Sunday, August 11, 2013

ရေကြောင်းသွားလာ မီးကျောင်းကြီး အန္တရာယ်သတိပြုပါ

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် တွင် ရေလမ်းခရီးဖြင့် သွားလာကြသော ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်း အတွင်း ကြားသိနေရ သော မိကျောင်း အန္တရာယ်ကို သတိပြု သင့်ပါသည်။ 

ယခုရက်ပိုင်းအတွင်း ဘိုကလေးမြို့နယ် ရေဝင်ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာများတွင် မိကျောင်း အဝါကြီးတစ်ကောင် မကြာခဏ သွားလာနေသည်ကို ဒေသခံများ တွေ့ရှိခဲ့ရသည်။ 

ငယ်သူကျေးရွာမှ ဘိုကလေးမြို့သို့ နေ့ချင်းပြန် ပြေးဆွဲနေသော အောင်ထိန်လင်း ရေယာဉ်မှ ပြောကြားရာတွင် ရေယာဉ် ညအိပ်ဂိတ်ထိုးသည့် ရေဝင်ကျေးရွာ နေရာတွင် သိန်းသန်းပိုရေယာဉ် ဘေး၌ မိကျောင်းအဝါကျားကြီး ပေါ်လာရာ အလွန်ကြီးမားကြောင်း ပြောပြသည်။

သြဂုတ် ၄ ရက်က ဆတ်ကျွန်း ရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်း တံတားဆိပ်တွင် ကိုရင်ကလေးရေချိုး နေစဉ် မိကျောင်း ကိုက် ချီပြီး ရေပေါ်တွင်ကူးနေ၍ ရွာလေးရွာမှ ရွာသားများ ဝိုင်းဝန်းဖမ်းဆီးရာ မိကျောင်းမှာ သေပြီးမြုပ်သွားသဖြင့် ရွာသားများက ဝိုင်းဝန်းဆွဲတင် ကြပြီး ဗိုက်ခွဲကြည့်ရာ အလောင်း မတွေ့ရကြောင်း၊ သြဂုတ် ၅ ရက် ညနေပိုင်းတွင် ဆတ်ကျွန်းတစ်ဖက်ကမ်း သင်ပေါင်းချောင်းကျေးရွာ လတာပြင်တွင် အလောင်းရရှိ ကြောင်း၊ ကိုရင်ကလေး အလောင်း တွင် ခြေသလုံး၊ ခါးတို့တွင် မိကျောင်းကိုက် ရာများ တွေ့ရကြောင်း၊ ဦးခေါင်းတွင် လည်း အမြီးနှင့်ရိုက်ထားသည့် ဒဏ် ရာများတွေ့ရကြောင်း ရွာသားများက ပြောပြသည်။

ယမန်နှစ်ကလည်း သင်ပေါင်းချောင်းကျေးရွာတွင် တတိယတန်း ကျောင်းသားကလေး မိကျောင်းကိုက် ခံရဖူးသဖြင့် ရေကြောင်းသွားလာခြင်း၊ ရေနားနီးစပ်ရာနေထိုင်ခြင်းများ ယခုရက်ပိုင်းတွင် သတိပြုသင့် သည်။ ယခု ရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်း တံတားထိပ်တွင် ထပ်မံ၍ပေါ်လာသည့် မိကျောင်း မှာ အဝါကျားကြီးဖြစ်သည်။ ယခင် သေသွားသည့် မိကျောင်းမှာ ၁၈ ပေရှိပြီး ယခုတွေ့ရသည့် မိကျောင်း အဝါကျားကြီးမှာ ထိုမိကျောင်းထက် ပိုကြီးကြောင်း ဒေသခံများက ပြောပြ သည်။ 

ဌေးနိုင် (ဘိုကလေး)

The Mirror Daily

မြန်အောင် ရေနံမြေ ကားပေါ်မှ ကလေးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

သြဂုတ်လ ၁၁ ရက်နေ့ 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ  ဘုန်ကြီးကျောင်းသား လေးတစ်ဦး မြန်အောင် ရေနံမြေကားပေါ်မှ မောင်းနေစဉ် ကြမ်းပေါက်ကျွံကျပြီး နေရာတွင်ပင် သေဆုံးမှု တစ်ခု ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅း၀၀နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့သည်။

အဆိုပါ အုန်းလက် ဘုန်းတော်ကြီး ကျောင်းမှ ၀ါဆို သံဃာတော်များ အတွက် မြို့ပေါ်ရှိ တနင်္ဂနွေ ဆွမ်းကျောင်းသို့ဆွမ်းခံရန် လိုက်ပါလာသော ဘုန်းကြီးကျောင်းသား မောင်အောင်မင်းထက်  အသက်(၁၁)နှစ်သည် ဆွမ်းခံပြီး အပြန်  ကားကြမ်းပေါက်ကျွံကာ ကားပေါ်မှ ထွက်ကြပြီး ရှားတောကျေးရွာ ဇရပ်ကြီးအနီး ဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။

အဆိုပါကားမှာ မြန်အောင်ရေနံမြေမှ (၅)တန်ယာဉ်မောင်း ဦးလှိုင်သိန်းမောင်းနှင်သော ကားဖြစ်ပြီး     ၎င်းဘုန်းကြီးကျောင်းမှ သံဃာတော်များ မြို့တွင်းသို့ဆွမ်းခံကြွရာတွင် အဆင်ပြေစေရန် အမြဲတမ်းအကူအညီပေးနေသော ကားဖြစ်ကြောင်းနှင့် သေဆုံးသူ မောင်အောင်မင်းထက်မှာ ဘုန်းတော်ကြီးကျောင်းသား တစ်ဦးဖြစ်ပြီး ရှမ်းကွင်းကျေးရွာ ဇာတိဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

ရှားတောသား

by Myanmar News Now 

ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူ မိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်

ရန်ကုန် ၊ သြဂုတ် ၁၀

ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်း၊ အမှတ်(၂၃၊ E) ခြောက်ထပ်တိုက် ငါးလွှာ (ဘယ်) အိမ်ခန်းတွင် အိမ်အကူအလုပ် လုပ်သူ မလွင်မာလာဝင်း ဖြစ်ပြီး မအူပင်မြို့နယ် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကာ ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Smile အင်တာနက် ဆိုင်ပိုင်ရှင်ထံ၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီတွင် အိမ်ရှင်နှစ်ဦး စကားများခဲ့ပြီး ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ်များ ပျောက်ဆုံးမှုကြောင့် အိမ်အကူကို သူခိုးမဟု ပြောဆိုသဖြင့် ၎င်းအနေနှင့် အရှက်ရခဲ့ပြီး ယင်းတိုက်တွင်းနေသူ ရတနာထွန်း သင်္ကန်းတိုက် ပိုင်ရှင်ကို ညနေ ၃ နာရီတွင် ခြောက်လွှာပေါ်မှ ခုန်ချမည်ဟု ပြောဆိုခဲ့ကာ လူမနေသည့် ငါးလွှာ ညာဘက်ခန်းပေါ်မှ ခုန်ချရန် ကြိုးစားစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ခုန်ချရန် ကြံစည်မှုကို အိမ်ရှင်တိုက်ခန်းသို့ သွားရောက် မေးမြန်းသော်လည်း မပြောကြားလိုကြောင်း အဆိုပါ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို ကယ်ဆယ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ခဏတာ ပို့ဆောင်ခဲ့ပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးငယ်ကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းက အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

The Voice Weekly

ကိုရင် တစ်ပါး ချောင်းအတွင်း ရေဆင်းချိုးရာမှ မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား

၎.၈.၂၀၁၃ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ ဆပ်ကျွန်း ကျေးရွာ၌ ချောင်းအတွင်း ရေဆင်းချိုးရာမှ ကိုရင်တစ်ပါး(အသက် ၁၁ နှစ်) မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား ခဲ့သည်။ 

ကိုရင် မိကျောင်း ကိုက်ဆွဲခံရသည့် အတွက်  ဆပ်ကျွန်းကျေးရွာမှ ၀င်းစိုး ၊ ၀င်းအောင် ၊ ကျော်လှိုင် ၊ မြင့်သိန်း ၊ သန်းရွှေ ခေါင်းဆောင်သောအဖွဲ့မှ ၎င်းနေ့ ၁၈း၀၀နာရီအချိန်တွင် မိကျောင်းအား ဓါး၊ လှံ ၊ မှိန်းတို့ဖြင့် ၀ိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့ကြသည်။ 

မိကျောင်းမှာ အရှည် ၁၇' ၇↔ရှိ၍ ယခုကဲ့သို့ ကြီးမားသည့် အကောင်ကြီးများမှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း မိကျောင်းများကို ဒီရေတောများရှိသည့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊မော်ကျွန်းတို့တွင်တွေ့ရှိရပြီး၊ ယခုကဲ့သို့ အကောင်ကြီးများကို ဘိုကလေးမြို့နယ်အတွင်း၌သာ တွေ့ရှိရတော့သည်။ 

အဆိုပါ ကျေးရွာသည် ကဒုံကနိ ကြိုးဝိုင်းအတွင်း တည်ရှိပြီး ၎င်းဒေသများသည် မူလကတည်းက ရေချိုရေငံစပ် မိကျောင်းများ ကျက်စား နေထိုင်ရာ ဒီရေတော ဒေသဖြစ်၍ ဘိုကလေးမြို့နယ် အတွင်းရှိ မိန်းမလှကျွန်း ဘေးမဲ့တော သည် လည်း မိကျောင်းများ နေထိုင်ကျက်စားရာ ဒေသတစ်ခုဖြစ်သည်။

 နှစ်စဉ် ဧပြီလ မှ နိုဝင်ဘာလအထိ ကာလများသည်  မိကျောင်းများ မိတ်လိုက်၊ အသိုက်ပြုလုပ် ၊ သားပေါက်သည့် ကာလဖြစ်ခြင်းကြောင့် ၎င်းအချိန်များတွင် မိကျောင်းများ၏ သဘာဝ အမူအကျင့်ကြောင့် အန္တရာယ်ရှိနိုင်ကြောင်းကို နှစ်စဉ်သတိပေးစာများကို ယခုနှစ်တွင် သက်ဆိုင်ရာဌာနမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေခဲ့ကြောင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မိကျောင်း အန္တရာယ်ရှိမှု၊ ဥပဒေအရ ကာကွယ်ထားမှုတို့ ရှင်းလင်းပြောကြား ထားကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး များထံမှ သိရှိရပါသည်။

မိကျောင်းများက လူကိုကိုက်တိုင်း မိကျောင်းများကို ပြန်သတ်နေပါက မိကျောင်းများ မျိုးသုန်းပျောက်ကွယ်သွားမည်ဖြစ်၍  နောက်နောင် ယခုကဲ့သို့ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနမှ အလေးထား ဆောင်ရွက်သင့်ပါသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ တိုးပွားလာမှုကြောင့် မိကျောင်းများ၏ နေရင်းဒေသဖြစ်သော ဒီရေတော ကြိုးဝိုင်းများအတွင်း လူများမှ နယ်မြေချဲ့ထွင်လုပ်ကိုင်နေထိုင်ခြင်းကြောင့် မိကျောင်းများမှာ တဖြေးဖြေးစားကျက် ကျဉ်းမြောင်းလာကြောင်း၊ ယခင်ကလူများမှ မိကျောင်းကို ကြောက်ခဲ့သော်လည်း ယခုအခါ မိကျောင်းက လူကိုကြောက်၍ လျို့ဝှက်သွားလာ နေထိုင်ကြရသော ဘ၀သို့ရောက်ရှိနေ၍ မိကျောင်းများ ဘ၀စာနာသနားငဲ့ညှာသောအားဖြင့် ထိန်းသိမ်း ရေးကာကွယ်ရေးကို ထိရောက်စွာဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံအချို့မှ ပြောကြား လျက်ရှိသည်။

by Myanmar News Now

မြို့လုံးကျွတ် ဗုဒ္ဓဘာသာ ရဟန်းများကို မိတ္ထီလာ မီးနင်းပွဲတော်တွင် ဟိန္ဒူ ဘုရားကျောင်းက ဆွမ်းလောင်းမည်

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ရတနာမာန်အောင် ရပ်ကွက်တွင် ဟိန္ဒူ ဘာသာဝင်များ ကိုးကွယ်သော စရီမူသူး မာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း မီးနင်း ပွဲတော်တွင် အဆိုပါဘုရားကျောင်းမှ ဟိန္ဒူဘာသာဝင်များက မြို့လုံးကျွတ် ဗုဒ္ဓဘာသာ ရဟန်း သံဃာများကို ဆွမ်းလောင်း လှူမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း ဘဏ္ဍာရေးမှူး ဦးဘိုဘိုက ပြောကြားသည်။ စရီမူသူးမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း မီးနင်းပွဲတော် စတင်မည့် သြဂုတ်လ ၉ ရက်နေ့တွင် မိတ္ထီလာမြို့ရှိ သံဃာ ၁၀၈ ပါးကို ဆွမ်းကပ်မည ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပသည့် တတိယမြောက်နေ့တွင် မြို့လုံးကျွတ် သံဃာတော်များကို ဆွမ်းလောင်းလှူသွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မီးနင်းပွဲတော်ကို သြဂုတ် လ ၉ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော် နောက်ဆုံးရက်တွင် ဒါးတက်ပွဲတော်နှင့် မီးနင်းပွဲတော်ကြီးကို ကျင်းပမည်ဖြစ်ရာ မြန်မာတစ်ဝန်းရှိ ဟိန္ဒူဘာသာဝင် ၂၀၀ ခန့် ပါဝင် ဆင်နွှဲကြမည်ဟု ဦးမြင့်သိန်းက ရှင်းပြသည်။ "ခုနစ်ရက် ဥပုသ်စောင့် ထားတယ်။ ဖိနပ် မစီးရဘူး။ သက်သတ် လွတ်စားရတယ်။ မသန့်ရှင်းတဲ့အိမ် မသွားရဘူး။ ပုတီးစိပ်၊ တရားထိုင်ရတယ်။ ဆာမိတွေက လိုအပ်တာတွေ ပြင်ဆင်ပေး ပါတယ်" ဟု ပွဲတော်တွင် မီးနင်းရန် ပြင်ဆင်နေသော ဦးနိုင်နားက ရှင်းပြသည်။

အဆိုပါ ပွဲတော် လှည့်လည်ချိန်နှင့် မီးနင်းပွဲတော် ကျင်းပချိန်များတွင် မိတ္ထီလာမြို့တွင်းသို့ ဖြတ်သွားသော ရန်ကုန်-မန္တလေး လမ်းမကြီးကိုပင် ပိတ်ထားရသည် အထိ ပါဝင်ဆင်နွှဲသူများနှင့် လေ့လာကြည့်ရှု သူများ စည်ကားလျက် ရှိကြောင်း မိတ္ထီလာမြို့ဒေသခံများက ဆိုသည်။ "မီးနင်းတဲ့အခါ အပူရှိန်က လူကိုလာဟပ်တဲ့ အသိတော့ ရှိနေပါတယ်၊ ပြီးရင် နို့၊ ကောက်ရိုးနဲ့ အဓိဋ္ဌာန်ပစ္စည်းပါတဲ့ ကန်ထဲမှာ ခြေချရပါတယ်။ အဓိဋ္ဌာန်ကြောင့် ခြေထောက်လောင်ကျွမ်းတာတွေ ဒဏ်ရာအနာတရ ဖြစ်တာတွေ မရှိပါဘူး" ဟု နှစ်စဉ် မီးနင်းခဲ့သော ဦးမြင့်သိန်းက ရှင်းပြသည်။ မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော်လည်း ယခုအခြေအနေ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဘာသာရေး အခမ်းအနားများ ကျင်းပခွင့် ပြုထားကြောင်း သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များထံမှ စုံစမ်းသိရှိရသည်။ 

၁၃ နှစ်သမီးကို ပေါင်းသင်းမိသဖြင့် အဓမ္မမှုဖြင့် တရားစွဲခံရ

အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မိန်းကလေးငယ်၏ မိဘများသည် သြဂုတ် ၂ ရက်က ၎င်းတို့သမီး ကျူရှင်သွားရာမှ အိမ်သို့ပြန် မလာသဖြင့် လိုက်လံရှာဖွေနေခဲ့ကြောင်း၊ ထိုသို့ လိုက်လံရှာဖွေနေစဉ် သူတို့သမီးကို တစ်လမ်းတည်းနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိခဲ့ရသည်ဟု ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် မိဘများသည် သမီးဖြစ်သူကို သြဂုတ် ၆ ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူ့သမီးကိုပေါင်းသင်း ခဲ့သည့် အမျိုးသားကိုလည်း အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းသူအဖြစ်စွပ်စွဲကာ
ရွှေပြည်သာရဲစခန်း၌ တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ယင်းသို့ တိုင်တန်းမှုကို ရွှေပြည်သာရဲစခန်းက အမှုအမှတ် (ပ) ၅၆၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရနိုင်ချေရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ပါတီ ၁၅ ခုလက်တွဲ၍ ပါတီသစ်တစ်ခုထူထောင်မည်

ပါတီ ၁၅ ခု စုဖွဲ့ထားသော ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) အဖွဲ့က ဖက်ဒရယ်
ပြည်ထောင်စုပါတီ (FUP) ဟု အမည်ရသည့်ပါတီသစ်တစ်ခု ယခုရက်ပိုင်းအတွင်း တည်ထောင်ခွင့် လျှောက်ထား
တော့မည်ဟု NBFအဖွဲ့ဝင်ပါတီများမှ ခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသားပါတီအများစုပါဝင်သော NBF အဖွဲ့သည် မေ ၁၁ ရက်က တောင်ကြီးမြို့တွင် အစည်းအဝေးပြုလုပ် ခဲ့ရာ အဖွဲ့ဝင်ပါတီများလက်တွဲပြီး ပါတီသစ်တစ်ခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသဖြင့် ယခုလို ဆောင်ရွက်ခြင်း
ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ အမှုဆောင် ဦးစောသန်းမြင့်က ဖက်ဒရယ်ပြည်ထောင်စု ပါတီ (Federal Union Party-FUP) သည် NBF အဖွဲ့ဝင် ပါတီ ၁၅ ခုကို ဖျက်သိမ်းပြီး ထူထောင်ရန် စီစဉ်ခြင်းမဟုတ်ဘဲ NBF ၏ ကိုယ်ပွားပါတီတစ်ခုအဖြစ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းပြသည်။

လာမည့် ရွေးကောက်ပွဲများ၌ NBF အဖွဲ့ဝင် ၁၅ ပါတီဝင်မပြိုင်ဖြစ်သည့် မဲဆန္ဒနယ်များတွင် FUP အနေဖြင့် ဝင်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟုလည်း သူကဆိုသည်။

"အဖွဲ့ဝင် ပါတီတွေရှိတဲ့နေရာတွေမှာချန်ထားမယ်။ မပါတဲ့နေရာမှာ အားလုံးနီးနီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ချက် ရှိပါတယ်" ဟု ဦးစောသန်းမြင့်က ပြောသည်။

FUP သည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတစ်ခုတည်းအတွက် ရည်ရွယ်ထူထောင်ခြင်း မဟုတ်ဘဲ
ရေရှည်စီမံကိန်းချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟုလည်း NBF အဖွဲ့ဝင်ပါတီတစ်ခု ဖြစ်သည့် ချင်းအမျိုးသားပါတီမှ  ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

"ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက်လည်း ပါတယ်။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်ဖို့အတွက် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့လည်း ရည်ရွယ်ပါတယ်" ဟု ဦးဇိုဇမ်း က ပြောသည်။

လက်ရှိတွင် ပါတီသစ်ဖြစ်သည့် FUP တည်ထောင်ခွင့်ပြုရေး ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားရန်
ခေါင်းဆောင် ၁၇ ဦးကို ရွေးချယ်ထားသည်။

ပါတီနှစ်ခုပေါင်း၍ ပါတီသစ်တစ်ခုတည်ထောင်လိုလျှင် မူလပါတီနှစ်ခုကိုဖျက်သိမ်းရမည်ဖြစ်ပြီး၊ ပါတီနှစ်ခုကို ကိုယ်စားပြု၍ ရွေးကောက်ခံခဲ့သည့် လွှတ်တော်အမတ်အသီးသီးသည်လည်း ပါတီသစ်မှ အမတ်အဖြစ် ဆက်လက်မဆောင်ရွက်လိုဘဲ တသီးပုဂ္ဂလအဖြစ်ရပ်တည်လိုလျှင် ရွေးကောက်ပွဲကော်မရှင်ထံ
လျှောက်ထား နိုင်သည်ဟု ပြီးခဲ့သည့် ဇူလိုင်အတွင်းက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် NBF အဖွဲ့ဝင်ပါတီများလက်တွဲ၍ FUP ကို ကိုယ်ပွားအဖြစ်ထူထောင်မည့်အရေး နှင့်ပတ်သက်၍
ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြု/မပြု မသိနိုင်သေးပေ။

NBF အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ 'ဝ' ဒီမိုကရက်တစ်ပါတီ၊ 'ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြသည်။

ရေမြောင်းထဲတွင် မွေးကင်းစကလေးအလောင်းတွေ့

လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခု၏ဘေးမှ ရေးမြောင်းထဲတွင် မွေးကင်းစကလေးငယ်အလောင်း တွေ့ ရှိမှုတစ်ခု သြဂုတ် ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ုတိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးအလောင်း တွေ့ရှိသည်မှာ မြဧပရယ်စက်ရုံဘေးရှိ ရေမြောင်းအတွင်း၌ဖြစ်ပြီး သေဆုံးနေသည့် ကလေး အလောင်းမှာ ပုပ်ပွနေပြီဖြစ်ကာ ယောက်ျားလေး၏အလောင်းဖြစ်ကြောင်းလည်း ရဲဌာနက ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒုရဲအုပ်တစ်ဦးကပင် တရားလိုပြုလုပ်ကာ ကလေးစွန့်ပစ်ခဲ့သူအပေါ် အရေးယူ ရန်အမှုဖွင့် တိုင်ကြားခဲ့ပြီး အမှုအမှတ် (ပ)၈၈၀/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်းလည်း ရဲဌာနက ထုတ်ပြန်ထားသည်။

ယင်းအမှုနှင့်ပတ်သက်၍ မဇ္ဈိမကလှိုင်သာယာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲဝန် ထမ်းက အမှုသည် စုံစမ်းဆဲဖြစ်သဖြင့် သတင်းအချက်အလက်ကို တယ်လီဖုန်းဖြင့် မဖြေကြားနိုင်ကြောင်း ဖြေကြားခဲ့သည်။

အလားတူပင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် အခင်းဖြစ်ပွားရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတို့ကိုလည်း ဆက်သွယ်
မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာ အတည်ပြု ပြောကြားခြင်း မရှိခဲ့ပေ။

လတ်တလောတွင် အဆိုပါ ကလေးအလောင်းတွေ့ရှိမှုကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၈ ကလေးအလောင်း 
ဖျောက်ဖျက်မှုဖြင့် တရားစွဲရန် တရားခံကို လိုက်လံစုံစမ်းဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလုပ်ရှာလိုသူများ Call Center မှ တစ်ဆင့် လျှောက်ထားနိုင်

အလုပ်အကိုင်ရှာဖွေလျှောက်ထားလိုသူများအတွက် ၀န်ဆောင်မှုတစ်ခုဖြစ်သော အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုကို ပြည်တွင်းတွင် Call Center ၀န်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် ရတနာပုံ  Call Center က ဆောင်ရွက်ပေးနေပြီး အလုပ်လျှောက်ထားလိုသူများ သြဂုတ်လအတွင်းမှ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါ  Call Center မှ သိရသည်။

အဆိုပါဝန်ဆောင်မှုဖြင့် အလုပ်လျှောက်ထားလိုပါက ဖုန်းနံပါတ်-၁၈၇၅ Hotline လိုင်းခွဲ နံပါတ်-၄ သို့ ဖုန်းခေါ် ဆိုကာ မိမိ၏ကိုယ်ရေးအချက်အလက်များပေးခြင်းဖြင့် လျှောက်ထားနိုင်သကဲ့သို့ အီးမေးလ်ဖြင့်လည်း
လျှောက်ထားနိုင်မည်ဖြစ်သည်။ ယင်းအပြင် Call Center ရုံးသို့လည်း CV Form များ ပေးပို့၍ လျှောက်ထား
နိုင်ကြောင်း သိရသည်။

ယင်းသို့ပေးပို့ထားသည့်အချက်အလက်များကို အလုပ်ခေါ်သည့်ကုမ္ပဏီများသို့ ပေးပို့ပေးမည်ဖြစ်ပြီး အလုပ် ရရှိပါက အလုပ်ရှာသူဘက်မှ ၀န်ဆောင်ခပေးရန် မလိုကြောင်း သိရသည်။

Call Center မှ မစောနန္ဒာနိုင်က "အလုပ်လျှောက်ထားလိုတဲ့သူတွေက CV ဖောင်အတွက် ဖုန်းနဲ့လှမ်းဆက်ပြီး ကိုယ်ရေးအချက်အလက်နဲ့ ပညာအရည်အချင်း၊ လုပ်ကိုင်လိုတဲ့ အလုပ်အကိုင်တွေကို ပြောပြပြီး လျှောက်ထား လို့ရတယ်။ အလုပ်ခေါ်တဲ့ကုမ္ပဏီဘက်က လိုအပ်ချက် အလုပ်နေရာနဲ့ ကိုက်ညီတဲ့သူတွေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားပေးမယ်" ဟု ပြောသည်။

အွန်လိုင်းမှတစ်ဆင့် လျှောက်ထားလိုလျှင်လည်း မိမိလုပ်ကိုင်လိုသည့်ရာထူး၊ ကိုက်ညီသောအရည်အချင်း၊ လုပ်ခလစာတို့ကို ဖြည့်စွတ်ကာ  1875jobsearch@gmail.com သို့ ပေးပို့လျှောက်ထားနိုင်မည်ဖြစ်သည်။

အလုပ်အကိုင်ရရှိပါက ၀န်ထမ်းများ အနေနှင့် ၀န်ဆောင်ခကိုပေးရန်မလိုအပ်ဘဲ လုပ်ငန်းရှင်များဘက်က အဆိုပါဝန်ဆောင်ခကို ပေးချေရမည်ဖြစ်ကြောင်း Call Center မှ သိရသည်။

မြ၀တီနယ်စပ်တွင် သောင်တင်နေသည့် အလုပ်သမား ၄၀၀၀ ကျော်အနက် ၃၀၀၀ ၀န်းကျင်မှာ ထိုင်းနိုင်ငံတွင် အလုပ်ရရှိ


R-11-8

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

မြ၀တီနယ်စပ်တွင် သောင်တင်နေသည့် မြန်မာအလုပ်သမား ၄၀၀၀ ကျော်အနက် အလုပ်သမား ၃၀၀၀ ၀န်းကျင်မှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်မှ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ အလုပ်ခေါ်စာ (Demand Letter) မရှိဘဲ အလုပ်သမား စုဆောင်းခြင်း၊ အလုပ်ခေါ်စာတွင် ခွင့်ပြုထားသော အလုပ်သမားဦးရေ ပမာဏထက် ပိုမိုစုဆောင်းခြင်း၊ အလုပ်ခေါ်စာ ရှိသော်လည်း ထိုင်းနိုင်ငံဘက်မှ အလုပ်ခေါ်ယူမှု နောက်ကျခြင်း၊ ပွဲစားများမှတစ်ဆင့် လူစုဆောင်းခြင်း စသည့်အကြောင်းအရင်းများကြောင့် ယခုကဲ့သို့ မြ၀တီနယ်စပ်တွင် အလုပ်သမား ၄၀၀၀ ကျော် သောင်တင်နေရခြင်းဖြစ်ကြောင်း သိရသည်။

"မြ၀တီမှာ သောင်တင်နေတဲ့ အလုပ်သမားတွေထဲက ၃၀၀၀ ၀န်းကျင်က ထိုင်းနိုင်ငံမှာ အလုပ်ရသွားပါပြီ။ ကျန်တာကတော့ ၁၀၀၀ ၀န်းကျင်လောက်ကတော့ မြ၀တီမှာ ရှိနေသေးတယ်။ သူတို့ အလုပ်အမြန် ရဖို့အတွက် ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောကြားသည်။

အလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမား ပို့ဆောင်ခွင့်ပြုထားသည့် အေဂျင်စီ ၆၂ ခု ရှိသော်လည်း ထိုင်းနိုင်ငံသို့ အမှန်တကယ် အလုပ်သမားပို့ဆောင်နေသည့် အေဂျင်စီမှာ ၂၄ ခုသာရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဖူလုံရေး ၀န်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံ သံရုံးမှတစ်ဆင့် စိစစ်ကာ လုပ်သားစုဆောင်းခွင့် ပြုထားသည့် လူဦးရေ ၂၀၀၀၀ ကျော်ရှိပြီး လုပ်သား ၈၉၄၄ ဦးမှာ စေလွှတ်ပြီးဖြစ်ကြောင်း၊ ၂၇၈၇ ဦးမှာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြ၀တီနယ်စပ်တွင် သောင်တင်နေသည့် အလုပ်သမား ၄၅၀၀ ပြဿနာအား ဖြေရှင်းလျက်ရှိသည်ဟု သိရသည်။

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပြေးဆွဲမည်

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည် အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။

"Tiger Airways လေကြောင်းလိုင်းက အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပျံသန်းဖို့ စီစဉ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။

ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း . . . . .

Tiger Airways လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော စင်ကာပူနိုင်ငံ အခြေစိုက် သုံးခုမြောက် လေကြောင်းလိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ စင်ကာပူနိုင်ငံ အခြေပြု၍ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော အခြားလေကြောင်းလိုင်းများမှာ Singapore Airline နှင့် Silk Air လေကြောင်းလိုင်းတို့ ဖြစ်သည်။

ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး၊ ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်း ရှိသည်။

၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၅ လိုင်းသာရှိပြီး၊ ၂၀၁၂ ပွင့်လင်းရာသီ ကာလမှ စတင်ကာ ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံများ ဖြစ်သည်။ ယင်းပြင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်းသက်ချိန်အား နေ့အချိန်တွင် ဆင်းသက်နိုင်ရန် ဦးစားပေး ညှိနှိုင်းသွားမည်ဖြစ်ပြီး၊ လက်ရှိပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းအား ညအချိန်တွင်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဇနီးကိုသတ်သူ အင်းတကော်ရဲက ဖမ်းလိုက်ပြီ

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်၊ အင်းတကော်ကျေးရွာ ရဲစခန်း အပိုင်၊ သပြေကုန်းကျေးရွာတွင်
(၉.၈.၂၀၁၃)နေ့ ည(၇း၀၀)အချိန်ခန့်က အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

သတင်းအရ အင်းတကော် ရဲစခန်းမှူး ရဲအုပ်ကျော်တင်ဦးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးရာ ထိုကျေးရွာနေ ဒေါ်သန်းသန်းမြင့်၊ အသက်(၅၅)နှစ်မှာ ၄င်းနေအိမ်ဘေးရှိ လူမနေသော အိမ်ခြံထဲတွင် နောက်စေ့ ဒါဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။

စခန်းမှူးနှင့် အဖွဲ့ မှ ဆက်လက် စစ်ဆေးဖော်ထုတ်ရာ တရားခံ ဒေါ်သန်းသန်းမြင့်၏ ခင်ပွန်းချိုကြီး၊
အသက်(၃၇)နှစ်အား လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

အမှုဖြစ်စဉ်မှာ ထိုနေ့ညက ဒေါ်သန်းသန်းမြင့်၏ ဒုတိယအိမ်ထောင် ချိုကြီးမှ နင့်သမီးကို ငါယူမယ်ဟု ပြောသဖြင့် ဒေါ်သန်းသန်းမြင့်မှ တွန်းလိုက်ရာ ချိုကြီးက စိတ်ဆိုးပြီး နှစ်တောင်ခန့်ရှိသော ဒုတ်ဖြင့် နောက်မှ နောက်စေ့အားရိုက်ရာ ဒေါ်သန်းသန်းမြင့်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အင်းတကော် ရဲစခန်းမှ တရားခံချိုကြီးအား ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

KoThant Zin

by Myanmar News Now

လွိုင်ကော်တွင် ၁,၅၀၀ တန် ဖုန်းဆင်းကဒ်များကို ပွဲစားမှ တဆင့် မှာယူရောင်း ချနေရ

မြန်မာကျပ်ငွေ ၁,၅၀၀ တန် CDMA နှင့် GSM ဖုန်းဆင်းကဒ်များကို ဈေးကွက်အတွင်းတွင် အသုံးပြုလိုသူရှိ လာပါက ပွဲစားမှ တဆင့် လိုအပ် သည့် အရေအတွက်အားလှမ်း မှာယူ၍ ရောင်းချနေရကြောင်း ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဖုန်းနှင့် ဖုန်းအပိုပစ္စည်း ရောင်းဝယ်ရေး ဆိုင်များထံမှ သိရသည်။

"ကျနော်တို့ မှာယူတဲ့အခါမှာလည်း တစ်ခါတလေ မှာထားတဲ့အချိန်တိုင်း လိုသလောက် မရပါဘူး။ ကျနော်တို့ဘက်က ပွဲစား လက်ထဲက လက်ကျန်ရှိမှ ရောင်းရတယ်။ မှာထားရင်လည်း စောင့်ရတယ်။ သူ(ပွဲစား)ဘယ်က ဒီကဒ်တွေရသလဲဆိုတာတော့ မသိဘူး" ဟု Techno World ဆိုင်မှ ဆိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိ လွိုင်ကော်ဈေးကွက်၌ ၁,၅၀၀ တန် CDMA 800 ဖုန်းဆင်းကဒ်မှာ ရှစ်သောင်းနှစ်ထောင်(၈၂,၀၀၀) ပေါက်ဈေးရှိပြီး GSM မှာမူ တစ်သိန်းတစ်သောင်းငါးထောင်(၁၁၅,၀၀၀) ပေါက်ဈေးရှိကာ CDMA မှာ အရောင်းသွက်နေပြီး GSM ဖုန်းဆင်းကဒ် မှာမူ အ၀ယ်ငြိမ်နေကြောင်း သိရသည်။

မြန်မာအစိုးရက ကယားပြည်နယ်တွင် ၁,၅၀၀ တန် ဖုန်းဆင်းကဒ်များကို အနည်းငယ်သာချထားပေးပြီး မြို့နယ် တစ်မြို့နယ်လျှင် ဖုန်းကဒ် ၆ ကဒ်နှုန်းသာ ချပေးသဖြင့် ပြည်နယ် ရှိလူထု၏ ဖုန်းဆင်းကဒ်လို အပ်ချက်အရ ပွဲစားများထံမှတဆင့် မှောင်ခိုဈေးကွက် တွင်ကျယ်နေခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက "အစိုးရက ဖုန်းဆင်းကဒ်ချပေးလိုက်ပြီဆိုရင် အစိုးရ၀န်ထမ်းတွေက သုံးပုံတစ်ပုံယူတယ်။ အဲဒီသူတို့ ယူထားတဲ့ ဖုန်း ဆင်းကဒ်ကို ပွဲစားနဲ့ချိတ်ဆက်ပြီး ဆိုင်ကို ရောင်းတယ်။ ဒါကြောင့် ဖုန်းဆင်းကဒ်တစ်ခုရဖို့က မလွယ်ဘူး။ နောက် ဈေးပေါပေါနဲ့ ရမယ့်ဟာကို ဈေးကြီးပေးပြီး ပြန်ဝယ်ရတာတွေရှိတယ်"ဟု ပြောဆိုသည်။

ကယားပြည်နယ်၏ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် မိုဘိုင်းဆင်းကဒ်များကို အစိုးရက ဧပြီလတွင် ပထမအကြိမ်အဖြစ် CDMA ဖုန်းဆင်းကဒ်ပေါင်း ၅၅၀ ခုနှင့် မေလတွင် ဒုတိယအကြိမ်အဖြစ် GSM ဖုန်းဆင်းကဒ်ပေါင်း ၈၀၀ခုချပေးခဲ့ပြီး တတိယအ ကြိမ်အဖြစ် GSM ဖုန်းဆင်းကဒ်ကို မကြာမီ ထပ်ချပေးရန် ရှိသည်ဟု သိရသည်။

အစိုးရမှ ထိုသို့ ဖုန်းဆင်းကဒ်ချပေးခဲ့ရာ၌ ကယားပြည်နယ်တွင်းရှိ ကျေးရွာ (၂၀)ပါဝင်သော နွားလ၀ိုး ကျေးရွာအုပ်စုတွင် ယခု အချိန်ထိ မိုဘိုင်းလ်ဆင်းကဒ် ၃ခုသာ ရရှိသေးသည်ဟု ဒေသခံများက ဆိုသည်။

ကယားပြည်နယ်တွင် 800 MHZ မိုဘိုင်းလ်စခန်း ၆ ခုကို လွိုင်ကော်၊ ဖရူးဆိုး၊ ဘော်လခဲ၊ မယ်ဆဲ့၊ မော်ချီး စသော မြို့နယ်များ တွင် တပ်ဆင်ထားပြီး မိုဘိုင်းလ် BTS စခန်းများ ရရှိရန်အတွက် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြထားမှုရှိများရှိကြောင်းလည်း သိရသည်။

လန်ခရူဆာယာဉ် ရေမြောင်းထဲပြုတ်ကျ၊ သုံးဦးရေနစ်သေဆုံး

ရန်ကုန်၊ သြဂုတ် ၉

ရခိုင်ပြည်နယ် မင်းပြား-ပေါက်တော လမ်းမကြီးပေါ်တွင် သြဂုတ်လ ၈ ရက်နေ့က တိုယိုတာလန်ခရူဆာ အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးရှိ ရေမြောင်းကြီးထဲ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်တွင် ပါလာသော လူသုံးဦး ရေနစ်သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မင်းပြား-ပေါက်တော လမ်းဖောက်လုပ်စဉ်က တူးထားသော အကျယ် ပေ ၂၀ ခန့်၊ အနက် ၁၅ ပေ ခန့်ရှိသည့် ရေမြောင်းထဲကို ပြုတ်ကျခဲ့သည့် အဆိုပါယာဉ်တွင် လူခုနစ်ဦး လိုက်ပါခဲ့ရာ ယာဉ်မောင်း အပါအဝင် သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း မင်းပြားမြို့နယ် တွင် နေထိုင်သူ ဦးစိုးမင်းက ပြောကြားသည်။

အဆိုပါ သေဆုံးသွားသူများသည် မင်းပြားမြို့နယ် မော်ကျေးရွာမှ ဒေသခံများဖြစ်ပြီး ချောင်းချေကျေးရွာသို့ သွားသည့် ခရီးတွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သေဆုံးသွားသော ယာဉ်မောင်းဖြစ်သူ ဦးကိုကိုသိန်းကို မင်းပြားမြို့နယ် ရဲစခန်းက ယာဉ်(ပ)၇/၂၀၀၃၊ ပြစ်မှုပုဒ်မ ၃၀၄(က) ၃၀၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရသည်။

(ကောင်းဆက်နိုင်)

The Voice Weekly

ရေဘေးသင့် ဒုက္ခသည် ကလေးငယ်တွေ ကူညီနိုင်ရေး ပန်းရဲ့လမ်း ဂီတအဖွဲ့ ရန်ပုံငွေရှာ

ကရင်ပြည်နယ် ရေဘေးဒုက္ခသည်စခန်းတွေက ကလေးတွေအတွက် ကျောင်းသုံးစာအုပ်တွေ လှူဒါန်းနိုင်ဖို့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ ဂီတဖျော်ဖြေပြီး အလှူခံခဲ့ပါတယ်။

NLD ပညာရေးကွန်ရက်နဲ့ ပူးပေါင်းပြီး ကလေးငယ်တွေ ပညာရေးအတွက် ကူညီနေတာလို့ ပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် ကိုသားထွေးက RFA ကို ပြောပါတယ်။

"တောင်ဥက္ကလာမှာ ပြီးသွားတယ်၊ ကရင်ပြည်နယ်မှာ လိုအပ်နေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဖတ်စာအုပ်တွေက ရေထဲမျောကုန်တယ်၊ အဲဒါအတွက် ဝယ်မယ်ဆိုတော့ ကျနော်တို့ပထမ ၅ ရက်၊ ၆ ရက်နေ့ကရတဲ့ ပိုက်ဆံနဲ့လှူခဲ့ပြီ၊ အခုဒီနေ့ရတဲ့ဟာ တနင်္လာနေ့ကျရင် သွားလှူမယ်လေ"

ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေကလည်း ရန်ကုန်မြို့၊ ဘုရင့်နောင်နဲ့ ကန်တော်လေးမြို့နယ်တွေက စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွေမှာ ဖျော်ဖြေပွဲတွေလုပ်ပြီး အလှူခံခဲ့ပါတယ်။ ဒါ့ပြင် ဇူလိုင်လဆန်းပိုင်းကလည်း ရေရှားပါးမှုပြဿနာကြုံနေရတဲ့ ချောက်မြို့မှာ သွားရောက်အလှူခံပေးခဲ့သလို၂ဝ၁၂ ခုနှစ်တုန်းကလည်း ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါတယ်။

RFA Burmese

မယ်ဇလီပင်ချောင်းထဲတွင် အမျိုးသမီး တစ်ဦး ရေစီးအတိုင်း မျောပါသေဆုံး

နတ်မောက် သြဂုတ် ၁ဝရက်

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ နယ် မယ်ဇလီပင်ကျေးရွာတွင် ဦးဘိုကောင်း၏ သမီးဖြစ်သူ မခင်ချိုဝင်း အသက်(၂၅နှစ်)သည် သြဂုတ်လ၉ ရက်နေ့  ညနေက မိမိယာခင်းထဲမှ နှမ်းနှုတ်ပြီးပြန်အလာ မယ်ဇလီပင်ချောင်းစပ်၌ ကြိုတင်ရောက့်ရှိနေသော တရွာထဲနေ ကိုစန်းနိုင်၊ ကိုဘိုလင်း၊ ကိုဘိုဝင်းနှင့် ကိုအောင်မျိုးဝင်း(ခ)ကုလားတို့ နှင့်အတူ လက်တွဲကာ ရင်ပေါင်တန်း အနေအထား အတိုင်း ဖြတ်ကူးခဲ့ကြသည်။

ထိုနေ့ က မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ချောင်းရေသည် အလွန်များစွာ စီးဆင်းနေသည့် အချိန်ဖြစ်၍ မခင်ချိုဝင်းနှင့် အတူ ငါးယောက်စလုံး ရေစီးအတိုင်းမျောပါသွားရာ မခင်ချိုဝင်းမှ အပကျန်လေးဦးမှာ ချောင်းနံဘေးတွင်ရှိနေသော ချုံနွယ်များ နှင့်ကျောက်ခဲများကို ဆွဲကန်ကာအသက်ဘေးမှ ကင်းလွတ်ခဲ့ကြရကြောင်း အတူဖြတ်ကူးသူတွေ ပြောပြချက်အရ သိရသည်။

မခင်ချိုဝင်းမှာ ရေစီးကြောင့် အဖော်များနှင့် လက်တွဲပြုတ်ကာ ရေစီးအတိုင်းမျောပါသွားပြီး စတင်ဖြတ်ကူးသည့်နေရာ နှင့် တစ်မိုင်ခန့် အကွာ ချောင်း၏ အလယ်တွင်ရှိနေသော သဲသောင်ခုံထဲသို့ ခေါင်းထိုးနေကာ အနောက်သို့ ဦးခေါင်းပြု၍ မှောက် လျှက်အနေအထားဖြင့် ခန္ဒာ ကိုယ်ပြင်ပဒဏ်ရာမတွေ့ ရပဲ သေဆုံးနေသည်ကို တွေ့ ရကြောင်း နတ်မောက်မြို့  မြို့ မရဲစခန်းမှ တာ ဝန်မှူးဖြစ်သူ ဒုရဲအုပ်ကျော်ဝင်းမြင့်က ရှင်းပြသည်။

သတင်းရလျှင်ရခြင်း နတ်မောက်မြို့ နယ်မြို့ မရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းမြင့်နှင့် အဖွဲ့ သည်မယ်ဇလီပင်ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ရှိသူ ဦးခင်မောင်သိန်းနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကာ ရဲလုပ်ငန်းများနှင့် အညီ ဆောင်ရွက်ပြီးလျှင် အလောင်းကို မှုခင်းဆေးစာဖြင့်နတ်မောက်ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပေါ် ဦး(နတ်မောက်)

ကျပ်သိန်းတစ်ထောင်ကျော်တန် ဘိန်းဖြူများ ဖမ်းမိ

၉-၈-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ ဝင်များသည် ရဲတပ်ကြပ် အောင်အောင် ၏ သတင်းရယူမှုဖြင့် မြစ်ကြီးနားမြို့ ၊ အောင်နန်းရပ်ကွက်၊ "ရွှေမြို့ တော်" တည်းခိုခန်း၊ အခန်းအမှတ်(B-004)သို့ ၀င်ရောက် စစ်ဆေး ရှာဖွေခဲ့သည်။

အဆိုပါ တည်းခိုခန်း အတွင်း တည်းခိုနေ  သူများ ဖြစ်ကြသော ဒေါ်လဗျခေါန်(ခ)မခေါန် နှင့် မခေါနန် တို့ နှစ်ဦးအား အသင့်တွေ့ ရှိရပြီး ၄င်းတို့နှစ်ဦးအနီးမှ အပြာရောင် ခရီးဆောင်အိတ်ဖြင့် ထည့်ထားသည့် ပလပ်စတစ် အကြည်အိတ် များဖြင့် ထုပ်ထားသော ဘိန်းဖြူမှုန့် အလေးချိန် (၇)ဂရမ်ခန့်ပါ (၁)ထုပ်၊ (၉)ဂရမ်ခန့်ပါ (၁)ထုပ်၊ (၁၀)ဂရမ်ခန့်ပါ(၁)ထုပ်၊ (၁၁)ဂရမ်ခန့်ပါ(၃)ထုပ်၊ (၁၂)ဂရမ်ခန့်ပါ(၂၄)ထုပ်၊ (၁၃)ဂရမ်ခန့်ပါ (၄၈)ထုပ်၊ (၁၄)ဂရမ်ခန့်ပါ(၂)ထုပ်၊ (၁၅)ဂရမ်ခန့်ပါ(၉)ထုပ်၊ (၁၆)ဂရမ်ခန့်ပါ (၂)ထုပ်၊ (၁၇)ဂရမ်ခန့်ပါ (၉)ထုပ်၊ စုစုပေါင်း ပလပ်စတစ်ဖြင့် ထုပ်ထားသော အထုပ်(၁၀၀)ထုပ် အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၁.၃၁၉)ကီလိုဂရမ်ခန့် (ကာလန်ဖိုး ကျပ်သိန်း တစ်ထောင့် ငါးဆယ် ငါးသိန်းနှစ်သောင်းကျပ်)၊ မူးယစ်ဆေးဝါး ရောင်းချရငွေ ကျပ်နှစ်သိန်းတိတိ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း(၂)လုံး တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်း ရမိခဲ့သည်။

့ယခုအခါ ၄င်းတို့(၂)ဦးအား မြစ်ကြီးနား နယ်မြေရဲစခန်း မယ(ပ)၁၀၃/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ  ၁၀-၈-၂၀၁၃ ရက်နေ့ ၀၂၃၀ အချိန် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း ရဲစခန်း တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။ 

by Myanmar News Now

အမြန်လမ်း၌ ယာဉ်တိမ်းမှောက်၍ နှစ်ဦးသေ

နေပြည်တော် သြဂုတ် ၁ဝ

ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်-မန္တလး အမြန်လမ်း မိုင်တိုင် အမှတ် ၃၉ (၂/၃)တွင် မန္တလေးမှ မောင်းနှင်လာသည့် ပါဂျဲရိုး ခဲရောင် ၉ဂ/၇၃၄၆ သည် ရှေ့ညာဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်း ကျော်စွာချင် (၄၃)နှစ်နှင့် ယာဉ်ပေါ်ပါလာသူ မလှလှသိန်း(၂၁) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ယာဉ် ပေါ်ပါသူ ကိုအောင်လင်း (၃၈)နှစ်မှာ ပဲခူးဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ အမြန်လမ်း ရဲတပ်ဖွဲ့နှင့် အမြန်လမ်း ပြင်ထိန်းအဖွဲ့တို့က လာရောက်ကူညီပေးခဲ့ပြီး အမှုကို ဘောနက်ကြီးရဲစခန်းက အမှုဖွင့် အရေးယူထားသည်။ 

(ခရမ်းစိုးမြင့်)

The Mirror Daily

လှည်းတန်းစင်တာအနီး တိုက်ခန်းတစ်ခုမှ မိန်းကလေးတစ်ဦး ခုန်ချရန်ကြိုးစား


သြဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃းooနာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် လှည်းတန်းစင်တာ အနောက်ဘက်ရှိအေးငြိမ်းသာဆေးခန်း၏ အပေါ်ထပ်ခြောက်လွှာမှ ဆယ်ကျော် သက်ဝန်းကျင်အရွယ်မိန်းကလေးတစ်ဦးတိုက်ပေါ်မှခုန်ချရန်ကြိုးစားခဲ့ရာ တာဝန်ရှိသူများမှ
အချိန်မှီကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဆယ်ကျော်သက် ၀န်းကျင်အရွယ် မိန်းကလေး တိုက်ပေါ်မှခုန်ချရန်ကြိုးစားနေချိန်တွင် မိနစ်သုံးဆယ်အတွင်း
ကယ်တင်နိုင်ခဲ့ကြောင်းဝင်ရောက်ကယ်ဆယ်မှုပြုလုပ်ခဲ့သည့် သူတစ်ဦး၏ပြောဆိုချက်အရသိရသည်။

"ဒီတိုက်ခန်းတွေမှာက လူမနေဘူး။ သူဘယ်လိုရောက်နေမှန်းလည်းမသိဘူး။ကျွန်တော်တို့တောင် ၀န်ရံတာမှာ ဖောက်ထားတဲ့အပေါက်ကနေ၀င်ပြီးတော့ကယ်ခဲ့ရတာ ဘာကြောင့်ခုန်ချမယ် ဆိုတာကိုလည်း
မသိဘူး။"ဟုဝင်ရောက်ကယ်ဆယ်ခဲ့သူ တစ်ဦးကပြောသည်။

မိန်းကလေး ခုန်ချမှုပြုလုပ်မည့် တိုက်ခန်းမှာလူနေထိုင်ခြင်းမရှိသည့်တိုက်ခန်းဖြစ်ကြောင်းနှင့်မိန်းက လေးမှာအိမ်ဖော်မိန်းခလေးတစ်ဦးဖြစ်သည်ဟု ခန့်မှန်းမိကြောင်းနှင့်အဆိုပါတိုက်ခန်းတွင် မည်ကဲ့သို့ ရောက်ရှိနေခြင်းကို မသိရှိကြောင်းပတ်ဝန်းကျင်၌နေထိုင်သူများထံမှ သိရသည်။

စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က  အဆိုပါမိန်းကလေးကိုကယ်ဆယ်မှုပြုလုပ်ခဲ့ပြီးမိန်းကလေးအား ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ သူ့ကို ကယ်ထားလိုက်နိုင်ပါတယ်။ကလေးမလေးကတော့တအားကြောက်လန့်နေပါတယ်။ သူမကြောက်ဖို့ ၀ိုင်းပြီးချော့နေပါတယ်။"ဟုမီးသတ်တပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမာရွတ်မြို့နယ်အတွင်း ကိုယ့်ကိုယ်ကို သတ်သေသော အမှုများရှိခဲ့ကြောင်းနှင့် မိဘနှင့်ဝေးကာလာရောက် အလုပ်လုပ်ကိုင်သည့်သူများအဖြစ်များလေ့ရှိကြောင်းလှည်းတန်းတွင်နေထိုင်သည့် ဒေသခံပြည်သူများက
ပြောသည်