Saturday, August 10, 2013

မုံရွာဇောတိကာရာမ ကျောင်းတိုက်မှ သံဃာတော်တစ်ပါး မိမိကိုယ်ကို မီးရှို့ပျံလွန်တော်မူ

မုံရွာဇောတိကာရာမ ကျောင်းတိုက်မှ သံဃာတော်တစ်ပါး မိမိကိုယ်ကို မီးရှို့ပျံလွန်တော်မူမုံရွာမြို့ ကျောက္ကာ လမ်းမကြီး နံဘေးရှိ ဇောတိကာရာမ ဘုန်းကြီးကျောင်း တိုက်မှ သံဃာတော် တစ်ပါးသည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်တွင် ကျောင်းဝင်း အတွင်းရှိ ရတနာမုနိ စေတီတော်ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သဖြင့် ပျံလွန်တော်မူ ခဲ့ကြောင်း ကျောင်းတိုက်မှ သံဃာတော် များနှင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။ 

ပျံလွန်တော် မူခဲ့သည့် ဦးသုန္ဒရမှာ သက်တော်၂၄ နှစ်၊ ဝါတော် လေးဝါရှိပြီ ဖြစ်ပြီး မြောင်မြို့နယ် အုန္နဲဘုတ်ကျေးရွာ ဇာတိဖြစ်ကာ ဇောတိကာရာမ ကျောင်းတိုက်တွင် အငယ်တန်း စာသင်သား အဖြစ် သီတင်းသုံး နေထိုင်သည့် သံဃာဖြစ်ကြောင်း ကျောင်းတိုက်မှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။ "ကိုရင်ဘဝကနေ ဝါတော်လေးဝါ ရရင် ခန္ဓာကိုယ်ကို မီးရှို့ပူဇော်မယ် လို့လဲ တစ်တိုက်တည်းနေတဲ့ သံဃာတွေကို ပြောဖူးတယ်။ အဲဒီမတိုင်ခင်မှာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အလှူခံတဲ့ သူရှိရင်လဲ လှူမယ်လို့ ပြောခဲ့တာတွေ ရှိတယ်" ဟု ဇောတိကာရာမ ကျောင်းတိုက်မှ တိုက်အုပ် ဆရာတော်တစ်ပါးက ဆိုသည်။

ဘုရားတပည့်တော်သည် အပြစ်ရှိလျှင် ခွင့်လွှတ်တော် မူပါဘုရား၊ တပည့်တော်သည် အရှင်မြတ် ဘုရားတို့၏ အပေါ်၌ အပြစ်များရှိလျှင် ခွင့်လွှတ်တော် မူကြပါ အရှင်သူမြတ်တို့ ဘုရား၊ တပည့်တော်သည် တပည့်တော်၏ ပရိက္ခရာ အစရှိသော အသုံးအဆောင်များနှင့် ပရိယတ္တိစာပေများကို သံဃာတော် အရှင်သူမြတ်တို့ကို လှူဒါန်းကြောင်း၊ ပျံလွန်တော်မူခဲ့သည့် သံဃာတော် ရေးသားခဲ့သည့် စာများကျန်ရှိခဲ့ကြောင်း ကျောင်းတိုက်မှ သံဃာတော်များက ပြောကြားသည်။

"ကျွန်တော်တို့တွေက မနက် ၃ နာရီလောက်မှ သိရတာပါ၊ ကျောင်းကိုရောက်တော့ သံဃာတော်က အသက်မရှိတော့ပါဘူး။ မီးလောင်ကျွမ်းထားတဲ့ အနီးဝန်းကျင်မှာ မီးလောင်ကျွမ်းထားတဲ့ ရေသန့်ဘူးခွံ တစ်လုံး၊ ဂက်စ်မီးခြစ်တစ်ခုနဲ့ သွေးစွန်းနေတဲ့ စတီးဓားတစ်ချောင်း တွေ့ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကြံစည်မှုဟုတ် မဟုတ် သိရှိစေဖို့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်" ဟု ယင်းအနီးသို့ ရောက်ရှိနေသော မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အရှင်သုန္ဒရ၏ ရုပ်အလောင်းကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်၍မှုခင်း ဆရာဝန်ကြီးက ခွဲစိတ်စစ်ဆေးရာ ပြင်ပဒဏ်ရာ တွေ့ရှိခြင်းမရှိဘဲ ခန္ဓာကိုယ် မီးလောင်သေဆုံးခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပျံလွန်တော်မူခဲ့သည့် သံဃာတော်၏ မိဘဆွေမျိုးများအား အကြောင်းကြားထားပြီးဖြစ်ပြီး ဦးပဉ္စင်း၏ ခမည်းတော်နှင့် မယ်တော်တို့လည်း မုံရွာမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် တိုင်ကြားမှု ၆၅ မှုရှိရာ ၄၈ မှုကို ဖြေရှင်းပြီးကြောင်း လ၀က သတင်းထုတ်ပြန်

နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် လိုအပ်ချက်များ ရှိနေခြင်း၊ မပြည့်စုံခြင်းတို့ကြောင့် တိုင်ကြားမှု ၆၅ မှုအနက် ၄၈ မှုကို ဖြေရှင်း ဆောင်ရွက်ပေး၍ သက်ဆိုင်ရာ ကာယကံရှင်များထံသို့ ပြန်လည်ရှင်းလင်း အကြောင်းကြားပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက သြဂုတ် ၉ ရက်တွင် အစိုးရပိုင် သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

တိုင်ကြားထားသည် များအနက် ဖြေရှင်းရန် ကျန်ရှိနေသည့် အမှုပေါင်း ၁၇ မှုကို စိစစ်နေကြောင်းနှင့် ၀န်ကြီးဌာန၏ ဆောင်ရွက်ချက် များအပေါ် သိရှိလိုသည်များ၊ ကျေလည်မှု မရှိသည်များ၊ လွဲချော်နေသည်များ ရှိပါက နေပြည်တော်ဦးစီး (ရုံးချုပ်)ဖုန်းနံပါတ် ၀၆၇ -၄၃၁၀၁၆ နှင့် ၀၆၇- ၄၃၁၀၄၅ သို့ လူကိုယ်တိုင် တိုက်ရိုက်တိုင်ကြား နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်း၌ မွေးရာပါ နိုင်ငံသားများအတွက် လိုအပ်ချက်များ လျှော့ပေါ့ ဖြေလျှော့နည်းဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းကို မိုးပွင့်စီမံချက်များနှင့် ၂၀၁၁ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ မိုးပွင့်စီမံချက်ဖြင့် နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်ခဲ့ရာ မိုးပွင့်အဆင့်(၁)မှ မိုးပွင့်အဆင့်(၅)အထိ အိမ်ထောင်စုပေါင်း ၄၈၆၇၀၇ စုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း ၃၄၃၁၈၂၃ ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ထမ်းများနှင့် နော်ဝေ အခြေစိုက်(Norwegian Refugee Council-NRC) အဖွဲ့မှလည်း ကရင်ပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ်၊ ကယားပြည်နယ်တွင် ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် သုံးမြို့နယ်နှင့် မြို့နယ်ခွဲ နှစ်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးနှင့် ရွှေကျင်ရှိ စီမံကိန်း စမ်းသပ်နယ်မြေဒေသ၊ မွန်ပြည်နယ်တွင် သုံးမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ်နှင့် မြို့နယ်ခွဲ ခြောက်မြို့နယ်တို့ရှိ ပြည်သူ ၉၃၀၁၉ ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် UNHCR အဖွဲ့အစည်းမှလည်း မွန်ပြည်နယ်ရှိ မြို့နယ်နှစ်မြို့နယ်နှင့် ကချင်ပြည်နယ်မှ နှစ်မြို့နယ်တွင် ပြည်သူ ၅၂၉ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ရာတွင် လည်းကောင်း နိုင်ငံသား စိစစ်ရေး ကတ်ထုတ်ပေးခြင်းကို One Stop Service ဖြင့် အခမဲ့ ဆောင်ရွက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ခဲ့သည်ဟု သိရသည်။

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်းများအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ တစ်ဦးအား ထောင်ဒဏ်နှင့် ၁၈ ဦးအား အငြိမ်းစားပေး

အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်း များအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ထောင်ဒဏ်အပြစ် ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၁၈ ဦးအား အငြိမ်းစား ပေးခဲ့ကြောင်း သြဂုတ် ၉ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းရေး ကိစ္စနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်အရ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၃၆၂ ဦး ရှိပြီး ဌာနပြောင်းရွှေ့ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၆၉ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်စေရေး ရည်ရွယ်ပြီး သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တစ်ဦးအား ကြီးကြပ်စေကာ အထက်ပါ အရေးယူမှုများအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဒုတိယသမ္မတ ဦးဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အစိုးရအဖွဲ့အစည်း များအတွင်း အဂတိလိုက်စားမှု ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက် ရည်မှန်းကာ တာဝန်ပေး ဆောင်ရွက်စေခဲ့ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သည့် ပြည်ထဲရေး ၀န်ကြီးဌာနသည်လည်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့တို့ကို ဖွဲ့စည်းပြီး နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသည် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးအတွက် ဆက်သွယ် တိုင်ကြားနိုင်သည့်စနစ် ထူထောင်ကာ အများပြည်သူ ပူးပေါင်းဆောင်ရွက် လာစေရေးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၁ ရက်က စတင်ဖိတ်ခေါ် ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်း ပြောကြားသည်။ ၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဂတိ လိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းများအရ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများစာရင်း၌ ပါဝင်နေသည်။

အရက်၊ စီးကရက် စသည့် တားမြစ်ကုန်စည်များ ရောင်းချနေသော ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ လက်ကားလုပ်ငန်းကြီး ၂၀ စီ၏ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြားချိန်တွင် ဖမ်းဆီးအရေးယူမည်

အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ် ကုန်စည်များအား ပြည်တွင်း၌ တရားမ၀င် တင်သွင်းရောင်းချ နေမှုများကို စစ်ဆေး အရေးယူနိုင်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အဓိကတင်သွင်း ဖြန့်ဖြူးနေသည့် လက်ကားဒိုင် ၂၀ စီ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြားချိန်တွင် ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ စူပါမားကက်များ၊ လက်လီ အရောင်းဆိုင်များနှင့် အရက် ဘီယာ အရောင်းဆိုင်များတွင် တင်သွင်း ရောင်းချနေသည့် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် ကုန်စည် အများစုမှာ တရားမ၀င် တင်သွင်းလာသည့် ကုန်စည်များသာ ဖြစ်နေပြီး အဆိုပါ ကုန်စည်များကို တရားဝင် ခွင့်ပြုချက်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ အကောက်ခွန်မဲ့ မှောင်ခိုတင်သွင်း နေမှုများကြောင့် မြန်မာနိုင်ငံ အနေဖြင့် အခွန်အကောက်များ နစ်နာနေသကဲ့သို့ လူငယ်များ အနေဖြင့်လည်း ဈေးနှုန်းချိုသာစွာ အလွယ်တကူ ၀ယ်ယူရရှိ နေသည့်အတွက် သောက်သုံးမှု များပြားနေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် အဆိုပါ လက်ကားဒိုင်ကြီးများကို အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ဖမ်းဆီး အရေးယူပြီးပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ပြီး အဆိုပါ ကုန်စည်များအား ဖမ်းဆီး အရေးယူရန်ကိုမူ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်မျှော်နေဆဲ ဖြစ်သည်။

''ဒီလို တရားမ၀င် တင်သွင်းရောင်းချ မှုတွေကို ဘယ်အချိန်မှာ အရေးယူမလဲ ဆိုတာ ကျွန်တော့် အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟို ကော်မတီအနေနဲ့ အစိုးရအဖွဲ့က ဒီနေ့ ဖမ်းပါဆို မနက်ဖြန် ဖမ်းလို့ရအောင် လုပ်နေတာ။ စာရင်းကောက် ထားတာရှိတယ်။ ရန်ကုန်မြို့က ဘယ်စူပါမားကက်က ဘယ်ကို ပစ္စည်းဖြန့်ပြီး ဘယ်ဂိုဒေါင်မှာ ကုန်တွေ လှောင်ထားတယ် ဆိုတာ ကျွန်တော်တို့ စာရင်းပြုစုထားသလို မန္တလေးမှာ ဆိုရင်လည်း အဲဒီလိုမျိုး စာရင်းကောက်ခံ ထားတယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

ထိုသို့ ပြောဆိုသော်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် မှောင်ခို ကုန်သွယ်မှုများကို ထိန်းချုပ်ရာတွင် အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများ အနေဖြင့် ယင်းတို့၏ ဈေးကွက်အား မထိခိုက်ရန်နှင့် မှောင်ခိုဈေးကွက် ကြီးထွားရန် ပြည်တွင်း စားသုံးကုန်များ၏ ဈေးနှုန်းများ မြှင့်တင်ခြင်း၊ ဒေါ်လာဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားခြင်း၊ မှောင်ခိုကုန်သွယ်မှု ဖမ်းဆီးသူများအား လုပ်ငန်းဆက်လက် မလုပ်ကိုင်နိုင်ရန် တိုင်စာများ ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်သည့် အတွက် မှောင်ခိုကုန်စည်များအား ဖမ်းဆီးသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ဝင်များ အနေဖြင့် စစ်ဆေးခံရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''တရားမ၀င် ကုန်စည်တွေ ဖမ်းလိုက်တာနဲ့ ဒီဈေးကွက်ကို ကိုင်ထားတဲ့ သူတွေက လက်ထဲမှာ ရှိတဲ့ ကုန်စည်တွေကို ဈေးမြှင့်လိုက်တယ်။ ဒေါ်လာဈေးနှုန်းတွေ မြင့်တက်အောင် ဈေးကစားလိုက်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကို ဦးအောင်တင်ပြပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းနေလို့ ဒီလိုဈေးတွေ တက်နေတာဆိုပြီး ပြောတော့ သာမန်လောက်ပဲသိတဲ့ အစိုးရ အဖွဲ့ဝင်တချို့ အနေနဲ့ သူတို့ပြောတာကို ဟုတ်နိုး နိုးထင်တယ်။ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိတယ်'' ဟု ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားသည်။

ကောင်းမွန်သော အစိုးရအဖွဲ့အဖြစ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရပ်တည်နိုင်ရန် ထိုကဲ့သို့ အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများကို စနစ်တကျ ကြပ်မတ်နိုင်ရန် လိုအပ်နေကြောင်း ဦးတင်ရဲဝင်းက ပြောဆိုခဲ့ ပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသော်လည်း အမှန်တကယ် ဖမ်းဆီး အရေးယူနိုင်မည့် လုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်ရန် အစိုးရအဖွဲ့သို့ ခွင့်ပြုချက် တောင်းခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီး မည်ဖြစ်ပြီး မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များကို ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူမည်

ပင်လယ်ရေကြောင်းမှ တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းနေသူများအား သြဂုတ် ၁၂ ရက်မှ စတင် ဖမ်းဆီးမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေး အရေးယူနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များအား စတင်အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ရွေ့လျားဖမ်းဆီးရေး အဖွဲ့အနေဖြင့် ဖွဲ့စည်းပြီးသည့် ခုနစ်လကျော် ကာလအတွင်း ကျပ်သန်း ၆၀၀၀ ကျော်ဖိုးအထိ ဖမ်းဆီးခဲ့သော်လည်း တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းသူများအား အစိုးရအဖွဲ့၏ ငဲ့ညာမှုဖြင့် ငွေဒဏ်ချမှတ်၍ မှောင်ခိုကုန်စည်များ ပြန်လည်ထုတ်ပေးခြင်း ငွေဒဏ်သာ ချမှတ်ခြင်း လုပ်ငန်းစဉ်များကိုသာ လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုပါသည်။

ထိုသို့ တည်ဆဲဥပဒေအတိုင်း အမြင့်ဆုံး ပြစ်ဒဏ်ဖြင့် အရေးယူနိုင်မှု မရှိသည့် အတွက် လုပ်ငန်းရှင်များ အနေဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်များအား အကျင့်ပျက် လာဘ်စားသည်ဟု ဆိုကာ လိမ်လည် တိုင်ကြားမှု၊ မှောင်ခိုပျောက်အောင် မင်းတို့မလုပ် နိုင်ပါဘူးဟု ပြောဆိုမှုများ စွပ်စွဲမှုများ ရှိခဲ့သည့်အတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်တချို့ အနေဖြင့် စစ်ဆေးမှု ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှု ခံယူခဲ့သော်လည်း အဖွဲ့ဝင်များ အနေဖြင့် လာဘ်စားမှု မရှိခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပင် ချီးကျူးခဲ့ကြောင်း ဦးတင်ရဲဝင်း ကဆိုသည်။

''လာဘ်ပေးလာဘ်ယူ လုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင် ၀န်ထမ်းတွေပဲ ပြုတ်တာများတယ်။ တရားမ၀င် မှောင်ခိုတင်တဲ့ လုပ်ငန်းရှင်ကတော့ ဒဏ်ကြေးတောင် မထိဘူး။ ဒီတော့ ယူသူကို အရေးယူရင် ပေးသူကိုလည်း အရေးယူဖို့ လိုလာတယ်။ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းသာဖမ်းနေရတာ သူတို့က ဒဏ်ကြေးလေးဆောင် ပစ္စည်းလေး ထုတ်သွားတော့ ကျွန်တော်တို့လည်း အားယုတ်တယ်'' ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ဦးတင်ရဲဝင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အဓိကအကျဆုံး ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ထိန်းချုပ်နိုင်မည် ဆိုပါက တရားမ၀င် ကုန်စည်တင်သွင်းမှု လျော့ကျ လာနိုင်သည်။ ယင်းအပြင် နိုင်ငံအနေဖြင့် အခွန်ဘဏ္ဍာများ ပိုမိုရရှိခြင်း၊ တရားမ၀င် ကုန်စည်အများစုမှာ အဆင့်မမီ ကုန်စည်များသာ ဖြစ်နေသဖြင့် သန်း ၆၀ ကျော်သော မြန်မာပြည်သူများ၏ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား စောင့်ထိန်းနိုင်မည် ဖြစ်သည်။

အလားတူ နိုင်ငံတော်အဆင့် လေ့လာရေး ခရီးစဉ်များတွင် သမ္မတအနေဖြင့် သွားရောက် လည်ပတ်သည့် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု စာရင်းများအား လက်ရှိကဲ့သို့ မှောင်ခိုကုန်ကူးမှု မြင့်နေသည့် အတွက် မျက်နှာပျက်ရခြင်း အဖြစ်မျိုးအား ကာကွယ်နိုင်မည် ဖြစ်ပြီး နိုင်ငံ အချင်းချင်းအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် လွယ်ကူစေမည် ဖြစ်ကြောင်း ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ဖမ်းဆီးရာတွင် ပြည်တွင်း ကမ်းရိုးတန်း ဆိပ်ကမ်းများဖြစ်သည့် သာကေတ ဆိပ်ကမ်းနယ်မြေ၊ ယုဇန၊ နန်းသီတာ၊ ၀ါးတန်း၊ ဗားကရာ၊ ချောင်းဝဆိပ်ကမ်း နယ်မြေနှင့် ဘုရင့်နောင်ဆိပ်ကမ်း နယ်မြေများအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုအား ပင်လယ်ဝ စောင့်ကြည့် စစ်ဆေးရေး၊ ပဲခူးမြစ်ဝ စောင့်ကြည့်စစ်ဆေးရေး၊ ပုစွန်တောင်ချောင်း တစ်လျှောက် စောင့်ကြည့်စစ်ဆေးရေး၊ ရေကြောင်း လှုပ်ရှားစစ်ဆေးရေး၊ အရန်စစ်ဆေးရေး စသည့် အဖွဲ့များနှင့် စစ်ဆေးသွားမည် ဖြစ်သည်။

လက်ရှိကာလတွင် စစ်ဆေး အရေးယူမှုအား ပညာပေး ကာလအဖြစ် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ယခင်အရေးယူမှု မရှိခဲ့သည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်သည် ပြစ်ဒဏ်အလိုက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည် ဖြစ်သည်။

''ရွေ့လျားဖမ်းဆီးရေးအဖွဲ့ စလုပ်တော့ ပင်လယ်ရေကြောင်း ဥပဒေနဲ့ အရေးယူတော့ ဥပဒေမှာ ဒဏ်ကြေးပဲပါတယ်။ လုပ်ငန်းရှင်က မှောင်ခိုတင်သွင်းတာ မလျော့ဘူး။ အခုတော့ ၂၀၁၂ ခုနှစ် အတွင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စပြီး အရေးယူမယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

အဆိုပါ ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူနိုင်ရန် အစိုးရအဖွဲ့၊ လွှတ်တော် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအပြင် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများကိုပါ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးငယ်နှစ်ဦးကို ပြည့်တန်ဆာအဖြစ် လူကုန်ကူးသူအား အရေးယူ

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ရွာဘဲနယ်မြေအတွင်း အသက် ၁၅ နှစ်နှင့် ၁၉နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် လူကုန်ကူးခဲ့သူဟု သံသယရှိသူ သုံးဦးအား တရားစွဲ တင်နိုင်ရေး အတွက် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြည်ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှုး (ရုံးခွဲ) က စုံစမ်းသိရှိရသည်။

ပြည့်တန်ဆာအဖြစ် လူကုန်ကူးကာ အတင်းအကြပ် ခိုင်းစေခံခဲ့ရသည့် အမျိုးသမီးငယ်နှစ်ဦး၏ မိဘအုပ်ထိန်းသူများက ဇူလိုင်လတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူများကို တရားစွဲ တင်နိုင်ရေးနှင့် ကျန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင် ရွက်နေကြောင်း တပ်ဖွဲ့စုမှူးရုံးခွဲမှ ဒုရဲမှူး မျိုးသိန်းက ပြောကြားသည်။

အမှုများသည် သီးခြားဖြစ်သော်လည်း အမျိုးသမီးငယ်နှစ်ဦးကို တစ်ရပ်တည်းနေသူများက ဘဝနေထိုင်မှု အခက်အခဲကို အကြောင်းပြုပြီး သာမန်အလုပ် လုပ်ရမည်ဟုဆို၍ ခေါ်ဆောင်သွားကာ ဂန့်ဂေါမြို့နယ်နှင့် ပခုက္ကူမြို့နယ်များတွင် အတင်းအကျပ် ပြည့်တန်ဆာ လုပ်ကိုင်စေ ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

"မကွေးတိုင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ ပူပေါင်းဆောင် ရွက်နေပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က လူကုန်းကူးမှု ကျူးလွန်သည်ဟု ယူဆရသူ ၃ ဦးကို ဖမ်းမိပါတယ်။ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ နဲ့ နှစ်မှုလုံးကို ဖွင့်ထားပါတယ်" ဟု ၎င်းကဆိုသည်။

လူကုန်ကူးခံရသည်ဟု ယူဆလျှင် လာရောက် တိုင်ကြားနိုင်သော်လည်း လုပ်အားသို့မဟုတ် ကာမကို ခေါင်းပုံဖြတ်ခံရမှ လူကုန်ကူးမှုအဖြစ် သတ်မှတ်ပြီး လူကုန်ကူမှု တားဆီးကာကွယ်ရေး ဥပဒေများဖြင့် တရားစွဲဆိုနိုင်မည် ဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ၏ ပြစ်ဒဏ်သည် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်၂၀ ထိ ကျခံနိုင်ပြီး ဂိုဏ်းဖွဲ့ကျူးလွန်ပါက သေဒဏ်ထိကျနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အထက်ပါ လူကုန်ကူးမှုများအတွက် ပြည်မြို့ မြို့မရဲစခန်းတွင် ဇူလိုင်လ ၁၈ ရက်နေ့တွင် တိုင်တန်းချက် ပ/၅၄၅/၂၀၁၃ ဖြင့်လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်တိုင် တန်းချက် ပ/၅၅၄/၂၀၁၃ ဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၂၄ ဖြင့် အသီးသီး အမှုဖွင့်ထားကြောင်း ပြည်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

လည်ပင်းတွင် သစ်ခွဲသားရိုက်မိ၍ စက်ရုံလုပ်သားတစ်ဦး သေဆုံး

ရန်ကုန်၊ သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ သန့်သုခ သစ်ချောထည်စက်ရုံတွင် သြဂုတ် ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်က လူလေးဦးသည် သစ်ခွဲသားတစ်ခုကို ပြိုင်တူသယ်ယူလာပြီး အောက်ချရာ သယ်ဆောင်လာသူ တစ်ဦး၏ လည်ပင်းကို သစ်ခွဲသားပြားနှင့် ရိုက်မိ၍ အသက် ၄၂ နှစ်အရွယ် စက်ရုံလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသူ ဦးခင်ဇော်သည် ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာတွင် နေထိုင်ကြောင်း၊ ၎င်းသည် လုပ်ဖော်ကိုင်ဖက် လေးဦးနှင့်အတူ အရှည် ၁၈ပေ၊ ဗြက် ၅ လက်မခန့်၊ ထု ၅လက်မခန့်ရှိ သစ်ခွဲသားကို အတူသယ်ယူလာပြီး ပခုံးပေါ်မှ အောက်သို့ ပြိုင်တူချစဉ် သစ်ခွဲသားပြား အဖျားနှင့် လည်ပင်းသို့ ရိုက်မိကာ မေးစေ့ပွန်း၊ လည်ပင်းနှင့် ဦးခေါင်းနောက်စေ့ ညာဘက်တို့တွင် ဒဏ်ရာများ ရရှိကာ လဲကျခဲ့ကြောင်း၊ ဒဏ်ရာရရှိသူကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိက The Voice သို့ ပြောကြားသည်။

"သူတို့ရဲ့ ပုံမှန်လုပ်နေကျအတိုင်း လုပ်တာပါ။ မြင်တဲ့သူတွေ ပြောတာကတော့ မတော်တဆ ထိခိုက်သွားတာလို့ သိရတယ်။ အမှုကိုတော့ ရမန်ယူပြီး စစ်ဆေးနေဆဲပါ" ဟု ၎င်းကဆိုသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သစ်ချောစက်ရုံ အလုပ်သမားများဖြစ်သော ဦးခင်ဇော်အေး၊ ဦးချစ်ဆန်းမောင်နှင့် ဦးအောင်မျိုးဇာနည်ထွန်းတို့ကို (ပ)၈၆၂/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အင်းစိန်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ရဲတပ်သားကို ထိုးကြိတ်သည့် စခန်းမှူးကို ရဲဌာနချုပ်သို့ တိုင်ကြား

ဥက္ကံ၊ သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေး ရဲကင်းတာဝန်ကျ ရဲတပ်သား ချမ်းငြိမ်းသူက လက်ထပ်ခွင့် မတင်ခြင်းနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲစခန်းမှူးက လက်သီးဖြင့် ထိုးကြိတ်ခဲ့မှုကို သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်သား ချမ်းငြိမ်းသူ၏ဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

အဆိုပါ ထိုးကြိတ်မှုသည် သြဂုတ်လ ၃ ရက်နံနက်ပိုင်းတွင် စခန်းမှူး ဒုရဲမှူး ဝင်းဗိုလ်က တပ်သားကို ထိုးကြိတ်ပြီးနောက် အချုပ်ခန်းတွင်းသို့ထည့်ရာ အတွင်းရှိ အချုပ်သား ၁၇ ဦးကိုလည်း စခန်းမှူးက ဝင်လာသည့် အချုပ်သား ရဲတပ်သားအား လက်သီးဖြင့် ထိုးခိုင်းပြီး ၎င်းတို့ မထိုးပါက ၎င်းတို့ အားလုံးကို အပြင်ထုတ်၍ တုတ်ဖြင့်ရိုက်မည်ဟု ပြောသဖြင့် အချုပ်သားများက ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်သား၏ ပြောကြားချက် ကိုးကား၍ ၎င်းဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

"ကျွန်မနဲ့ အိမ်ထောင်ပြုတာ သုံးလပဲ ရှိသေးတယ်။ တပ်ဖွဲ့ဝင်အချင်းချင်း အထက်လူကြီးက အောက်လက်ငယ်သားကို အနိုင်ကျင့်နှိပ်စက်တော့ မကောင်းပါဘူး" ဟု ၎င်းကပြောသည်။

ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာများကြောင့် ရဲတပ်သားချမ်းငြိမ်းသူ အချုပ်၏ အိမ်သာထဲတွင် သတိလစ် မေ့မြောခဲ့ကြောင်း၊ ထို့နောက် ခရိုင်အချုပ်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း၊ အချုပ်တွင် ဒဏ်ရာများ မသက်သာသဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ နေ့လယ်တွင် ဆေးရုံမှဆင်းပြီး ခရိုင်ရဲအချုပ်တွင် ထပ်မံထိန်းသိမ်းထားကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ထိုးကြိတ်မှုနှင့် ပတ်သက်၍ ရဲတပ်သားသည် ရဲစည်းကမ်းဖောက်သည်ဟု စခန်းမှူးက တင်ပြထားကြောင်း၊ တပ်ဖွဲ့တွင်း ကိစ္စဖြစ်နေသောကြောင့် ဖြစ်စဉ်များကို ရဲတရားရုံးသို့ စစ်ဆေးကာ တရားဥပဒေ စိုးမိုးရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် တိတိကျကျ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးတင်ဇော်ထွန်းက ပြောကြားသည်။

လက်ရှိ ထိုးကြိတ်သည်ဟု စွပ်စွဲခံရသည့် စခန်းမှူး ဒုရဲမှူးဝင်းဗိုလ်ကို သွားရောက် မေးမြန်းသော်လည်း ကျန်းမာရေးကြောင့် ခွင့်ခြောက်ရက်ယူကာ ခရီးထွက်သွားကြောင်း ယာယီစခန်းမှူး ရဲအုပ် စိုးသန်းဌေးက ပြောကြားသည်။

ရဲတပ်သားကို စခန်းမှူးက ထိုးကြိတ်မှု တိုင်ကြားခြင်းကို ၎င်းတို့အနေနှင့် တတ်နိုင်သည့်ဘက်မှ အကူအညီ ပေးထားပြီး မတရားမှုများ တွေ့ရှိလာပါက မည်သူ့မျက်နှာကိုမှ ကြည့်မည် မဟုတ်ဘဲ အမှုမှန် ပေါ်ပေါက်ရေးကို တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပြည်သူက တင်မြှောက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် ဆန္ဒရှိကြောင်း သာယာဝတီခရိုင် အကျင့်ပျက် ခြစားမှုနှင့် မတရားမှု တိုက်ဖျက်ရေးကွန်ရက် ခေါင်းဆောင် ဦးကျော်ဇင်ထွန်း (ခ) ကျော်ကြီးက ပြောကြားသည်။

The Voice Weekly

မြန်မာနိုင်ငံသား ၇ ဦး ထိုင်းလူကုန်ကူးသူတွေလက်က ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်း စတန်းခရိုင် လငူးမြို့နယ် ကာဘန်ရွာအနီးက ငါးဖမ်းလှေတွေမှာ လူပွဲစားတွေကတဆင့် ရောင်းစားခံထားရတဲ့ အသက် ၂ဝ အောက် ၃ ဦးအပါအဝင် မြန်မာနိုင်ငံသား ၇ ယောက်ကို မနေ့က ထိုင်းနိုင်ငံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ထိုင်းရေတပ်တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမြန်မာနိုင်ငံသား ၇ ဦးဟာ ထိုင်းနိုင်ငံသား ၂ ဦးပိုင်တဲ့ ငါးဖမ်းလှေနှစ်စီးပေါ်မှာ အတင်းအကြပ် ခိုင်းစေခံနေရကြောင်း ရနောင်ခရိုင် မိခင်နဲ့ကလေးစောင့်ရှောက်ရေးစခန်းကို လှေလုပ်သားတစ်ဦးက တယ်လီဖုန်းနဲ့ လှမ်းတိုင်ကြားခဲ့ရာက အခုလို လာရောက်ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသားတွေကို ကယ်တင်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ လငူးမြို့နယ်ရဲစခန်းက ရဲအရာရှိက ထိုင်းဘာသာနဲ့ အခုလို ပြောဆိုပါတယ်။

"သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေက စတန်းခရိုင်ကနေ သူတို့ကိုကယ်တင်လာပြီး ဒီ လငူးမြို့နယ်ဆိပ်ကမ်းကို ရောက်လာကြတာပါ၊ အကုန်လုံး ၇ ယောက်ရှိပါတယ်။ ၃ ယောက်ကတော့ အသက် ၂ဝ အောက်တွေ ဖြစ်ကြပါတယ်၊ ကျန်တဲ့လူတွေကတော့ အသက် ၂ဝ၊ နောက်အသက် ၂၄ နှစ်တွေ ဖြစ်ကြပါတယ်၊ အကုန်လုံးဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ကြပါတယ်၊ အခုလောလောဆယ် သူတို့အားလုံးကို ကလေးစောင့်ရှောက်ရေးဂေဟာမှာ ပို့ဆောင်ထားပါတယ်"

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းမှာ အခုလို လူကုန်ကူးခံရပြီး ထိုင်းလုပ်ငန်းရှင်တွေထံမှာ အလုပ်လုပ်ကိုင်နေကြရသူတွေဟာ အခုနောက်ပိုင်း ပိုမိုများပြားလာနေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်းက အခုလို ပြောဆိုပါတယ်။

"၂ဝ၁၃ ခုနှစ်အတွင်းမှာ လူကုန်ကူးမှုပေါင်း ၃၂ ကြိမ် ကျနော်တို့ကူညီလိုက်ပြီး စုစုပေါင်း ၁၇၈ ယောက် လူကုန်ကူးခံရတဲ့လူပေါင်း ကယ်တင်ပြီးပြီ၊ ပွဲစားပေါင်း ၁၈ ယောက်ကိုလည်းပဲ ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်တယ်၊ လူကုန်ကူးမှုအခြေအနေကတော့ ပိုပြီးတော့များလာတယ်၊ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိသေးတဲ့အတွက် နေ့တဓူဝ ရာထောင်ချီပြီးတော့ ဒီထိုင်းနယ်စပ်တစ်လျှောက် ဝင်လာတဲ့အလုပ်သမားတွေအကုန်လုံးဟာ အဲ့ဒီလူကုန်ကူးသူတွေကတဆင့် လာရတာဖြစ်တယ်၊ ဒါကြောင့်မိုလို့ အရင်တုန်းကထက် ပိုပြီးတော့များလာတယ်လို့ ပြောလို့ရတယ်"

လူကုန်ကူးသူတွေနဲ့ လူပွဲစားတွေရဲ့ ရောင်းစားခံရတာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ငါးဖမ်းဆိပ်ကမ်းက ငါးဖမ်းလှေတွေမှာ အတင်းအကြပ်ခိုင်းစေခံနေကြရတဲ့ မြန်မာနိုင်ငံသားတွေ အမြောက်အများရှိနေသေးတယ်လို့လည်း သိရပါတယ်။

RFA Burmese

တရုတ်သို့ တင်ပို့နေသည့် တရားမ၀င်သစ်ကား အစီး(၅၀)ကျော် ဖမ်းဆီးရမိ

ကချင်ပြည်နယ်ဗန်မော်ခရိုင်အတွင်း၌ တရားမ၀င်သစ်များအားတရုတ်နိုင်ငံဘက်သို့ပို့ဆောင်ရန် စုဆောင်းနေကြောင်း သတင်းရရှိသဖြင့်တပ်မတော်အရာရှိများ၊ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့များအနေဖြင့် မိုးမောက်-စိန်လုံးကားဂိတ်တွင်ပိတ်ဆို့ရှာဖွေရာ တရားမ၀င်သစ်များ တင်ဆောင်ထားသည့် လေးလုံးထိုးယာဉ် (၈)စီး ၊ ခြောက်လုံးထိုးယာဉ် (၂၁)စီး၊ ဟီးနိုးခြောက်ဘီးယာဉ် (၁)စီး ၊အေရိုးလက် (၁)စီး ၊ တုန်ဖုန်း (၄)စီး ၊ ဒေါင်ဖန်း ၆ဘီး (၁) စီး၊ဟိုင်းလတ် (၄) စီး ၊ ဂျစ်ကား (၁) စီး ၊ ပါဂျရိုး (၅)စီး အစရှိသည့်စုစုပေါင်း သစ်တင်ယာဉ် (၅၁) စီးအား ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါဖမ်းဆီးရရှိမှုမှာ သြဂုတ်လ(၆) ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသော သစ်အမျိုးအစားများမှာ တရုတ်ကြိုက် export qualityတွေဖြစ်ပြီး တရုတ်ကုန်သည်များကKIA အဖွဲ့ အစည်းကို ဆက်ကြေးပေးပြီးလုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

" အခုသစ်မှောင်ခို ဖမ်းဆီးရမိမှုမှာ ဗန်မော်ဒေသမှာ ၁၉၉၃ နောက်ပိုင်းမှာအများဆုံးဖမ်းမိတဲ့ အရေအတွက်ဖြစ်ပြီး တန်ချိန် (၃၀၀) ကျော် ရှိတယ်လို့သိရပါတယ်။သစ်တွေဟာ ဆိုဒ်အစုံ ၊ အသားအစုံ ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ အထဲကတစ်ချို့သစ်တွေဆို ရင်ကရိန်းနဲ့တောင် "မ"တင်ရတဲ့ အလေးချိန်ရှိတယ်" ဟု
အဆိုပါဖမ်းဆီးမှုအား မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

သစ်ခိုးထုတ်သည့်အဖွဲ့များသည်သစ်များကို ခိုးခုတ်၍ KIA နယ်မြေများအတွင်း၌စုပုံထားပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မျှောယူကာ ပွင့်လင်းရာသီရောက်မှ တောလမ်းမှ တဆင့် တရုတ်ပြည်ကို ပို့ခြင်းဖြစ်သည်။

" တစ်ခါတစ်လေ လွယ်ဂျယ်သွားတဲ့ လမ်းကြောင်းမှာ တရားဝင်ဆန်တွေ၊ ပြောင်းတွေတင်ပို့တဲ့ ကားတွေရဲ့ ပစ္စည်းအူကြောင်း (အလယ်ခေါင်)တွေထဲထည့်သွင်းသယ်ဆောင်သွားကြတာတွေလဲ ရှိတယ်၊ အခု
ဖမ်းဆီးရမိမှုမှာမိုးမောက်-လွယ်ဂျယ် တောင်အတက် အဆင်းနေရာမှာ ပိတ်ဆို့ဖမ်းဆီးရမိခဲ့တာပါ" ဟု ဖဖ်းဆီးရာ၌ ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့်ကားများ၌ မော်ဒယ်မြင့် ကားများပါပြီး တစ်ချို့မှာအင်ဂျင်ထဲသို့ သဲများထည့်ခြင်း ၊ ဘက်ထရီများ ဖြုတ်ခြင်း၊ ကားဘီးများလေလျှော့ပြီး ယဉ်မောင်းများမှာ ကိုယ်လွတ်ရုန်းခဲ့သည်ဟု သိရသည်။

အဆိုပါ သစ်များအား လာရောက်ပြန်လည်ခိုးယူလေ့ရှိသည့်အတွက် ဖမ်းဆီးရမိသစ်မှောင်ခို ကားများကို တာဝန်ရှိသူများမှ မျက်ခြေမပြတ်စောင့်ကြည့်နေရသည်ဟု မြ၀တီသတင်းရင်းမြစ်မှ သိရှိရသည်

စစ်တွေ၌ ရဲနှင့်ဘင်္ဂါလီ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

9ရက်နေ.နံနက် ၁၀နာရီခန့်က စစ်တွေမြို့နယ်တွင် ဘင်္ဂါလီများနှင့် ရဲများရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ အစပြု၍ လုံခြုံရေး ရဲကင်းတစ်ခုမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့နယ် မှန်စီးကျေးရွာတွင် ငါးဖမ်းစက်လှေမှောက်၍သေဆုံးသွားသည့် ဘင်္ဂါလီအလောင်း တစ်လောင်းအား ရဲကသယ်ယူရာတွင်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲများက သေနတ်ဖြင့်၁၅ချက်ခန့် ပစ်ဖောက်ခဲ့သည်ဟု သိရသည်။

 ''ပြီးခဲ့တဲ့ရက်ပိုင်းက စက်လှေမှောက်ပြီး သေဆုံးသွားတဲ့အလောင်းကို ဒီနေ့တွေ့တယ်၊ အဲဒါကိုရဲက သွားသယ် တာ ဘင်္ဂါလီတွေက သယ်ခွင့်မပေးဘူး၊ အဲ့ဒီလိုနဲ့တစ်ဖက်နဲ့တစ်ဖက် ရုန်းရင်း ဆန်ခတ် ဖြစ်သွားတာပါ''ဟု ရဲအရာရှိ တစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ဖောက်ခဲ့ရာမှ ဘင်္ဂါလီ(၂)ဦးဒဏ်ရာရရှိခဲ့သည်ကို မကျေနပ်သဖြင့် စစ်တွေ မြို့နယ် ဘင်္ဂါလီဒုက္ခသည်စခန်းအုန်းတောကြီး အနားတွင် လုံခြုံရေးတာဝန်ယူထားသည့် ချောင်းဝ ရဲကင်းကိုဘင်္ဂါလီများက မီးရှို့လိုက်ခြင်းဖြစ်သည်။

ယခုအခါ အခင်းဖြစ်ပွားခဲ့ရာနေရာများတွင် ရဲများကလုံခြုံရေးတင်းကျပ်စွာထားရပြီး ထပ်မံမဖြစ်ပွားစေရန် စောင့်ကြည့်လျက်ရှိသည်။