Wednesday, August 14, 2013

လမ်း ၃၀ အသည်း အထူးကု ဆေးခန်း မိသားစု အဖွဲ့မှ အခမဲ့ ဆေးကုသမှုများ ပြုလုပ် ပေးခဲ့

အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ဦးဆောင်တဲ့ လမ်း ၃၀ အသည်း အထူးကု ဆေးခန်း မိသားစုများမှာ သြဂုတ်လ

၁၁ ရက်နေ့က မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့၊ ၀က်ဂေါင်း ကျေးရွာမှ အခမဲ့ ဆေးကုသမှုများ ပြုလုပ်ပေး ခဲ့ပါတယ်။ ဒီလို အခမဲ့ ကုသပေး ရာမှာတော့ အဆိုပါ ကျေးရွာ အတွင်း မှာရှိတဲ့ ဒေသခံ များကို ဆရာဝန်များ၊ သူနာပြု အဖွဲ့ဝင် များက အထွေထွေ ရောဂါကုသ ပေးခြင်း၊ အသည်းရောဂါ ကုသပေးခြင်း၊ ကလေးငယ် များနဲ့ သက်ဆိုင်သော ရောဂါ များအား ကုသပေးခြင်း၊ သွားဘက် ဆိုင်ရာ ရောဂါများ ကုသပေးခြင်းနဲ့ သွေးစစ် ပေးခြင်း တို့ကိုလည်း အခမဲ့ ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ အဖွဲ့ အနေနဲ့ နယ်လှည့် အခမဲ့ ဆေးကုသမှုများကို လစဉ်လတိုင်း နယ်များကို သွားရောက်ကာ လှည့်လည် ကုသပေး လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင် လာတဲ့ ဗောဓိ ညောင်ပင်ပေါက် ကိုလည်း အဆိုပါ ရွာမှ ဒေသခံများ ရွာသားများ ညောင်ရေ သွန်းလောင်းဖို့ အတွက်လည်း ပင့်ဆောင် စိုက်ပျိုး ပေးခဲ့တယ်လို့ သိရပါတယ်။

 

ကရင်ပြည်နယ် ကော့ကရိတ် ရဲစခန်းအား DKBA တပ်ဖွဲ့က လက်နက်ဖြင့် ၀ိုင်းသည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့

ကရင်ပြည်နယ်ရှိ ကော့ကရိတ် ရဲစခန်းအား သြဂုတ် ၁၂ ရက် နေ့လယ်တွင် DKBA (တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်)က လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ် ဒေသခံများ၏ ပြောကြားချက်အရ သြဂုတ် ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် DKBA တပ်ဖွဲ့ဝင် ၄၀ ဦးခန့်က ကော့ကရိတ် ရဲစခန်းအား လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ၀ိုင်းခဲ့သည့် ဖြစ်ရပ်သည် မည်သည့်ကိစ္စကြောင့် ဖြစ်သည်ကို တိတိကျကျ မသိရှိရဘဲ သြဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိနေပြီး DKBA နှင့် ဆက်နွှယ်သော ဂိမ်းဆိုင်များအား ကော့ကရိတ် ရဲစခန်းမှ ၀င်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကာ ဖမ်းဆီးခြင်းများ မရှိခဲ့သော်လည်း ဆိုင်မှပစ္စည်းအချို့ကို သိမ်းယူသွားခြင်းများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ခရိုင်ရဲတပ်ဖွဲ့ ဝင်တွေက စီမံချက်နဲ့ လောင်းကစားဝိုင်း (ဂိမ်းဆိုင်)တွေကို ၀င်ဖမ်းတယ်။ ပစ္စည်းတွေကို သော့ပိတ်ပြီး ထားခဲ့တယ်။ နောက်နေ့တော့ ရဲစခန်းကို သယ်သွားတယ်။ ဒါကြောင့် DKBA တပ်ဖွဲ့ ဝင် ၄၀ လောက်က ရဲစခန်းကိုလာပြီး ပစ္စည်းပြန်ရဖို့ ပြန်တောင်းတယ်။ ရဲစခန်းကလည်း တံခါးပိတ်ပြီး အသင့်အနေအထား ယူခဲ့တယ်။ အဲဒီနေ့ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ တစ်ခါ ခရိုင်ရဲတပ်ဖွဲ့ရုံးကို သွားတယ်။ နေပြည်တော်ကို ဆက်သွယ်ပြီး ဖြေရှင်းတယ် ထင်တယ်။ ခဏကြာတော့ ပြန်သွားကြတယ်။ ညကျတော့ စစ်တပ်က ရဲစခန်းထဲဝင်ပြီး နေရာယူတယ်။ မနေ့က တစ်မြို့လုံး စိုးရိမ်နေတယ်။ ဒီနေတော့ ဘာသံမှ မကြားသေးဘူး" ဟု ကော့ကရိတ် မြို့ခံတစ်ဦးက သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

"၀ိုင်းတာမဟုတ်ပါဘူး။ လူကြီးချင်း တွေ့ကြတာပါ။ မနေ့က အဲဒီသတင်းနဲ့ ပတ်သက်ပြီး ကော့ကရိတ် ဆက်ဆံရေးရုံးကို လှမ်းမေးကြည့်ပါတယ်။ သူတို့က ၀ိုင်းတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။ လူကြီးချင်းတွေ့တော့ DKBA ဘက်က ဗိုလ်ကြီးနှစ်ယောက် ပါပါတယ်။ သူတို့သွားတဲ့အခါ သူတို့မှာ လုံခြုံရေး ရဲဘော်တွေ ပါသွားပါတယ်။ အဲဒါကြောင့် လူများသွားတာပါ။ လူ ၄၀ လောက် ၀ိုင်းတယ်ဆိုတာ မဟုတ်ပါဘူး" ဟု မြ၀တီမြို့မှ DKBA အရာရှိ တစ်ဦးက ပြောကြားသည်။ ကော့ကရိတ် ရဲစခန်းသို့ မည်သည့်ကိစ္စဖြင့် သွားရောက်သည်ဆိုသော ကိစ္စနှင့် သြဂုတ် ၁၀ ရက်က ဖြစ်ခဲ့သော ကိစ္စရပ်များကို ၎င်းအနေဖြင့် တိတိကျကျ မသိရှိကြောင်း DKBA အရာရှိက ပြောကြားသည်။

"DKBA တွေက ကော့ကရိတ်ရဲစခန်းကို လာဝိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်နှစ်အိမ်မှာ တရားမ၀င် ဖွင့်လှစ်ထားတဲ့ ဂိမ်းဆိုင်နှစ်ဆိုင်ကို ဖမ်းဆီးချိတ်ပိတ်ခဲ့တယ်။ ဒါ့ကြောင့် DKBA တွေက သူတို့ဂိမ်းစက်တွေပါ ဆိုပြီးတော့ ကော့ကရိတ် ရဲစခန်းမှာ လာပြန်တောင်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ ဥပဒေကြောင်းအရ တရားမ၀င် ဂိမ်းဆိုင်ဖွင့်ထားတဲ့ သူတွေကို အရေးယူထားတဲ့အပြင် သူတို့လာပြီးတောင်းတဲ့ ဂိမ်းစက်တွေကိုလည်း ဥပဒေအရပဲ ဆက်လက်ဆောင်ရွက် ထားပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က သြဂုတ် ၁၃ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်က ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ဆက်စပ်ပြီး ထိုနေ့ညပိုင်းနှင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းများတွင် မြ၀တီမြို့ပေါ်၌ ကရင်တိုင်းရင်းသား လက်နက်ကိုင်များအကြား လှုပ်ရှားမှု အနည်းငယ် ရှိခဲ့သော်လည်း သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင်မူ တည်ငြိမ်သွားကြောင်း မြ၀တီမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

မုံရွာတွင် လက်ပံတောင်းအရေးလှုပ်ရှားသူ ၁၀ ဦးကို ရဲများကဖမ်းဆီး

မုံရွာမြို့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် လူအင်အား ၁၅၀ ခန့်က သြ ဂုတ် ၁၃ ရက် တွင် စီတန်းဆန္ဒပြကြရာ ရဲများကတက်ကြွလှုပ်ရှားသူ ၁၀ ဦးကို ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ဒေသရဲစခန်းမှ စုံစမ်း ရရှိသည်။

"ဒေါ်နော်အုန်းလှအပါအ၀င် လူ ၁၀ ဦးကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်" ဟု ယင်းဒေသရှိ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြုသည်။

ဆန္ဒပြသူများသည် လက်ပံတောင်းတောင်တွင် သပိတ်စခန်းဖွင့်နေသော သံဃာနှင့် ပြည်သူများကို အကြမ်းဖက်
ဖြိုခွင်းခဲ့သည့်ဖြစ်ရပ်ကို ရည်ရွယ်ကာ "ပြည်သူလူထုအား နှိပ်စက်သော ရဲတပ်ဖွဲ့ဝင်များ အပေါ်အရေးယူပေးရေး" ဟူသည့် ကြွေးကြော်သံကိုလည်း ဟစ်ကြွေးခဲ့ကြသည်။

ယခုဆန္ဒပြပွဲကို ခေါင်းဆောင်သူ ဒေါ်နော်အုန်းလှသည် ဆန္ဒပြပွဲပြုလုပ်ရန် ပြီးခဲ့သည့် ရက်သတ္တပတ် ကတည်းက အာဏာပိုင်တို့ထံ ခွင့်ပြုမိန့်တောင်းခံခဲ့သေးသော်လည်း ဆန္ဒပြပွဲတွင် "အခြေခံဥပဒေပြင်ဆင်ပေးရေး" ဆိုသည့် အချက်ကို တောင်းဆိုရန်ပါဝင်သဖြင့် ခွင့်မပြုနိုင်ကြောင်း မြို့နယ်ရဲ စခန်းမှူး ဦးကြူအင်းက မဇ္ဈိမကို ပြောသည်။

ဦးကြူအင်းက အခြေခံဥပဒေ ပြင်ဆင်ပေးရေးသည် မုံရွာရှိအာဏာပိုင်များ တတ်နိုင်သည့်ကိစ္စ မဟုတ်သလို၊ ဆန္ဒပြသူများ ကြွေးကြော်တောင်းဆိုချက်တွင် ရဲများအနက်မည်သူမည်ဝါသည် ပြည်သူကိုနှိပ်စက် နေကြောင်း မပါဝင်ဘဲ ရဲတပ်ဖွဲ့တစ်ခုလုံးကို သိမ်းကျုံးကာစွပ်စွဲပြောကြားသဖြင့် ဂုဏ်သိက္ခာ ထိခိုက်နိုင် သောကြောင့်လည်း ဆန္ဒပြပွဲကို ခွင့်ပြုရန်မဖြစ်နိုင်ခဲ့ကြောင်း ဆက်ရှင်းပြသည်။

ထို့ပြင် "ဒေါ်နော်အုန်းလှက တစ်ကိုယ်တော် ဆန္ဒပြမယ်လို့သိရတာပါ။ ဒေသခံရွာက လူတွေက နေ့ လည် ၁၂ နာရီ နောက်ပိုင်းမှာ မုံရွာဘက်ကို အုပ်စုငယ်လေးတွေဖွဲ့ပြီး တစ်သုတ်ချင်းကူးလာကြပါတယ်။  နှစ်နာရီခွဲပြီးမှ
ဒေါ်နော်အုန်းလှ ရောက်လာတယ်။ နောက်ပြီးလမ်းတွေ ပိတ်ဆို့သွားအောင် အခြေအနေတွေက ရှုပ်ထွေးသွား တာကြောင့် အခြေအနေအရ ထိန်းသိမ်းလိုက်ရတာပါ" ဟု ရဲမှူး ဦးကြူအင်းမှ ဆိုသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် လက်ပံတောင်းအရေးလှုပ်ရှားသူများနှင့် ရဲများသည် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့် အမှတ် - ၃ မြို့ပတ် လမ်းထောင့်အရောက်တွင် နှစ်ဖက်အချေအတင် ပဋိပက္ခဖြစ်ပွားခဲ့ကြသေးသည်။

ထိုသို့ ပဋိပက္ခများဖြစ်ပွားပြီးနောက် ဆန္ဒပြသူ ၁၀ ဦးကို ရဲများကဖမ်းသွားခဲ့ခြင်းဖြစ်ပြီး သူတို့ကို မုံရွာ အမှတ် - ၁ ရဲစခန်းထဲတွင် ထိန်းသိမ်းထားကြောင်း စုံစမ်းရရှိသည်။

ဆန္ဒပြသူများကိုထိန်းသိမ်းထားသည့် "ရဲစခန်းဝင်းကြီးကို ပိတ်ထားလိုက်ပါပြီ။ အဲ့ဒီရှေ့က မြို့မဂါတ်ကျောင်း ဘုန်းကြီး 
ကျောင်းရှေ့မှာ သံဆူးကြိုးတွေ၊ လမ်းပိတ်တုံးကြီးတွေ ချထားတာကို တွေ့ရပါတယ်" ဟု မုံရွာမြို့ခံတစ်ဦးက လတ်တလောအခြေအနေကို ရှင်းပြသည်။

ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တွင်လည်း လက်ပံတောင်းဒေသမှ ရွာခံ အချို့သည် 
ပြန်လည်ထွက်ခွာ မသွားသေးဘဲ ရဲစခန်းရှေ့တွင်ပင် ဆန္ဒပြခဲ့သေးသည်။ နောက်ဆုံးပေးပို့သည့် သတင်းပေးပို့ချက်များ အရ အဆိုပါဖမ်းဆီးခံခဲ့ရသူများကို ရဲစန်းတွင် ခံဝန်လက်မှတ်ထိုးစေခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည်။

ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများ ရဲက ဆက်တိုက်ဝင်ဖမ်း

ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများကို ဆက်တိုက်ဝင်ဖမ်းလျှက်ရှိရာ ဩ ဂုတ် ၁၁ ရက် တစ်နေ့တည်းတွင်ပင် အနှိပ်ခန်းနှစ်ခု ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပထမဖမ်းဆီးလိုက်သည်မှာ လမ်းမတော်မြို့နယ်၊ ၅ ရပ်ကွက်၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၅ နာရီကျော်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ အော်စကာ ဟူသည့် အမည်ဖြင့်  ဖွင့်လှစ်ထားခြင်း
ဖြစ်သည် ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုဆိုင်တွင် တာဝန်ခံအဖြစ်လုပ်ကိုင် နေသော ကိုဇော်နိုင်ဆိုသူကိုလည်း ရဲများက ဖမ်းဆီးခဲ့သလို အနှိပ်သမအဖြစ် သံသယရှိသည့် မိန်းကလေးငယ် ကိုးဦးကိုလည်း ဖမ်းဆီးခဲ့သေးသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲများသည် အနှိပ်ခန်းဟု သံသယရှိသည့် ထိုဆိုင်မှ မွေ့ယာ၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ စာရင်းစာအုပ်နှင့် ငွေကျပ် ၃၂၀ဝ၀ ကိုလည်း သိမ်းဆည်းခဲ့သေးသည် ဟုလည်း ဆိုထားသည်။

ထို့အတူ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ စင်းစင်း အမည်ရသည့် အနှိပ်ခန်းကိုလည်း ည ၈ နာရီအချိန်တွင် ရဲများက ဝင်ဖမ်းခဲ့သေးသည်။

ယင်းဆိုင်တွင် အနှိပ်သမဟု သံသယရှိသည့် အမျိုးသမီးငယ် ငါးဦးနှင့်အတူဆိုင်တာဝန်ခံ ကိုဇော်ဇော်ဆိုသူတို့ကို ဖမ်းဆီးခဲ့ပြီး သက်သေခံ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုအမှုများကို ရဲများကပင် တရားလို ပြုလုပ်တိုင်တန်းထားပြီး ဖမ်းမိသူများကို တရားမဝင် အနှိပ်ခန်းဖွင့်သူများအဖြစ် စွပ်စွဲကာ အမှုဖွင့်ထားသည်ဟု ရဲစခန်းက ဆိုသည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် ဦးတိုက်လျှောက်ထားကာ တရား စွဲဆိုသွားမည်ဟုလည်း တိုင်းရဲဌာန က ထုတ်ပြန်သည်။

ရွှေတိဂုံပေါ်သို့ လက်နက်ယူဆောင်သူအမှုဖွင့်ခံရ

ရွှေတိဂုံစေတီတော်ပေါ်သို့ လက်နက်သယ်ဆောင်လာသူတစ်ဥိးကို သြဂုတ် ၁၁ ရက်တွင် ဒဂုံရဲစခန်း၌ အမှုဖွင့်ပြီး ရဲများက ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်စောင်းတန်းရှိ စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်လူတစ်ဦး စစ်ဆေးတွေ့ရှိ ထားကြောင်း ဘုရားဂေါပကအဖွဲ့၏ သတင်းပေးသဖြင့် ရဲများကသွားရောက်စုံစမ်းရာမှ ယခုအမှုပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။

ရဲများက မသင်္ကာဖွယ်လူငယ်တစ်ဦးကို စစ်ဆေးခဲ့ရာ သူ့လွယ်အိတ်အတွင်းမှ အရိုးအသွား ၁၁ လက်မခန့်ရှိသော ထိပ်ဦးချွန်ပြီး သုံးမြှောင့်ပုံရှိသည့် စကေဘာလက်နက်တစ်ခုကို တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ထိုသို့ စေတီတော်ပေါ် လက်နက်သယ်ဆောင်လာသူမှာ အသက် ၁၉ နှစ်အရွယ် ကိုအောင်ကျော်သိန်းဆိုသူ ဖြစ်ပြီး သူသည် ဒလမြို့နယ် ရဲချောင်းဝရွာတွင် နေထိုင်သူဖြစ်ကြောင်း ရဲများက အတည်ပြုထားသည်။

သူ့ကိုရဲကပင် တရားလိုပြုလုပ် တိုင်တန်းထားကာ ဒဂုံရဲစခန်းက အမှုဖွင့်ပြီး လက်နက်ဥပဒေဖြင့် တရားစွဲဆို မည်ဟု ဆိုသည်။

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း ဗိုလ်လုပွဲတက်ရန် မျှော်မှန်း

လာမည့် သြဂုတ် ၂၀ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ (AFF U-16 AYA Bank Championship 2013) တွင် အိမ်ရှင် မြန်မာ ယူ-၁၆ ဘောလုံးအသင်း အနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ယူ-၁၆ ဘောလုံးအသင်း မန်နေဂျာဦးဝင်းသူမိုးမှ ပြောကြားခဲ့သည်။

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု(ခ)တွင် စင်ကာပူ၊ လာ အို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့ ပါဝင်နေသည်။ မြန်မာ ယူ-၁၆ ဘောလုံး အသင်း မန်နေဂျာ ဦးဝင်းသူမိုးက "သြစတြေးလျအသင်းက ဒီအုပ်စုမှာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်မှာပါ။ကမ္ဘောဒီး ယားနဲ့ ဘရူနိုင်းတို့ကတော့ နိုင်ပါတယ်။ ဒါပေမဲ့
လျှော့တော့ မတွက်ထားပါဘူး။ ဗီယက်နမ်ကို သေချာ ပေါက် အနိုင်ကစားပြီး သြစတြေးလျနဲ့ပွဲမှာ အမှတ်ရသလောက် ယူမှာပါ။ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ဖို့ မှန်းထားပါတယ်" ဟု ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအား ရတနာပုံနှင့် နေပြည် တော် အကယ်ဒမီတို့မှ လူငယ်ကစားသမားတချို့ ပါဝင်သည်။ မြန်မာ ယူ- ၁၆ အသင်းသည် သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၂ ရက်တွင် သြစတြေးလျအသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၈ ရက်တွင် ကမ္ဘောဒီးယား အသင်းတို့နှင့် လည်းကောင်း ကစားရမည် ဖြစ်သည်။

နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် စီစဉ်

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့သည့် သြဂုတ် ၂၆ ရက်တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် အတွက် စီစဉ်နေသည်ဟု အဆိုပါပွဲကျင်းပရန် စီစဉ်နေသည့် ထေရ၀ါဒဓမ္မကွန်ရက်မှ သိရသည်။

အဆိုပါအခမ်းအနားကို တိပိဋကတ်သုံးပုံ အာဂုံဆောင်ဆရာတော်များနှင့် ရေစကြိုဆရာတော်၊ မော်ကွန်းဆရာတော်၊ စွန်းလွန်းဆရာတော်တို့ ပါဝင်ကျင်းပမည် ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ၅၂နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ဖြစ်သည့် သြဂုတ်၂၆ ရက်တွင် ကျင်းပမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း၊ တောင်ဒဂုံပန်းခြံ မှတ်တိုင်အနီးရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်တွင် နံနက် ရှစ်နာရီခွဲမှ စတင် ကျင်းပမည်ဖြစ်သည်ဟု ထေရ၀ါဒ ဓမ္မကွန်ရက် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးအောင်မြိုင်က ပြောသည်။

အဆိုပါအခမ်းအနား ကျင်းပခြင်းနှင့်ပတ်သက်ပြီး ဦးအောင်မြိုင်က "နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာလည်း ပြုလုပ်ဖြစ်မှာပါ။ အဲဒီနေ့မှာပဲ ကျွန်တော်တို့နဲ့ အချိတ်အဆက်ရှိတဲ့ အသင်းအဖွဲ့တွေက ပြုလုပ်မှာပါ"ဟု ပြောသည်။

ထေရ၀ါဒ ဓမ္မကွန်ရက် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင်ကလည်း "အခမ်းအနားကို သံဃာသုံးရာလောက်လည်း ပါဝင်ကျင်းပမှာပါ။ နယ်တွေမှာလည်းလုပ်ဖို့ ရှိပါတယ်။ မြို့နယ် ၁၃ မြို့နယ်လောက်က
နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ကျင်းပမယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားထားပါတယ်" ဟု ပြောသည်။

တောင်ကုတ်တွင် မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိသူများကို ရုံးတင်ပြီ

အမြင်မတူသော လူအုပ်စုနှစ်ခုကြား ပဋိပက္ခများဖြစ်ပွားမှုကို အရှိန်မြင့်တက်စေခဲ့သည့် လွန်ခဲ့သော တစ်နှစ်ကျော် က တောင်ကုတ်မြို့တွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူများကို သြဂုတ် ၁၃ ရက်က ခရိုင်တရားရုံး၌ စတင်အမှုစစ်ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းဝေက မဇ္ဈိမ ကိုပြောသည်။

၂၀၁၂ ခုနှစ်၊ ဇွန် ၂ ရက်က ဖြစ်ပွားခဲ့သည့် အဝေးပြေးကားဖြင့် တောင်ကုတ်သို့ ရောက်ရှိလာသော မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ သံသယရှိသူခြောက်ဦးကို ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် ရဲများက လိုက်လံ ဖမ်းဆီးခဲ့သည်။

လူ ၁၀ ဦး သတ်ဖြတ်မှုတွင် ပါဝင်သူများအဖြစ် သံသယရှိသည့် တောင်ကုတ်မြို့ခံများကို တရားရုံးတင် အမှုစစ်သည်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အတည်ပြုသော်လည်း တရားရုံးဆောင်ရွက်များကိုမူ ၎င်းအနေဖြင့် အတိအကျ
ပြန်လည် မပြောကြားနိုင်ကြောင်း ဆိုသည်။

သံသယရှိသဖြင့် ဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ကိုလင်းမောင်၊ ကိုသိန်းရွှေမောင်တို့နှင့် ကံပိုင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ ကိုသန်းကျော်၊ ကိုမင်းသိုက်ထွန်း၊ ဦးထွန်းဝင်းတို့ဖြစ်သည်။

ခရိုင်တရားရုံး၌ ၎င်းတို့ကိုအမှုစစ်ဆေးသည်ကို သွားရောက်လေ့လာခဲ့သော ရခိုင်လူမှုကွန်ယက်မှ ဦးမြင့်မိုးက "နေ့လည် ၁ နာရီလောက်မှာ ရုံးထုတ်တယ်။ မိနစ် ၂၀ အကြာမှာပြီးတယ်။ အားလုံးကျန်းကျန်းမာမာ ရှိတဲ့ပုံပါပဲ။ လုံခြုံရေးကတော့ တရားရုံးရဲ့ အတွင်းအပြင်မှာ အနည်းဆုံး ၂၅ ယောက်လောက် ချထားတာတွေ့ရတယ်"ဟု ပြန်လည်ပြောကြားသည်။

ကနဦးတွင် ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်သည်ကို အားပေးကူညီမှု တို့ဖြင့် တရားစွဲရန် ရဲများက စီစဉ်ခဲ့သော်လည်း ယခုအမှန်တကယ် တရားစွဲသောအခါ ပုဒ်မ ၁၁၄ အစား ပုဒ်မ ၃၄
ပြစ်မှု တစ်ခုကို လူစု၍ကြံစည်ကျူးလွန်မှုဖြင့် ပြောင်းလဲတရားစွဲဆိုကြောင်း ဦးမြင့်မိုးက ဆက်ပြောသည်။

သံသယရှိသဖြင့် တရားစွဲခံထားရသူ ကိုလင်းမောင်၏ ညီ ကိုထွန်းလင်းက ယခင်က ယင်းအမှုကို သြ ဂုတ် ၁၅ ရက်တွင် အမှုစစ်မည်ဟု မိသားစုဝင်များသိထားသော်လည်း သြဂုတ် ၁၃ ရက်တွင် ရုတ်တရက် ပြောင်းလဲ အမှုစစ်လိုက်သဖြင့် သံသယရှိသူများနှင့် မိသားစုဝင်များပင် တွေ့ခွင့်မရလိုက်ကြောင်း ဆို သည်။ ယင်းသို့ပြုလုပ်ခြင်းမှာ "လုံခြုံရေးကြောင့်ပဲ လို့ ထင်တယ်"ဟုလည်း သူက မှတ်ချက်ပြုသည်။

သံတွဲခရိုင်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း သံသယရှိသူများကို ယခုအချိန်တွင် ထောင်တွင်း၌သာ ယာယီထားပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများလည်း ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။

တအောင်းတပ်နှင့် အစိုးရတပ်တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ပလောင်(တအောင်း)ပြည် လွတ်မြောက်ရေးတပ်ဦး၏ TNLA နှင့် အစိုးရတပ်တို့ ရှမ်းပြည်နယ်ကျောက်မဲခရိုင် မိုင်းငေါ့ မြို့နယ်ခွဲအတွင်း သြဂုတ်လ ၁၂ ရက်က နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA အတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောသည်။

TNLA သည် ဇူလိုင်လ ၃၁ ရက်က ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ သြဂုတ်လ ၁၂ ရက် ပထမဆုံးရင်ဆိုင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုင်းငေါ့မြို့နယ်ခွဲတွင် အခြေချလှုပ်ရှားနေသော T.N.L.A 717 တပ်ရင်းမှူး ဗိုလ်ကြီးတာအိုမ်တမောဝ်၏ အဖွဲ့က မိုင်းငေါ့မြို့နယ်ရှိကျေးရွာပြည်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအတွက် စည်းရုံး ဟောပြော၍အပြန် ကွန်စလံကျေးရွာအထွက်တွင် အစိုးရ၏ နမ့်လန်းအခြေစိုက် မြန်မာစစ်တပ် ခမရတပ် ရင်း ၁၇ နှင့် နာရီဝက်ခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု မိုင်းဘုန်းကျော်က ပြောသည်။

"ကျွန်တော်တို့ တပ်ရင်း ၇၁၇ တပ်ရင်းမှူးနဲ့အဖွဲ့က ကွန်စလံရွာကို သွားပြီးတော့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေး စည်းရုံးရေး ဟောပြောပွဲလုပ်တယ်။ အဲဒီကနေ နေ့လယ် ထမင်းစားပြီးအပြန် ရွာကနေထွက်တဲ့ အချိန်မှာ အစိုးရ တပ်ရင်း ၁၇ က နောက်ကနေ လိုက်တိုက်တာ ရွာအပြင်ဘက် လမ်းဆုံရောက်တဲ့အချိန် မှာ သူတို့ဘက်က နှစ်ယောက် ဒဏ်ရာရတော့ သူတို့ ပြန်ဆုတ်သွားတယ်"ဟု မဇိ္ဈမကို ပြောသည်။

တိုက်ပွဲအတွင်း အစိုးရဘက်မှနှစ်ဦးဒဏ်ရာရရာ ၎င်းတို့ TNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူက ဆိုသည်။ အဆိုပါဖြစ်စဉ်ကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရန်အတွက် တိုက်ပွဲများအရှိန်လျော့သွားပြီး
နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်မှ ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း မိုင်း ဘုန်းကျော်က ပြောသည်။

နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက် ရှမ်းပြည်နယ် မူဆယ်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကြောင့် ဒေသခံပြည်သူ များက တိမ်းရှောင်ခြင်းမရှိသော်လည်း တစ်ရက်၊ နှစ်ရက် ကြောက်လန့်၍ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိခြင်း စသည့် စိုးရိမ်မှုများ ရှိနေသည်ဟု ဆိုသည်။

အလားတူ သြဂုတ် ၁၂ ရက် တိုက်ပွဲတွင် အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် ကျေးရွာသားများ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးခိုလှုံနေရသလို၊ ရွာအတွင်း လက်နက်ကြီးများ ကျရောက်မည်ကို စိုးရိမ်သဖြင့်
ဒေသခံရွာသားများ၏ အသက်အိုးအိမ် စိုးရိမ်နေရသည်ဟု ထိုင်းနယ်စပ်အခြေစိုက် တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးက သြဂုတ်လ ၁၃ ရက်က သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

တိုက်ပွဲအခြေအနေ ဆိုးရွားလာပါက ကွင်းစလန်းကျေးရွာသားများသည် ပန်းလော၊ ပန်လုံ၊ ကျောက်ဖြူ၊ နားဟိုမိန်း စသည့် အနီးအနားရှိကျေးရွာများသို့ သွားရောက်ခိုလှုံရန်စီစဉ်ထားသည်ဟု ဖော်ပြထားသည်။

မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူရာနေရာသို့ မိန်းမလျာများ တက်ရောက်ခွင့်မပြုတော့

မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူခွင့်အတွက် အမျိုးသားများကိုသာတက်ရောက်ခွင့်ပြုသော်လည်း မိန်းမလျာများမှာ အမျိုးသမီးအ၀တ်အစားများကို ၀တ်ဆင်ကာတက်ရောက်မှုများရှိနေသည့်အတွက်  မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

 `ဘုရားကို ရွှေသင်္ကန်းကပ်လှူပူဇော်တာမှာ ယောက်ျားတွေကိုပဲ တက်ရောက်ခွင့်ပြုတာဖြစ်ပေမယ့်၊ ယောက်ျား ဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့သူတွေက မိန်းမအ၀တ်အစားဝတ်ဆင်တာတို့၊ မိတ်ကပ်လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့် အရင်နှစ်က ပြဿနာဖြစ်ခဲ့ဖူးပါတယ်၊ ဒါကြောင့် အခုတောင်ပြုန်းပွဲတော်ကာလမှစပြီး တက်ရောက်ခွင့်ပြု တော့မှာမဟုတ်ပါဘူး´ဟု မဟာမုနိဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားဖူးပြည်သူများက မိန်းမလျာများကို မိန်းမအသွင်မြင်ကာ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊ တိကျသေချာသော စည်းကမ်းချက်များ ထုတ်ပြန်ထား ရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများစိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေး ရည်ရွယ်ကာ ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေသင်္ကန်းကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီးလုံခြုံရေးများကို ချထားဆောင်ရွက်ကာ မိန်းမလျာ များကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် CCTVများကိုလည်း တပ်ဆင်ထားရှိကာ လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

`ဘုရားကြီးအတွင်း လိုအပ်တဲ့စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင်၊ ပြဿနာတွေ ဖြေရှင်းနိုင်အောင် လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၆၀ကျော်ခန့်အပ်ထားရှိပြီး ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် စီစီတီဗွီကင်မရာ ဆယ်လုံးနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်´ဟု ဘုရားလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဘုရားကြီးပရ၀ဏ်အတွင်း ခိုးဆိုးနှိုက်များကိုလည်း နေ့စဉ် ဘုရားကြီးလုံခြုံရေးအဖွဲ့နှင့် နယ်မြေ အလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများပြုလုပ်လျက်ရှိပြီး ဘုရားကြီးဝန်းကျင်တွင် ကော်ရှူမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှူသူများကိုလည်း အရေးယူဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကော်ရှူသူ ၁၁ဦးအထိ ဖမ်းဆီးကာ သက်ဆိုင်ရာရဲဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

"ခွဲခြားလိုစိတ်မရှိပေမယ့် ဒီလိုမျိုး အမျိုးသမီးအ၀တ်အစားဝတ်တက်တယ်ဆိုရင်တော့ တားမြစ်သင့်ပါတယ်"ဟု ချမ်းအေးသာစံမြို့နယ်နေ ကိုနန္ဒက ပြောသည်

အမှိုက်မှလျှပ်စစ်ထုတ်လုပ်၍ စက်မှုဇုန်များသို့ ပေးဝေနိုင်ရေး အသင့်ဖြစ်နေ

ရန်ကုန်မြို့တစ်မြို့လုံး ထွက်ရှိသည့်အမှိုက်များအတွင်းမှ နောက်ဆုံးစွန့်ပစ်သည့် အမှိုက်များမှထွက်ရှိသည့် ဓာတ်ငွေ့များကိုစုပ်ယူ၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ လျှပ်စစ်ပေးဝေမှုအတွက် နောက်ဆုံးအဆင့်စိစစ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

"နိုင်ငံတကာက တင်ဒါကုမ္ပဏီပေါင်း ၄၃ ခုထဲကမှ အခုဆိုရင် နောက်ဆုံးအဆင့်ကိုရောက်နေပြီ ၊အခုတော့ BOT စနစ်နဲ့ ဆောက်ပြီး သူတို့လည်ပတ်ပြီးမှ ဒီဘက်ကိုလက်လွှဲရမှာပေါ့။ ဒါပေမဲ့ နောက်ပိုင်းသူတို့အနေနဲ့ ဆက်လုပ်သွားမယ်ဆိုလည်း တစ်မျိုးဖြစ်လာနိုင်ပါတယ်" ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းနိုင်ဦးက ဆိုသည်။

 နောက်ဆုံးအဆင့် ရွေးချယ်မှုတွင် ထားဝယ်ချောင်အမှိုက်ပုံအတွက် ကုမ္ပဏီ ခြောက်ခု နှင့် လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံအတွက် ကုမ္ပဏီ လေးခုကို ရွေးချယ်ထားပြီး ၄င်းတို့တင်ပြထားသည့် တည်ဆောက်မည့် ပုံစံ၊ တန်ဖိုးနှုန်းထားများနှင့် အသုံးပြုမည့် နည်းပညာ အစရှိသည့် အချက်များကို အခြေခံကာ အသင့် တော်ဆုံး ကုမ္ပဏီအား ရွေးချယ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

"စီးပွားရေးလုပ်တဲ့သူတွေကတော့ မြတ်မှလုပ်ကြမှာပဲ၊ ဒါပေမယ့် အသုံးပြုတဲ့သူလည်းအဆင်ပြေမယ်၊ ထုတ်လုပ်ရောင်းချတဲ့သူလည်း အဆင်ပြေမယ်ဆိုတဲ့ နှုန်းထားတစ်မျိုးဖြစ်ဖို့လိုအပ်တယ်"ဟု စက်မှု ကုန်ထုတ်လုပ်မှုအသင်းမှ ဦးမြင့်ဇော်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယခုနှစ် ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကာ စွန့်ပစ်အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက်လည်း ထည့်သွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 "သူတို့တောင်းတဲ့နှုန်းထားက ကိုယ့်ဘာသာကိုယ်မီးစက်မောင်းတဲ့ စရိတ်နဲ့ယှဉ်ရမယ်၊ ကျွန်တော်တို့က စီးပွားရေးလုပ်နေတာဆိုတော့ သက်သာတာကိုရွေးရမှာပဲ"ဟု လှိုင်သာယာမြို့နယ် စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်မှထွက်သည့် ဓာတ်ငွေ့ကို စုတ်ယူပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ် သည့်အပြင် CNG ဓါတ်ငွေ့ပါထုတ်လုပ်မည်ဖြစ်သော်လည်း မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်အမှိုက်ပုံ၌ မြေနေရာအခက်အခဲကြောင့် မီးရှို့စနစ်ဖြင့်ထွက်ရှိသည့် အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သွားရန် စီစဉ်နေကြောင်းကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်

မစ္စတာ ကင်တာနားအပြန်စောသော်လည်း လူပေါင်းတစ်ရာကျော် ဆန္ဒထုတ်ဖော်နှုတ်ဆက်

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ မစ္စတာကင်တားနား၏  ရခိုင်ပြည်နယ်ခရီးစဉ်နောက်ဆုံးနေ့တွင် စစ်တွေမြို့၌ လူထုတစ်ရာကျော်က  ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မစ္စတာ ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်နောက်ဆုံးနေ့တွင် စစ်တွေလေဆိပ်အတွင်း ရခိုင်လူထုတစ်ရာကျော်က ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

 

သြဂုတ်လ(၁၃)ရက်နေ့၌ မစ္စတာ ကင်တားနားသည်  စစ်တွေမြို့အကျဉ်းထောင်မှ ဘင်္ဂါလီ အကျည်းသားများနှင့် တွေ့ဆုံခဲ့ပြီး စစ်တွေဆေးရုံတွင် ဆေးဝါးကုသခံနေရသည့်ဘင်္ဂလီများနှင့်လည်း တွေ့ဆုံခဲ့သည်။

ထို့အပြင် စစ်တွေမြို့ ရွှေစေတီကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့်တွေ့ဆုံသလို အောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂါလီများနှင့်ပါ တွေ့ဆုံခဲ့သည်။

မစ္စတာ ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်သည် ၄ကြိမ်မြောက်ဖြစ်ရာ ဒုတိယအကြိမ်ကလည်း မောင်တောမြို့တွင် လူထုများက ဆန္ဒထုတ်ဖော်ခဲ့ကြသလို ယခုတစ်ကြိမ်၌လည်း စစ်တွေမြို့ ဘူးသီးတောင်မြို့မှ ရခိုင်လူထုက ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ကနဦးတွင် မစ္စတာကင်တားနားသည် ရခိုင်ပြည်နယ်အတွင်း ရှစ်ရက်တာ နေထိုင်မည်ဖြစ်သော်လည်း  နှစ်ရက်တာ ဖြင့် ခရီးစဉ်အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ ကွင်တားနား၏ ရခိုင်ပြည်နယ်ခရီးစဉ်မစတင်မည်  ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဘင်္ဂါလီများသည်  ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် လုံခြုံရေးဝန်ထမ်းတစ်ချို့အား တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။ ခရီးစဉ်တွင် ဘင်္ဂါလီအကျဉ်းသားများနှင့်  ရဲဝန်ထမ်းများအား အကြမ်းဖက်၍ ဒဏ်ရာရရှိသွားသည့် ဘင်္ဂါလီများနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကင်တားနား၏ ခရီးစဉ်၌ ဆန္ဒထုတ်ဖော်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်ညိုအေးက ယခုကဲ့သို့ဆိုသည်။

" အကျဉ်းထောင်မှာ  ရခိုင်ရော ဘင်္ဂါလီ အကျဉ်းသားတွေလည်း ရှိတယ်၊ သူသာဘက်မလိုက်ဘူးဆိုရင် ရခိုင် အကျဉ်းသားတွေနဲ့လည်း တွေ့ရမယ်။ အခု ကင်တားနားလုပ်တာက တစ်ဖက်ကို စောင်းပေးသလိုဖြစ်နေတယ်'' ဟု ဒေါ်ညိုအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာ ကင်တားနားသည် သြဂုတ်၁၂ရက်က ဘူးသီးတောင်သို့ သွားရောက်ခဲ့ပြီး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့သလို ၄င်းမြို့၌လည်း ရခိုင်လူထု သုံးရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်