝင်ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

တောင်ငူ၊ သြဂုတ် ၃

တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၉၂/၃ နှင့် ၁၉၂/၄ ကြားတွင် သြဂုတ် ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ နေပြည်တော်-တောင်ငူ ပြေးဆွဲသည့် တော်ဝင်ခရီးသည်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ အသက် ၃၈ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

သြဂုတ်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က တောင်ငူမှ နေပြည်တော်သို့ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ယာဉ်မောင်း ဦးအောင်ထွန်းလေး မောင်းနှင်လာသော တော်ဝင် ခရီးသည်တင်ယာဉ်နှင့် မြောက်မှတောင်သို့ မောင်းနှင်လာသော ဆိုင်ကယ်တို့သည် လမ်းအလယ်ယာဉ်ကြောကို လုရာမှ တိုက်မိခြင်း ဖြစ်ကြောင်း ရေတာရှည် မြို့မရဲစခန်း၏ ကနဦး တိုင်တန်းချက်များအရ စုံစမ်းသိရှိရသည်။

ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ ဦးမောင်တူး ရေတာရှည်မြို့နေသူသည် ရင်ဘက်ညိုမည်း ဒဏ်ရာနှစ်ချက်၊ နဖူးပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ယာခါးကျိုးဒဏ်ရာနှင့် နဖူး ပေါက်ကွဲ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဦးဝင်းနိုင် ရေတာရှည်မြို့နယ်နေသူသည် ယာဒူးအက်ကွဲဒဏ်ရာ၊ နဖူး ပေါက်ပြဲဒဏ်ရာ များဖြင့် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့ မစိုးရိမ်ရ/အတွင်းလူနာအဖြစ် တင်ပို့ပေးခဲ့ရကြောင်း ရေတာရှည် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဆိုင်ကယ်နဲ့ ခရီးသည်တင်ကားက လမ်းအတော်ရှင်းနေချိန်မှာ တိုက်မိတာ။ ဝုန်းခနဲပဲ အသံကြားလိုက်တယ်။ ဆိုင်ကယ်မောင်းတဲ့သူက ပွဲချင်းပြီးပဲ။ နောက်က လူကလည်း သွေးအိုင်ထဲမှာ ဒဏ်ရာတော်တော် ပြင်းတဲ့ပုံပါပဲ" ဟု အဆိုပါ ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိသူ ရေတာရှည်မြို့နေ ဦးလရောင် (ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်) က ပြောကြားသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ပျဉ်းမနားမြို့နေသူ ဦးအောင်ထွန်းလေးကို ရေတာရှည်မြို့မရဲစခန်းက ယာဉ်(ပ) ၁၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဇေယျာကို (တောင်ငူ)

The Voice Weekly

မလေးရှား ဆလာရန်း ဈေးအနီး တွင် မြန်မာနိုင်ငံသား တစ်ဦး အသတ်ခံရ

၃.၈.၂၀၁၃ ည ၁၁ နာရီခွဲခန့် တွင် ဆလာရန်း ဈေးကြီး ပလက်ဖောင်းအနီး မြန်မာနိုင်ငံသားတစ်ဦး ဓားဒဏ်ရာများစွာဖြင့် သေဆုံးကြောင်း ဘနားမား သတင်းဌာနမှ တင်ဆက်သွားခဲ့သည်။

Sentu ရဲမှုး Zakaria Pagan မှ ပြောကြားရာတွင် သေဆုံးသူအား စစ်ဆေးချက်အရ သေဆုံးသူတွင်မည်သည့် စာရွက်စာတမ်းမှ မတွေ့ရှိကြောင်း ည ၁၁ နာရီခွဲခန့်တွင် အလောင်းအား တွေ့ရှိခြင်းဖြစ်ကြောင်း ။

အဝတ်အစား အပြည့်အစုံဝတ်ထားပြီး အဝတ်အစားများတွင် သွေးများဖြင့် ပြည့်နေကြောင်း ။

တွေ့ရှိချက်အရ သတ်ဖြတ်ခံရသော လက်နှက်အနေဖြင့် တစ်ခုမှ ရှာဖွေမတွေ့ရကြောင်း ယခင်ကတည်းက ပစ်မှုရှိခဲ့ဘူးသူ ဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှု ဖြစ်ကြောင်း ။

အလောင်းအား ကွာလာလမ်ပူ ဆေးရုံသို့ပို့ဆောင်ထားပြီး ရင်ခွဲရုံမှ စစ်ဆေးချက်ကို စောင့်နေကြောင်း နှင့် ပုဒ်မ ၃၀၂ လူသတ်မှု့ဖြင့်အမှု့ဖွင့် ဆောင်ရွက်လျှက်ရှိကြောင်းကို Banama သတင်းဌာန နှင့် my Metro တို့မှ မလေးဘာသာဖြင့် တင်ဆက်ထား ခဲ့ပါသည်။

Sanwin Arakan

ဂျာကာတာမြို့ ဗုဒ္ဓဘုရားဝိုင်းမှာ ဗုံးပေါက် တစ်ဦးဒဏ်ရာရ

ဂျာကာတာမြို့ ​အဂ္ဂယာန ​ဗုဒ္ဓဘာသာ ​ဘုရားဝိုင်းမှာ ​တနင်္ဂနွေညက ​အသေးစား ​ဗုံးတစ်လုံး ​ပေါက်ကွဲခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီဗုံးဟာ ​ဘုရားအတွင်းက ​မှန်တွေနဲ့ ​ပြုလုပ်ထားတဲ့ ​တံခါးနားမှာ ​ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ​ပျက်စီးမှု ​အနည်းငယ်သာ ​ဖြစ်ခဲ့ပြီး ​နောက်ဗုံးတစ်လုံးကတော့ ​အခိုးငွေ့လောက်သာ ​ထွက်လာပြီး ​ပေါက်ကွဲတဲ့ ​အဆင့်ထိ ​မရောက်ခဲ့ဘူးလို့ ​အေအက်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ ​ဗုံးကျွမ်းကျင်သူ ​ရဲတပ်ဖွဲ့တွေနဲ့ ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေး ​ရဲတပ်ဖွဲ့တွေပါ ​ရောက်ရှိပြီး ​စုံစမ်းမှုတွေ ​လုပ်ခဲ့ပါတယ်။

အဂ္ဂယာန ​ဘုရားဟာ ​ဂျာကာတာမြို့က ​အကြီးဆုံး ​ဘုရားဝင်းတစ်ခုဖြစ်ပြီး ​ဒီလို ​ဘုရားဝိုင်း ​တိုက်ခိုက်ခံရမှုကြောင့် ​ဘာသာရေး ​အဓိကရုန်း ​ဖြစ်မှာကို ​စိုးရိမ်ရတယ်လို့ ​အင်ဒိုနီးရှားရဲတွေက ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​အစ္စလာမ်ဘာသာကိုးကွယ်သူ ​ရိုဟင်ဂျာတွေ ​နှိပ်ကွပ်ခံနေရတဲ့အပေါ် ​ကမ္ဘာ့မွတ်စလင်လူဦးရေ ​အများဆုံးရှိတဲ့ ​အင်ဒိုနီးရှားနိုင်ငံသားတွေ ​အမျက်ဒေါသထွက်နေပြီး ​ပြီးခဲ့တဲ့ ​မေလကပဲ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​အစ္စလာမ်အစွန်းရောက်သူတွေကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ​ဒီတကြိမ်ဗုဒ္ဓဘုရားကျောင်းဝိုင်း ​ဗုံးဖောက်ခွဲခဲ့တာ ​ဘယ်သူ့လက်ချက်ဖြစ်နိုင်တယ်ဆိုတာကို ​ဘုရားဝိုင်းတွင်းက ​တာဝန်ရှိပုဂ္ဂိုလ်တွေရော ​အင်ဒိုနီးရှားရဲတွေကပါ ​ထင်ကြေးမပေးခဲ့ဘူးလို့ ​သိရပါတယ်။ 

ABC Radio Australia

အာဖဂန် နဲ့ ပါကစ္စတန် မှာ ရေကြီး

အာဖဂန် နစ္စတန် အရှေ့ပိုင်း နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ရက်တွေနဲ့ ချီပြီး မိုးကြီး ခဲ့လို့ ရေဘေး ကြုံနေရာမှာ သေဆုံးသူ အနည်းဆုံး လူ ၈ဝ ရှိသွားပြီ ဖြစ်ပါတယ်။

ကဘူး မြို့ အရှေ့ဘက်က ဝေးလံခေါင်ဖျားတဲ့ Surobi တောင်ပေါ် ခရိုင် မှာ လူ ၃ဝ ကျော် သေဆုံးကြောင်း အာဖဂန် အာဏာပိုင် တွေက ပြောပါတယ်။

လူရာနဲ့ချီ ရွှေ့ပြောင်း ခဲ့ရပြီး လူပေါင်း များစွာ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

ပါကစ္စတန် နယ်စပ် ကိုင်ဘာ တောင်ကြား ဒေသမှာ တောင်ကျရေတွေ လျှံလို့ လူတွေ အိမ်တွေ မျောပါ သွားပါတယ်။

ပါကစ္စတန် တောင်ပိုင်း ကရာချိ မြို့မှာတော့ ဓာတ်လိုက်တာ၊ အိမ်အမိုး ပြိုတာ တွေကြောင့် လူ ၁၉ ဦး သေဆုံး ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပါကစ္စတန်တွင် မိုးသည်းထန်ပြီး ရေကြီးမှုများကြောင့် လူ ၇၀ ခန့် သေဆုံး

ပါကစ္စတန် နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ(၇၀)မျှ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပါကစ္စတန်၏ မုတ်သုံရာသီဥတု တစ်ကျော့ပြန် အစပြုချိန်တွင် ပန်ဂျပ်၊ ဆင်း၊ ခိုင်ဘာပက်တွန်ဝါ၊ ဘာလိုချီစတန်နှင့် အာဇက်ခါရှမီ ဒေသများတွင် ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက် များပြားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ အများစုသည် ရေလွတ်ရာ ကုန်းပြင်မြင့်များသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရသည်။

ရေလွှမ်းမိုးမှု ကြီးကြီးမားမား ဖြစ်ပေါ်နေသော ကရာချိတွင် စနေနေ့က လူ(၁၄)ဦးထက်မနည်း သေဆုံးခဲ့သည်။ အဆိုပါ ဆိပ်ကမ်းမြို့တွင် လမ်းများနှင့် တံတားများလည်း ပျက်စီးကုန်ကြောင်း အစိုးရ အရာရှိများက ဆိုသည်။ မိုးသည်းထန်မှုနှင့်အတူ လေပြင်းမုန်တိုင်းများလည်း တိုက်ခတ်ရာ ကရာချိတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ကုန်သည်။ ခိုင်ဘာပတ်တွန်ဝါတွင် အသေအပျောက်စာရင်း (၁၃)ဦး ရရှိထားပြီး ကလေး(၅)ဦး ပါဝင်ကြောင်း သိရသည်။ ကူချေးကလေး ဒေသတွင် အိမ်တစ်လုံး အမိုးပြိုကျရာ (၄)ဦးသေဆုံးပြီး (၁)ဦးကို ဆေးရုံ တင်ပို့ခဲ့ရသည်။

ဘက်ဂ်ခရိုင်တွင် လမ်းပေါ်မောင်းနေသော ကားများ ရေမျောသွားရာမှ လူ(၃)ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဘာလိုချီစတန်ရှိ ဂျာဟဲလ်မက်ဆီ ဒေသတွင် အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားရပြီး မြစ်ရေတား တမံများ ကျိုးပျက်ကုန်ပြီ ဖြစ်သည်။ လက်ရှိတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ရာသီဥတု ဆိုးရွားလွန်းသဖြင့် ခရီးမတွင်ချေ။ ကယ်ဆယ်ရေးများသည် ရော်ဘာလှေများကို အသုံးပြုကာ ရေဘေးကြုံနေသူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် ဦးစားပေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

Planet Myanmar Network

ဘုရင့်နောင် ခုံးကျော်တံတားတွင် ယာဉ်တိမ်းမှောက်

ရန်ကုန်၊ သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်၊ ဘုရင့်နောင်တံတား စီမံကိန်းအမှတ် (ဏ-၇) အနီးတွင် သြဂုတ်လ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အင်းစိန်မြို့နယ်မြို့သစ် (၈) ရပ်ကွက်နေ ဦးဂျိုးဇက် (၃၈ နှစ်) မောင်းနှင်လာသော မော်တော်ယာဉ် (ပါဂျဲရိုး) သည် လှိုင်သာယာ တံတားဘက်မှ သမိုင်းလမ်းဆုံဘက်သို့ ဦးတည် မောင်းနှင်လာပြီး ဘုရင့်နောင်လမ်းဆုံ အရောက် ဘယ်ဘက်သို့ အရှိန်ဖြင့် ချိုးအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ဘုရင့်နောင်တံတား စီမံကိန်းအမှတ် (ဏ-၇) ကွန်ကရစ်တိုင် အောက်ခြေနှင့် အကာအရံ ငြမ်းများကို ဝင်တိုက်မိ၍ တိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းမှာ အဆိုပါ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ၅၂ လမ်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးသို့ မေးမြန်းခဲ့သော်လည်း ရုံးပိတ်ရက် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ယာဉ်မှုစစ်သို့ မေးမြန်းရန် ဖြေကြားခဲ့ပြီး ယာဉ်မှုစစ် ယာဉ်ထိန်းရဲ အရာရှိကမူ ၅၂ လမ်းရုံး၌သာ ဖြေကြားရန် တာဝန်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး ယာဉ်တိုက်မှုကို ယာဉ်(ပ) ၂၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဘုရင့်နောင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

ဆူးလေတွင် တစ်ကိုယ်တော် ဆန္ဒပြမှု ထပ်ဖြစ်

သြဂုတ်လ ၃ ရက်နေ့က ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား များအား ၈.၈.၂၀၁၃ ရက်မှာ ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး တကိုယ်တော် အစာငတ်ခံ ဆန္ဒပြခဲ့စဉ် သက်ဆိုင်ရာမှ ခေါ်ဆောင်သွားသော ရန်အောင်မြေ ကျောင်းတိုက်မှ နာယကဆရာတော် ဘဒ္ဒန္တ ရက္ခ၀ံသ အား ထောက်ခံသည့်အနေဖြင့် ယခင်က လက်ပံတောင်း အရေးတွင် အကျဉ်းကျခံရဖူးသူ ကိုရာဇာ ခေါ် ထွန်းလင်းဦး မှ ယနေ့ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆူးလေဘုရား အနီးရှိ မြို့တော်ခန်းမရှေ့တွင်တစ်ကိုယ်တော် ဆန္ဒပြစဉ်။ (ဓါတ်ပုံ- ဟောင်ဆာ)
ငါးမိနစ်ခန့် ဆန္ဒပြပြီး သက်ဆိုင်ရာမှ ကျောက်တံတား ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ဆန္ဒပြသူ ကိုရာဇာ ခေါ် ထွန်းလင်းဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

လုံခြုံရေးအတွက် အမေရိကန်သံရုံးတချို့ ဆက်ပိတ်ထားမည်

အစ္စရေး Tel Aviv မြို့တော်က အမေရိကန်သံရုံး။ (သြဂုတ်လ ၄ ရက်၊ ၂၀၁၃)။
အစ္စရေး Tel Aviv မြို့တော်က အမေရိကန်သံရုံး။ (သြဂုတ်လ ၄ ရက်၊ ၂၀၁၃)အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာရှိတဲ့ သံတမန်ဌာန အတော်များများကို အခုသီတင်းပတ် တပတ်လုံးအတွက် ပိတ်ထားမယ်လို့ အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးပေါင်း ၂၀ ကျော်ကို လုံခြုံရေး စိုးရိမ်တဲ့အတွက် တနင်္ဂနွေနေ့မှာ ပိတ်ထားခဲ့တာဖြစ်ပါတယ်။
 
နောက်ထပ်သံရုံးတချို့ကိုပါ ထပ်ပိတ်ကြောင်း တနင်္ဂနွေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒက်ကာ (Dhaka)၊ ဘက်ဂဒက် (Baghdad) နဲ့ ကဘူလ်း (Kabul) အပါအဝင်  တချို့နိုင်ငံတွေက သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ကိုတော့ တနင်္လာနေ့မှာ ပုံမှန်အတိုင်း ပြန်ဖွင့်မှာဖြစ်ပါတယ်။
 
အခုလို သံရုံးတချို့ကို ထပ်ပိတ်လိုက်တာဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအသစ်တွေ ထပ်ရတဲ့အတွက်ကြောင့်မဟုတ်ဘဲ အမေရိကန် အရာရှိတွေ အနေနဲ့ လုံခြုံရေးဆိုင်ရာ သတိထားဖို့ လေ့ကျင့်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
 
အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုရှိ လာနိုင်ကြောင်း အမေရိကန် အရာရှိတွေရဲ့ သတိပေးချက် ထွက်လာခဲ့ပြီးတဲ့နောက် ရက်သိပ်မကြာခင်မှာပဲ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို တနင်္ဂနွေနေ့က ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။
 
အမေရိကန် သံတမန်ဌာန ၂၀ ကျော်ထဲက အများစုဟာ အီရတ်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံအပါအဝင် မူဆလင်နိုင်ငံတွေကဖြစ်ပြီး ဒီနိုင်ငံတွေမှာ တနင်္ဂနွေနေ့ဟာ ပုံမှန်အလုပ်လုပ်ရက် ဖြစ်ပါတယ်။ အီရတ်နိုင်ငံ ဘက်ဂဒက်က အမေရိကန် သံရုံးကတော့ တနင်္လာနေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။

မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှု တစ်နှစ်လျှင် သုံးသိန်းရှစ်သောင်းကျော်အထိ ရှိလာ

မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှုသည် တစ်နှစ်လျှင် ဦးရေသုံးသိန်းရှစ်သောင်းကျော်အထိ ရောက်ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

သြဂုတ် ၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ပခရီးစဉ် ၀န်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ၌ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တစ်ရက်တစ်ရက်ကို ပြည်ပကို ထွက်နေတာက ၂၀၁၁ ကဆို ၉၀၀ ကျော်လောက် ရှိတယ်။ ၂၀၁၂ မှာဆို ၁၀၀၀ လောက် ရှိတယ်။ ဒါနေ့စဉ် သွားနေတာပေါ့။ total ပြောရင်တော့ တစ်နှစ်ကို သုံးသိန်းရှစ်သောင်း ရှိတာပေါ့။ လေဆိပ်က ထွက်တာနဲ့ ကြည့်လိုက်ရင် inbound (ပြည်ဝင်ခရီးစဉ်)နဲ့ outbound (ပြည်ပခရီးစဉ်)သည် သိပ်မကွာပါဘူး။ မတိမ်းမယိမ်းလောက်ထိ ရှိလာပါတယ်" ဟု ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှုသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် စတင်တွင်ကျယ်လာပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း၌ ထွက်ခွာမှု ပိုများလာခဲ့သည်။

မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးစဉ်ထွက်ခွာမှုတွင် သွားရောက်မှု အများဆုံးနိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်-မကာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဂျပန်တို့ ဖြစ်သည်။

ယင်းသို့ မြန်မာလူမျိုးများ ပြည်ပခရီးစဉ် သွားရောက်မှု များပြားလာသည်နှင့်အမျှ လေကြောင်းလိုင်းများမှ ခရီးစဉ်ဒေသသစ်များ တိုးချဲ့ရေး၊ ခရီးစဉ် ဒေသများအကြောင်း ဖလှယ်၍ ဈေးကွက်မြှင့်တင်ခြင်း၊ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများအတွက် သင်တန်းများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားရာတွင် ကြုံတွေ့ရသည့် အခက်အခဲ အချို့အား ကူညီခြင်း စသည်တို့ လိုအပ်လာမည် ဖြစ်သည် . . . . .

မြန်မာခရီးသွားများ ပြည်ပသို့ ခရီးထွက်ခွာရာတွင် အလည်အပတ် အားလပ်ရက် အပန်းဖြေခြင်း၊ ဟန်းနီးမွန်း ခရီးစဉ်၊ ဈေးဝယ်ခြင်း၊ စွန့်စားခရီးသွားခြင်း၊ ကျန်းမာရေးကုသ စစ်ဆေးမှုခံယူခြင်း၊ ပညာရေး၊ စီးပွားရေးနှင့် အခြားရည်ရွယ်ချက်များနှင့် သွားရောက်ခြင်း ဖြစ်သည်ဟု Ayarwaddy Legend ခရီးသွားကုမ္ပဏီမှ ဒါရိုက်တာဦးဘုန်းပိုင်ဦးက ပြောကြားသည်။

"ခရီးသွားရာမှာ လေကြောင်း၊ နယ်စပ်ကနေ ကုန်းကြောင်းလမ်းတို့နဲ့ သွားကြပါတယ်" ဟု ဦးဘုန်းပိုင်ဦးက ဆိုသည်။

လေကြောင်းခရီးဖြင့် ရန်ကုန်၊ မန္တလေးတို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ သွားလာကြပြီး နယ်စပ်လမ်းကြောင်းများတွင် ထားဝယ်မှ ထိုင်းနိုင်ငံ၊ မြ၀တီမှထိုင်းနိုင်ငံ၊ တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မူဆယ်မှ တရုတ်နိုင်ငံ၊ ကော့သောင်းမှ ထိုင်းနိုင်ငံ၊ တာချီလိတ်မှ လာအိုနိုင်ငံ၊ တမူးမှ အိန္ဒိယနိုင်ငံတို့သို့ သွားလာကြသည်ဟု သိရသည်။

"မြန်မာတွေ ခရီးသွားတာ တော်တော်များလာတယ်။ စီးပွားရေးနဲ့လည်း သွားကြတယ်။ ကျောက်မျက်လိုမျိုး ပြပွဲတွေ သွားကြတယ်။ သင်တန်းတွေ၊ အပန်းဖြေ ခရီးတွေလည်း သွားကြတယ်။ အခုနောက်ပိုင်း အပျော်စီးသင်္ဘောလို ခရီးတွေလည်း သွားဖို့ရှိလာတယ်" ဟု Myanmar Voyages ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပြသည်။  

ယင်းသို့ မြန်မာလူမျိုးများ ပြည်ပခရီးစဉ် သွားရောက်မှု များပြားလာသည်နှင့်အမျှ လေကြောင်းလိုင်းများမှ ခရီးစဉ်ဒေသသစ်များ တိုးချဲ့ရေး၊ ခရီးစဉ် ဒေသများအကြောင်း ဖလှယ်၍ ဈေးကွက်မြှင့်တင်ခြင်း၊ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများအတွက် သင်တန်းများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားရာတွင် ကြုံတွေ့ရသည့် အခက်အခဲ အချို့အား ကူညီခြင်း စသည်တို့ လိုအပ်လာမည် ဖြစ်သည်ဟု အကြံပြု ဆွေးနွေးမှုများအရ သိရသည်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း နှုန်းရှင်ပြုလုပ်နိုင်ရန် ကြားခံအဆင့် တစ်ဆင့်အား စတင်လုပ်ဆောင်မည်

နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြား ငွေလဲနှုန်းအား နှုန်းရှင်သတ်မှတ်နိုင်ရေး လုပ်ဆောင်မည် ဆိုသော်လည်း လက်ရှိအနေအထားတွင် လုပ်ဆောင်နိုင်ဦးမည် မဟုတ်ဘဲ ကြားခံအဆင့် တစ်ဆင့်အား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာအတက်အကျ ပြောင်းလဲမှု ဈေးနှုန်းအတိုင်း လုပ်ဆောင်မည့် Floating Market မစတင်မီ ဘဏ်အချင်းချင်းအကြား အရောင်းဝယ် လုပ်ခွင့်ပြုမည့် ကြားခံအဆင့်ဖြစ်သော Interbank Market အား စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောပါသည်။

"နိုင်ငံတကာဈေးကွက် ပေါက်ဈေးအတိုင်း ဒေါ်လာဈေး ပြောင်းလဲမှု သတ်မှတ်ဖို့ (Floating Market) အတွက် စတင်ဖို့အတွက် ပုဂ္ဂလိကဘဏ် အချင်းချင်းအကြားမှာ အရောင်းအ၀ယ် ပြုလုပ်ခွင့်ပေးမယ့် ကြားခံအဆင့် (Interbank Market) ကို စလုပ်မှာပါ။ ဒီလိုဘဏ်အချင်းချင်းအကြား ရောင်းဝယ်မှုကနေ (Floating Market)  ဖြစ်လာမှာပါ" ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲနှုန်း စနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါစနစ်သည် ဈေးကွက်အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီး လက်ရှိအချိန်အထိ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၇၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၁၂ ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ်ခဲ့သော်လည်း တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာ ၁၀၀၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။    

ဘဏ်များနှင့် တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း ငွေလဲနှုန်းကို အခြေခံ၍ လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၏ သတ်မှတ်ချက်ဘောင်အတွင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့ ၅ ရက်တွင် ဘဏ်အချင်းချင်း စတင်အရောင်းအ၀ယ် ပြုလုပ်မည် ဖြစ်သည်။

သေမင်းတမန်ရထားလမ်းဖောက်လုပ်ရာတွင် ကျဆုံးခဲ့သည့် တပ်သားများ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂါရ၀ပြု

ဗြိတိန်အောက်လွှတ်တော်ဥက္ကဌနှင့် အဖွဲ့သည် သြဂုတ် ၃ ရက် မနက် (၁၀း၃၀)နာရီခန့် အချိန်တွင် မွန်ပြည်နယ်သံဖြူဇရပ်မြို့ရှိ မဟာမိတ်စစ်သင်္ချိုင်းနှင့် ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်ဖောက်လုပ်ခဲ့သော ယိုးဒယား-မြန်မာ မီးရထားလမ်း(သေမင်းတမန်ရထားလမ်း)သို့ သွားရောက်လေ့လာကာ ဂါရ၀ပြုခဲ့ကြောင်း သိရသည်။

SAM 3217 

ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တပ်မတော်မှ သေမင်းတမန် ရထားလမ်း ဖောက်ရာတွင် ဗြိတိန်တပ်သားများနှင့် မဟာမိတ်တပ်သား သုံ့ပန်းများကို အသုံးပြုခဲ့ပြီး သေဆုံးခဲ့သူများကို သံဖြူဇရပ် စစ်သင်္ချိုင်းတွင် မြှုပ်နှံထား သောကြောင့် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုးလ် အနေဖြင့် လာရောက် ဂါရ၀ပြုခဲ့ခြင်း ဖြစ်သည်။

"မဟာမိတ်စစ်သင်္ချိုင်းက အရှေ့တောင်အာရှမှာ (၃)ခုရှိပါတယ်။ ထိုင်းနိုင်ငံမှာ(၂)ခု၊ မြန်မာနိုင်ငံမှာ(၁)ခုပါ။ ဗြိတိန်အောက်လွှတ်တော်ဥက္ကဌကြီးက စစ်သင်္ချိုင်း ထိန်းသိမ်းပေးထားတာကို ကျေးဇူးတင်ပါတယ်လို့ ပြောသွား ပါတယ်။" ဟု သံဖြူဇရပ်ရှိ မဟာမိတ်စစ်သင်္ချိုင်း ထိမ်းသိမ်းစောက်ရှောက်ရေး ကော်မရှင်မှ ကိုရောဘတ်ထွန်းနွယ် ကပြောသည်။

ဗြိတိန် အောက်လွှတ်တော်ဥက္ကဌသည် စစ်သင်္ချိုင်းအတွင်းရှိအထိမ်းအမှတ် ကျောက်တိုင်ကို ပန်းခွေချ ဂါရ၀ပြုခဲ့ခြင်းဖြစ်ကာ ၎င်းတို့အဖွဲ့သည် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်စစ်သည်များ ကျဆုံးခဲ့သော သေမင်းတမန်ရထားလမ်းသို့သွားရောက်လေ့လာကာဂါရ၀ပြုခဲ့ကြောင်း သိရသည်။

သံဖြူဇရပ် မဟာမိတ်စစ် သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက္ခမီသွား ကားလမ်းဘေးတွင် တည်ရှိပြီး ၁၀ ဧကခန့် အကျယ်အ၀န်းရှိကာ ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ သြစတြေးလျ၊ နယူဇီလန်၊ မြန်မာ၊ မလေးရှား၊ နယ်သာလန်စသည့် နိုင်ငံများမှ စစ်သည်တို့၏ အရိုးပြားများကို မြှပ်နှံထားပြီး အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခု ရှိကြောင်း သိရသည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင် ၏ ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ် ၆၀ နီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်သင်္ချိုင်းအား အပန်းဖြေ စခန်းအဖြစ် ထိန်းသိမ်းထားရှိပြီး ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီး ဆွေမျိုးများ နိုင်ငံခြားသားဧည့်သည် ၃၀၀ ကျော်ခန့် နှစ်စဉ်လာရောက် ဂါရ၀ပြုလေ့ ရှိကြောင်း ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်ထံက သိရသည်။

ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုလ်းအနေဖြင့် သံဖြူဇရပ်ရှိ စစ်သင်္ချိုင်းသို့ မသွားရောက်မှီ (၁၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများ မီဒီယာများနှင့် (၄၅)မိနစ်ခန့် တွေ့ဆုံဆွေးနွေးမှုအချို့ပြုလုပ်ခဲ့သည်။

ဂျွန်ဘားဂိုလ်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီပါတီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများသို့လည်း သွားရောက်ရန်ရှိကြောင်း ဖြစ်ကြောင်း ဗြိတိန်သံရုံးထံက သိရှိရသည်