Saturday, August 17, 2013

လှော်ကားဘူတာအနီး ရထားခေါင်းတွဲ လမ်းချော်

ရန်ကုန်၊ သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မိုင်တိုင်အမှတ် ၁၇/၁၄-၁၅၊ လှော်ကားဘူတာအနီးတွင် သြဂုတ်လ ၁၅ ရက် ည ၁၀ နာရီခန့်က သာရဝေါ-ကြည့်မြင်တိုင် အစုန်ရထား၏ ခေါင်းတွဲသည် အရှိန်လွန်ကာ လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း တညင်းကုန်းဘူတာနှင့် ငဖြူလေး ဘူတာအကြား တာဝန်ကျ သံလမ်းအုပ်ကြီး ဦးသန်းရွှေက ပြောကြားသည်။

လမ်းချော်မှု ဖြစ်ပွားသောနေရာသည် ဘူတာအဝင် သံလမ်းခွဲနေရာဖြစ်ပြီး အမြန်နှုန်းကို တစ်နာရီ ၁၀ မိုင်သာ သတ်မှတ်ထားကြောင်း ရထား၏ စက်ခေါင်းတွဲ တစ်တွဲသာ လမ်းချော်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

လမ်းချော်ခဲ့သော စက်ခေါင်းကို နံနက် ၃ နာရီ မိနစ် ၃၀ တွင် ကရိန်းစက်များဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ကာ နံနက် ၈ နာရီခန့်တွင် ပြီးစီးခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၄၀ တွင် အဆိုပါ လမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးရထားရုံးမှ ဒုတိယကြီးကြပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
"သက်ဆိုင်ရာ ဌာနတွေကနေ ဖြစ်ပွားခဲ့တဲ့ လမ်းပိုင်းအခြေအနေကို အရင်စစ်ဆေးရပါဦးမယ်" ဟု ၎င်းကဆိုသည်။

ဇူလိုင်လအတွင်းက လှော်ကားဘူတာနှင့် မှော်ဘီဘူတာ အကြားတွင် စက်ခေါင်းတွဲနှင့် ကပ်လျက် ရထားတွဲ တစ်တွဲ လမ်းချော်ခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း သံလမ်းအုပ်ကြီး ဦးသန်းရွှေက ဆိုသည်။

(အောင်မျိုးထက်)

The Voice Weekly


မရမ်းကုန်း မီး အိမ်ခြေ ၂၂ လုံး ကူးစက်လောင်ကျွမ်း


ရန်ကုန်၊ သြဂုတ် ၁၇

၁၇.၈.၂၀၁၃ ရက်နေ့ ၀၀၁၅ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊
 မြစံပယ်လမ်းနေ ဦးခင်အောင်(ဘ)ဦးစံဖေ၏ နေအိမ်တွင် ဖယောင်းတိုင် မီးထွန်းထားခဲ့ရာမှ ခြင်ထောင်သို့ မီးကူးစက် စတင် လောင်ကျွမ်းခဲ့ပြီး နေအိမ်(၂၂)လုံးသို့ထပ်မံ ကူးစက်လောင်ကျွမ်း ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

အဆိုပါ မီးလောင်မှုအား မီးသတ် ယာဉ်(၄၄)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထောက်အကူ ပြုယာဉ် (၄)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ၀၀၅၀ အချိန် မီးငြိမ်းသွား ခဲ့ပါသည်။

မီးလောင်မှုကြောင့် စုစုပေါင်း တန်ဘိုးငွေကျပ် (၇၀၅၀၀၀၀)ခန့် ဆုံးရှုံး ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးခင်အောင်အား မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၃၄၄/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရသိရသည်။

by Myanmar News Now


ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ လဲလှယ်ပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဟောင်းနွမ်းစုတ်ပြဲ ချွတ်ယွင်းနေသော ငွေစက္ကူများကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ စီမံချက်ဖြင့် လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ လဲလှယ်ပေးနိုင်ခြင်း မရှိသည့် ဟောင်းနွမ်း/စုတ်ပြဲ/ချွတ်ယွင်း/မီးလောင်/ခြကိုက်/ဆွေးမြေ့ နေသည့် ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ) တို့တွင် လဲလှယ်နိုင်ကြောင်း သိရပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော ဟောင်းနွမ်း စုတ်ပြဲ ချွတ်ယွင်း ငွေစက္ကူများကို လဲလှယ်ပေးသည့် စီမံချက် ကာလအား (၃၁.၃.၂၀၁၄) ရက်အထိ တိုးမြှင့် လက်ခံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ဟောင်းနွမ်း/စုတ်ပြဲ/ချွတ်ယွင်း နေသည့် ငွေစက္ကူများကို လက်ခံလဲလှယ်ပေးသည့် ငွေလဲကောင်တာများကို ဖွင့်လှစ်ပေးထားကြောင်း သိရပြီး ငွေစက္ကူ အင်္ဂါရပ် ပြည့်စုံ၍ သုံးစွဲရန် မသင့်သော ငွေစက္ကူများ၊ အပိုင်းပိုင်း ဆက်စပ်ထားသော်လည်း အင်္ဂလိပ်/မြန်မာ အက္ခရာနှင့် ဂဏန်း အပြည့်အစုံ ပါရှိပြီး မျက်နှာပြင် ဧရိယာ သုံးပုံနှစ်ပုံထက် မနည်းသည့် ငွေစက္ကူများ၊ အက္ခရာနှင့် နံပါတ်စဉ် နှစ်ခုစလုံးတွင် အများဆုံး ဂဏန်းသုံးလုံးထိ စုတ်ပြဲပျက်စီး နေကာမူ ယင်းနံပါတ် နှစ်ခုကြားတွင် ဆက်စပ်ထားမှု လုံးဝမရှိဘဲ မူလပကတိအတိုင်း ရှိနေသည့် ငွေစက္ကူများနှင့် ငွေစက္ကူ အစစ်အမှန်ဖြစ်ပြီး ဟောင်းနွမ်း/စုတ်ပြဲ/ဆီစွန်း/ဓာတ်ဆီ/ဆိုးဆေးများ စွန်းထားသော်လည်း တစ်ဝက်ထက် ကျော်သော ငွေစက္ကူများကို လဲလှယ် ပေးလျက်ရှိပြီး စက္ကူ/Cellotape ကပ်ရန် မလိုဘဲ လဲလှယ်ပေးကြောင်း သိရသည်။

Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်


8.1.1

Ooredoo မှ Mr.Ross Cormack မီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကို စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကို တန်းစီစောင့်ဆိုင်းပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင် လမ်းဘေးဆိုင် တွေမှာပါ ရောင်းချပေးသွားမှာပါ။ နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့ အခါမှာ မြန်မာပြည်သူတွေ အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ'' ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack ပြောကြားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့် Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေး ၀န်ဆောင်မှု ၃၅ ရာခိုင်နှုန်းကို ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်း ကျေးလက်ဒေသများ အထိပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါးသည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇနီးကို ဓာတ်ဆီနှင့် ပက်၍ မီးရှို့မှုဖြစ်ပွား

ဇနီးသည်ကို ဓာတ်ဆီနှင့်ပက်၍ မီးရှို့သည့် အမှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွားခဲ့သဖြင့် သံသယရှိသူအမျိုးသားကို မြို့နယ်ရဲစခန်းမှ ရဲများက ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်း သတင်းထုတ်ပြန်သည်။

ယခုအမှုကို ဓာတ်ဆီပက်မီးရှို့ခံရသည့် အမျိုးသမီး၏ မိခင်ဖြစ်သူကတရားလို ပြုလုပ်တိုင်တန်းခြင်းဖြစ်ပြီး ရဲစခန်း တွင် တိုင်တန်းစဉ် သူမကသက်သေအဖြစ် ထွက်ဆိုချက်များလည်း ပေးခဲ့သည်။

၎င်းအမျိုးသမီးကြီးက သူ့ကိုမြေးဖြစ်သူ (မီးရှို့ခံရသည့် အမျိုးသမီး၏သား) မိဘများ အချင်းများနေသဖြင့် လိုက်လံ ထိန်းသိမ်းပေးပါရန် လာပြောသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့ကြည့်ရှုချိန်တွင် သူ့သမီးကို အိမ်နီးနားချင်း များက ဆေးလိမ်းပေးနေသည်ကိုတွေ့သဖြင့် မေးမြန်းရာ ခင်ပွန်းသည်က ဓာတ်ဆီ ဖြင့်ပက်၍ မီးရှို့ခဲ့သည်ဟု
ပြောကြောင်း ရဲကို ထွက်ဆိုသည်။

ထို့ကြောင့် သမီးဖြစ်သူကို မြောက်ဥက္ကလာပဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရာ ဆေးရုံက အတွင်းလူနာအဖြစ် ကုသပေးနေရာ ဒဏ်ရာမှာ မစိုးရိမ်ရတော့ကြောင်းလည်း ရဲဌာနကို ဆက်ပြောခဲ့သည်။

ရဲမှတ်တမ်းအရ ခင်ပွန်းသည်၏ မီးရှို့မှုကြောင့် မီးလောင်ဒဏ်ရာ ရရှိသွားသည့် အမျိုးသမီးမှာ မ၀င်းဝင်းဆွေဆိုသူ
ဖြစ်ပြီး သူမသည် မျက်နှာဝဲဘက်၊ ရင်ဘတ်၊ လက်နှစ်ဖက်တို့တွင် ဒဏ်ရာများရခဲ့သည်ဟု ရဲမှတ်တမ်းတွင်
တွေ့ရသည်။

ယခုကိစ္စကို မီးလောင်ဒဏ်ရာရရှိသူ၏ မိခင်ဖြစ်သူက တရားလို ပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာဒုံ ရဲစခန်းက အမှုအမှတ် (ပ) ၅၀၉/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ဇနီးကိုမီးနှင့်ရှို့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားကို ရဲများက ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

၎င်းအမျိုးသားသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆ ဖြင့်တရားစွဲ ခံရနိုင်ချေရှိသည်ဟုလည်း ရဲဌာနက ထုတ်ပြန် သည်။

ဆီးဂိမ်းအကြို ခြေစမ်းပွဲများတွင် လူငယ်များ၏ခြေစွမ်းကို ဦးစားပေးစမ်းသပ်မည်ဟု ပတ်ဆောင်ဟွာဆို

မြန်မာယူ-၂၃အသင်း၏ကိုရီးယား လူမျိုးနည်းပြချုပ်ပတ်ဆောင်ဟွာက ဆီးဂိမ်းမတိုင်မီကစားမည့် ခြေစမ်းပွဲများတွင် ရလဒ်ပိုင်းထက် လူငယ်ကစားသမားများ၏ ခြေစွမ်းပိုင်းစမ်းသပ်ရန်သာ အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
ပြောသည်။

"ကျွန်တော်တို့အသင်းရဲ့ အဓိကပစ်မှတ်က ဆီးဂိမ်းပါ။ ဒါကြောင့် ဆီးဂိမ်းအကြို ခြေစမ်းပွဲတွေမှာ လူငယ်တွေရဲ့
ခြေစွမ်းကို အဓိကထား စမ်းသပ်ပါမယ်။ မြန်မာအသင်းပွဲကစားတိုင်း နိုင်စေချင်တဲ့ ပရိသတ်ဆန္ဒကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ဆီးဂိမ်းရွှေရဖို့က ကျွန်တော့်ရဲ့ အဓိကတာဝန်ပါ။ မာဒေးကား ဖလားပြိုင်ပွဲကိုလည်း ဖလားရဖို့ ပစ်မှတ်ထားယှဉ်ပြိုင်မှာ မဟုတ်ပါဘူး" ဟု ပတ်ဆောင်ဟွာက မဇ္ဈိမသို့ ပြောသည်။

ပဏာမမြန်မာယူ-၂၃အသင်းကို သြဂုတ်လ (၁၂) ရက်မှစတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေကာ ဆီးဂိမ်း မတိုင်မီ ဗီယက်နမ်၊ ဂျပန်(ခ)၊တို့နှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး စက်တင်ဘာလအတွင်း မလေးရှား နိုင်ငံတွင် ကျင်းပမည့် မာဒေးကားဖလားပြိုင်ပွဲသို့လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ကိုရီးယား၊ ဂျပန်နိုင်ငံများ သို့လည်း လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာမည် ဖြစ်သည်။

ထိုင်းနှင့် မြန်မာအစိုးရတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့အတွက် တိကျသည့် မူဝါဒ ထုတ်ပေးရန် တောင်းဆို

ထိုင်းနိုင်ငံတွင် ထိုင်ထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာအစိုးရတို့အား တိကျသော မူဝါဒ ထုတ်ပြန်ပေးရန် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN က တောင်းဆိုလိုက်သည်။

၂၀၀၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့၏ နားလည်မှုစာချွန်လွှာအရ မြန်မာအလုပ်သမား
တို့သည် ဗီဇာ သက်တမ်း လေးနှစ် ကုန်ဆုံးသွားလျှင် မူရင်းနိုင်ငံသို့ သုံးနှစ် ပြန်လည်နေထိုင်ပြီးနောက် ထိုင်းနိုင်ငံသို့
ပြန်လည် ဝင်ရောက်နိုင်သည့် ဥပဒေနှင့် ပတ်သက်၍ အမြန်ဆုံးကြေငြာပေးရန် MWRN က သြဂုတ်လ ၁၆ ရက်တွင် MWRN က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"လေးနှစ် ဗီဇာကုန်သွားတဲ့လူတွေက ဗီဇာ ဘယ်လောက်ပေးမယ်ဆိုတာ မထုတ်ပြန်ထားတဲ့အတွက် ဒီအလုပ်သမား
တချို့ ပွဲစားတွေက ဗီဇာကုန်သွားတဲ့ စာအုပ်အသစ်ပြန်လုပ်မယ်ဆိုပြီးတော့ ငွေပေးပြီး ပြန်လုပ်နေတာ တွေ့နေရတယ်။ အဲဒါတွေက ဘာတွေ နစ်နာသွားလဲဆိုတော့ လေးနှစ်လုံးလုံး ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်အားခ
ကနေ ငါးရာခိုင်နှုန်းကို ဖြတ်တောက်ထားတာ။ ကျန်းမာရေးနဲ့ပတ်သက်လို့ အခမဲ့ ဆေးဝါးကုသခွင့်တွေ ခံစားခွင့်ရတာ။ အခု စာအုပ်သက်တမ်းမတိုးဘဲ အသစ်ပြန်လုပ်လိုက်တဲ့အခါမှာ ခံစားခွင့်တွေ အားလုံး ပျက်ပယ်သွားတယ်" ဟု မဇ္စျိမကို ပြောသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က နိုင်ငံသားစိစစ်မှု လုပ်ခဲ့သော် အလုပ်သမားများနှင့် အခြားထောင်ပေါင်းများစွာ
သော အလုပ်သမားများလည်း ဗီဇာ လေးနှစ်ကုန်တော့မည်ဖြစ်သည်။ ထိုဥပဒေအရ မြန်မာအစိုးရက ထိုင်းနိုင်ငံတွင်
နေထိုင်ခွင့် ခြောက်နှစ် သက်တမ်းပေးထားပြီး ထိုင်းအစိုးရက နှစ်နှစ်လျှင် တကြိမ် သက်တမ်း တကြိမ် သက်တမ်း
တိုးခွင့်ပေးထားခြင်း ဖြစ်သည်။

"အဲဒီ သုံးနှစ်ပြန်လည် နေထိုင်ပြီးမှ ပြန်ဝင်ရောက်ခွင့် ပြုမယ်ဆိုတာကို မသင့်လျော်တဲ့အကြောင်း ကက်ပိနက်အစိုးရ
ဆွေးနွေးတိုင်ပင်ပြီး အဲဒီဥပဒေကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဒါပေမဲ့ နောက်ထုတ်ပြန်တဲ့ ဥပဒေက မည်သို့ မည်ပုံဆိုတာ ရှင်းလင်းပြတ်သားစွာ မထုတ်ပြန်တဲ့အတွက် အခုအချိန်မှာ အလုပ်သမားတွေဟာ တချို့ ဇူလိုင်၊ သြဂုတ်မှာ ဗီဇာ
သက်တမ်း ကုန်သွားတဲ့ အလုပ်သမားတွေ ရှိနေတယ်"ဟု ဦးအောင်ကျော်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသည် အခက်အခက်များ ကြုံတွေ့နေရပြီး တချို့ အလုပ်သမားများမှာ ပွဲစားများ
နှင့် အလုပ်သမား ယာယီပတ်စ်ပို့ အသစ်ပြန်လည် လုပ်ခြင်း၊ တချို့အလုပ်သမားများမှာ သက်တမ်းကုန်သွားသည့်
အတွက် မိမိနိုင်ငံသို့ ပြန်သွားသည့်သူများလည်း ရှိနေသည်ဟု ဆိုသည်။

လာမည့် ၂၀ ရက်နေ့မှာ မြန်မာအလုပ်သမားရေးရာဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့
တို့ စည်းဝေးညှိနှိုင်းပြီးနောက် ယင်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် ဥပဒေ ထုတ်ပြန်ပေးရန်နှင့်
ရွှေ့ပြောင်းအလုပ်သမားများ ၄ နှစ်ကြာ လုပ်အားခ၏ ၅ ရာခိုင်နှုန်း သွင်းလာခဲ့သော နစ်နစ်မှုများကိုလည်း ပြန်လည် ထည့်သွင်းစဉ်းစားပေးရန် ထိုင်းအစိုးရထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထိုင်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မည်သည့် နိုင်ငံသားမဆို ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို အထောက်အကူပြု လုပ်ကိုင်ပေးနေသည့် အလုပ်သမားများဖြစ်၍ အလုပ်သမားအရေး စဉ်းစားဆောက်ရွက်သည့်အချိန် ထိရောက်စွာ
ဆောင်ရွက်ပေးရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် လုပ်ငန်းကျွမ်းကျင်ပြီးသော အလုပ်သမားကို လက်လွှတ်မခံလိုသော အလုပ်ရှင်နှင့် ထိုင်းနိုင်ငံတွင် ဆက်လက် လုပ်ကိုင်ပြီး မိသားစုကို ပြန်လည်ထောက်ပံ့ပေးလိုသော ရွှေ့ပြောင်းအလုပ်သမားတို့အတွက် လက်တွေ့မကျသော မူဝါဒလမ်းစဉ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအရလည်း ထိုရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်လက်ခံရန် အဆင်သင့်မဖြစ်သေးကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား
သည်။

MWRNနှင့် လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းတို့က ထိုရွှေကပြောင်းအလုပ်သမားများအတွက် တိကျသော မူဝါဒနှင့် ရှေ့ဆက် လုပ်ငန်းစဉ်များကို ကြေငြာပေးရန်နှင့် ၄င်းတို့ ထုတ်ပြန်ချက်များကို သက်ဆိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ နားလည်သိရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အသိပေးဖြန့်ဝေပေး
ရန် နှစ်နိုင်ငံ အစိုးရထံ လေးစားစွာ တောင်းဆိုလိုက်ကြောင်း ပါရှိသည်။ 

၎င်းတို့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ လိမ်လည်ခံရခြင်း၊ ကြွေးမီဖြင့် ချည်နှောင်၍ အဓမ္မခိုင်းစေသော လူကုန်ကူးမှု ဖြစ်ပွားခြင်း အစရှိသည်တို့ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ တောင်းဆိုလိုက်
ခြင်းဖြစ်ပြီး ထိုသို့ မဟုတ်ပါက တရားဝင်အလုပ်သမားမှ တရားမဝင်အလုပ်သမားများ ကျရောက်တော့မည် ဖြစ်ကြောင်း ဆိုထားသည်။

ယခုအခါ ထိုအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပွဲစားများသည် အလုပ်သမားများအပေါ် ပတ်စ်ပို့အသစ်နှင့် ဗီဇာ
သက်တမ်းဆက်ပေးမည်ဟူ၍ တဦးလျှင် ဘတ် ၁၅,၀၀၀ (၅၀၀ ဒေါ်လာ) တောင်းယူနေခြင်းများ ရှိနေပြီး တချို့မှာ
ငွေကြေးလိမ်လည် ခံရမှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘာဒီယာနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိပြီး ထိုအထဲမှ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား ၈၀ ရာခိုင်နှုန်းရှိနေသည်။ ၁၉၈၀ ခုနှစ်မှ ထိုင်းနိုင်ငံသို့ နည်းမျိုးစုံမဖြင့် နယ်စပ်ဖြတ်ကျော်၍ ရောက်ရှိလာ
သည်ဟု ဆိုသည်။

တရားဝင် မြန်မာအလုပ်သမား စုစုပေါင်း ၁.၇ သန်းခန့်သည် ယာယီပတ်စ်ပို့နှင့် နေထိုင်ခွင့် ဗီဇာရရှိခဲ့ပြီး ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ်ပြုလုပ်ထားသူစာရင်းမှာ ၇.၅ သိန်းခန့်သာရှိသည်
ဟု ပါရှိသည်။ ကျန်းမားရေးစောင့်ရှောင်မှုခံစားရရှိရန်အတွက် လူမှုဖူလုံရေးရန်ပုံငွေ ပေးသွင်းမှုစာရင်းမှာလည်း ၂ သိန်း
ကျော်သာရှိသည်။

ထို့ပြင် တချို့အလုပ်သမားများသည် ယာယီပတ်စ်ပို့ မကိုင်ဆောင်တော့ပဲ တရားမဝင် အလုပ်သမားအဖြစ်သာ နေထိုင်
လုပ်ကိုင်ရန်နှင့် တချို့မှာ ပွဲစားများက စာရွက်စာတမ်းအတုများဖြင့် ပတ်စ်ပို့အသစ်လျှောက်ခြင်းများလည်း ဖြစ်လာကြ
သည်ဟု ဆိုထားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး ပြီးစီးပါက ရန်ကုန်လေဆိပ်အား စီးပွားရေးလေဆိပ် တစ်ခုအဖြစ်သာ ထားရှိမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်မှု ပြီးစီးပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဆင်းသက်ခြင်း မရှိတော့ဘဲ စီးပွားရေး လေဆိပ်တစ်ခု အဖြစ်သာ ထားရှိတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

သို့ဖြစ်၍ လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးစီးချိန်တွင် စီးပွားရေး လေကြောင်း ခရီးစဉ်အဖြစ် အရေးပေါ် လာကြသည့် လေယာဉ်များ၊ အထွေထွေလုပ်ငန်းသုံး လေယာဉ်များ၊ VIP လေယာဉ်များ၊ စင်းလုံးငှား လေယာဉ်များ၊ ပြည်တွင်းလေကြောင်းမှ လေယာဉ်များ၊ ကုန်တင်လေယာဉ်များသာ ဆင်းသက် အသုံးပြုမည့် စီးပွားရေး လေဆိပ်တစ်ခုအဖြစ် သတ်မှတ် ထားရှိမည်ဖြစ်သည်။

''ရန်ကုန်လေဆိပ်က အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ အဓိက၀င်ပေါက် ဖြစ်ပေမယ့် ဟံသာဝတီ လေဆိပ်ကြီး ပြီးသွားတဲ့အခါ မြန်မာနိုင်ငံရဲ့ အဓိက ၀င်ပေါက်ကို ဟံသာဝတီ လေဆိပ်အဖြစ် ထားရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ကို စီးပွားရေးအရ လာရောက်တဲ့ စင်းလုံးငှား လေယာဉ်တွေ၊ VIP လေယာဉ်တွေ၊ ကုန်တင်လေယာဉ်တွေ ဆင်းသက် အသုံးပြုမယ့် စီးပွားရေးလေဆိပ် တစ်ခုအဖြစ်သာ ထားရှိမှာပါ။ ရန်ကုန်လေဆိပ်ကို ဆင်းသက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အကုန်လုံးကို ဟံသာဝတီ လေဆိပ်ကို ပြောင်းရွှေ့သွားမှာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ တင်ဒါခေါ်ယူခဲ့ပြီး နောက်ဆုံး အဆင့်တွင်လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အေးရှားဝေါလ် ကုမ္ပဏီအုပ်စုမှ Pioneer Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ဆည်တည်ဆောက်ရေး အတွက် ဂျပန်နိုင်ငံအား ဖိတ်ခေါ်

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ဆည်တည်ဆောက်ရေး အတွက် ဂျပန်နိုင်ငံအား ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဒေသများ စိုက်ပျိုးရေ ရရှိရေး၊ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲ နိုင်ရေးအတွက် တာတမံဆည်များ (Low Head Dam) များ တည်ဆောက်ရန် စီစဉ်လျက်ရှိရာ ဂျပန်နိုင်ငံမှ ချေးငွေရရှိရေး ဆောင်ရွက်ပေးပါရန် သို့မဟုတ် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ဆောင်ရွက် လိုပါကလည်း ဖိတ်ခေါ်ပါကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး Mr.Akihiro Ohta နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွက် Weather Rader သုံးလုံးကို ကူညီပေးမည်ဖြစ်ရာ ကျောက်ဖြူ၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင် တပ်ဆင်သွားမည်ဖြစ်ပြီး ကျောက်ဖြူမြို့တွင် ပထမဆုံး တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ Rader များ တပ်ဆင်ပြီးပါက ဘင်္ဂလား ပင်လယ်အော်၏ မိုးလေ၀သ အခြေအနေ၊ မုန်တိုင်း အခြေအနေများကို ကြိုတင်ခန့်မှန်း နိုင်မည်ဖြစ်ပြီး အခြားသော သဘာဝဘေး အန္တရာယ်များ ဘေးမှလည်း ကြိုတင်ကာကွယ် နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူပါ စာအုပ်ကို ရေနံချောင်း ဒေသခံများထံ ပြန်လည်ပေးအပ်

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူပါ စာအုပ်ကို ရေနံချောင်း ဒေသခံများထံ သြဂုတ် ၁၆ ရက်က ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်လည် ပေးအပ်ခြင်းကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရေနံချောင်းမှ ဒေသခံများအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ဗိုလ်ချုပ်လက်ရေးမူကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကနေ ရေနံချောင်း ဒေသခံတွေထံ ပြန်လည်ပေးအပ် ခဲ့ပါတယ်။ လက်ရေးမူအစစ် ဟုတ်မဟုတ်ကို နိုင်ငံခြားက ပညာရှင်တွေခေါ်ပြီး စစ်ဆေးသင့်တဲ့ အကြောင်း၊ စစ်ဆေးပြီးနောက် မှန်ကန်ရင် ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်လက်ရေးမူပါ စာအုပ်ကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ရေနံချောင်းမြို့သို့ သွားရောက်စဉ် အထက်တန်းကျောင်း တစ်ကျောင်းမှ ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်းအဆိုပါ လက်ရေးမူသည် ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ အစစ်ဟုတ်မဟုတ်ကို အတိအကျပြောရန် ခဲယဉ်းကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ညီအစ်မချင်း အချင်းများရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ပခုက္ကူ၊ သြဂုတ် ၁၅

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင် ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့် ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းမှ သိရှိရသည်။

သြဂုတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ညီအစ်မချင်း စကားများရာ အစ်မဖြစ်သူ ဒေါ်တင်တင်ဌေး၏ ခင်ပွန်း ဦးမြင့်အောင်က ခယ်မဖြစ်သူ ဒေါ်ခင်ခင်အေးကို အရိုး ငါးလက်မ၊ အသွား ၁၂ လက်မရှိ ဓားရှည်ဖြင့် ခုတ်ခဲ့ရာ ဒေါ်ခင်ခင်အေး၏ ညာဘက် လက်ခလယ်နှင့် လက်သူကြွယ်လက် နှစ်ဆစ်ခန့် ပြတ်သွားပြီး ယင်းအချိန်တွင် အနီးသို့ ရောက်ရှိလာသည့် ၎င်း၏ခင်ပွန်း ဦးရဲလွင်အောင်ကို ဦးမြင့်အောင်က ဓားဖြင့် ဆက်လက်ခုတ်ခဲ့ရာ ဦးရဲလွင်အောင်၏ ဘယ်ဘက်ရင်ဘတ်တွင် ဓားဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့ မြို့မရဲစခန်း၏ အမှုစစ်ဒုရဲအုပ် ဌေးဝင်းက ပြောကြားသည်။

ယင်းနောက် ဦးရဲလွင်အောင်က ဦးမြင့်အောင်ကို အရိုး ငါးလက်မ အသွား ၁၂ လက်မဓားရှည်ဖြင့် လည်ပင်းကို ခုတ်ရာ ဦးမြင့်အောင်သည် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ အချင်းများရာမှ ဦးရဲလွင်အောင် ရင်ဘတ်ဒဏ်ရာရရှိပြီး ဒေါ်ခင်ခင်အေး လက်အဆစ်ပြတ်ဒဏ်ရာ ရရှိကာ ဒေါ်တင်တင်ဌေး ဦးခေါင်းဒဏ်ရာ ရရှိ၍ ၎င်းတို့ သုံးဦးကို ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါအမှုစစ်က ဖြည့်စွက် ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဦးရဲလွင်အောင်ကို ပခုက္ကူမြို့ မြို့မရဲစခန်းတွင် ပ၂၃၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

စည်ပင်အမှိုက်သိမ်းဝန်ထမ်း ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး

တောင်ငူ၊ သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကညွှတ်ကွင်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၃/၀ အနီးတွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၀ မိနစ်က အသက် ၄၃ နှစ်အရွယ် စည်ပင်သာယာ အမှိုက်သိမ်းဝန်ထမ်း အမျိုးသားတစ်ဦး အမှိုက်သိမ်းဆည်းသည့် ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံးကြောင်း ကညွှတ်ကွင်းမြို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ကညွှတ်ကွင်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အမှိုက်သိမ်း ဝန်ထမ်းတစ်ဦး မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် ကညွှတ်ကွင်းမြို့အထွက် ညောင်ပင်သာကျေးရွာတွင် အမှိုက်စွန့်ပစ်ပြီး အပြန်တွင် ဝန်ထမ်းများဖြစ်သော ဦးစိုးတင့် ၄၃ နှစ်နှင့် ကိုဖိုးကေ ၂၃ နှစ် နှစ်ဦး အမှိုက်သိမ်းယာဉ်ပေါ်တွင် လိုက်ပါလာပြီး ကညွှတ်ကွင်းမြို့သို့အပြန် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပြန်လာစဉ် ဦးစိုးတင့်က ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

ယာဉ်ပေါ်မှ ပြုတ်ကျသူ အမျိုးသားသည် ရင်ဘတ်ပေါက်ပြဲ ဒဏ်ရာ၊ ညာမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ နောက်ကျောပွန်းပဲ့ ဒဏ်ရာများဖြင့် ကညွှတ်ကွင်း ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံအရောက် တွင် သေဆုံးခဲ့ကြောင်း ကညွှတ်ကွင်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"ပြုတ်ကျတဲ့နေရာမှာ စကားမေးရသေးတယ်။ ဆေးရုံပို့ပြီး မကြာဘူး၊ ဆုံးသွားတာ။ အဲဒီမနက်ကလည်း အုတ်တွင်းမြို့ အထွက်မှာ မှန်လုံတစ်စင်း မှောက်တယ် ကြားတယ်" ဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့သူ မြို့ခံတစ်ဦးက ပြောကြားသည်။

လူပြုတ်ကျ သေဆုံးမှုကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ စည်ပင်ဝန်ထမ်း ဦးကျော်မင်းထိုက်ကို ယာဉ်(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးပျောက်ဆုံးမှုများ ပြန်ဖြစ်နေ၍ မိဘများ အထူးသတိထားရန်လို

ရန်ကုန် တိုင်းဒေသကြီးရှိ အချို့မြို့နယ် များတွင် ကလေးပျောက်ဆုံးမှုများ ပြန်လည်ဖြစ်ပေါ်လာနေကြောင်း သိရသည်။

လွန်ခဲ့သော သုံးလေးရက် အတွင်းက မြောက်ဥက္ကလာကြိုး တံတားအနီးနှင့် လှိုင်သာယာ၊ ရွှေ ပြည်သာမြို့နယ်တို့၌ ဆယ်ကျော် သက်အရွယ်ကလေး လေးဦးပျောက် ဆုံးခဲ့ကြောင်း၊ မိဘဆွေမျိုးများအ နေဖြင့်လည်း သက်ဆိုင်ရာရဲစခန်း များသို့မတိုင်ကြားဘဲ ရှာဖွေမှုများ ပြုလုပ်နေကြောင်း အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းက ''ကျွန်တော်တို့ အဲ ဒီသတင်းကို စုံစမ်းပြီးသွားပြီ။ ကာယကံရှင်တွေကိုယ်တိုင်က ရဲ ကိုမတိုင်ကြသေးဘူး။ ရှာနေကြ တုန်း။ အသက်ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ မိန်းက လေးတစ်ဦး၊ ရှစ်နှစ်အရွယ် မိန်း ကလေးတစ်ဦးပါ။ သူငယ်ချင်း တွေနဲ့ ကစားနေရင်းပျောက်သွား တာလို့သိရတယ်။ နောက် လှိုင်သာ ယာက ယောက်ျားလေးတစ်ဦးက တော့ အသက် ၁၂နှစ်ပါ။ အပြင် သွားရင်းနဲ့ အိမ်ပြန်မရောက်လာ တော့ဘူး။ သူတို့ကို ရဲစခန်းမှာ လာအမှုဖွင့်ဖို့ ပြောထားတယ်''ဟုပြောသည်။

ကလေးပျောက်မှုများသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က လွန် စွာအဖြစ်များခဲ့ပြီး ယခုတစ်ဖန် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ် သည်ဟု သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူက ''ကျွန်တော်တို့အစိုးရအ ဖွဲ့အနေနဲ့ကတော့ မကြားမိပါ ဘူး။ ကောလာဟလတစ်ခုလဲ ဖြစ် နိုင်ပါတယ်။ တကယ်ပျောက်ရင် လဲ သက်ဆိုင်ရာကိုတိုင်ပါလို့ပြော ချင်ပါတယ်။ ပြန်တွေ့မှာပါ''ဟု ပြောသည်။

ကလေးငယ်များကို ဖမ်းဆီး ကာ အတွင်းကလီစာများကိုထုတ် ပြီး ပြည်ပနိုင်ငံများသို့ ရောင်းစား သည့်ဂိုဏ်းတစ်ခုရှိကြောင်း၊ လွန် ခဲ့သည့် ခြောက်လ၊ တစ်နှစ်ခန့်က သတင်းများပေါ်ထွက်ခဲ့ဖူးသည်။

ကလေးပျောက်မှုများ ပြန် လည် ပေါ်ပေါက်လာခြင်းများနှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ် နေဒေါ်ထွေးကြည်က ''အရင်တုန်း က ကလေးပျောက်မှုတွေ ခဏခဏ ဖြစ်တော့ ကျွန်မတို့က ကျောင်းရှေ့ အထိ သွားစောင့်တယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လဲ ကလေး တွေကို မသိတဲ့သူတွေနဲ့ မလိုက်ဖို့ သတိပေးပြောဆိုတာတွေ ရှိပါ တယ်''ဟုပြောသည်။

၂၀၁၁ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၂ခုနှစ်အတွင်းက ရန်ကုန် တိုင်းဒေသကြီး၌ ကလေးပျောက် မှု၊ လူပျောက်မှုပေါင်း ၁၀ဝကျော် ဖြစ်ခဲ့ပြီး ပြန်လည်တွေ့ရှိသည့်ဖြစ် ရပ်များလည်းရှိကြောင်း သိရသည်။

ကျော်မြတ်ဇံ၊ သြဂုတ်(၁၅)၊ ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

Yangon Media Group

ပုစွန်တုပ်ဈေးကောင်း၍ ပုစွန်ကန်များကို နေ့စဉ်ဝင်ရောက်လုယက်

ဖျာပုံ၊ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် အရှေ့ဖျား ကျေးရွာတွင် ပုစွန်ကြား တစ်ပိဿာ ၇၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေ၍ ပုစွန်မွေးမြူရေးကန် ၅၀ ကျော်ကို အုပ်စုဖွဲ့ပြီး နေစဉ်ဝင်ရောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

အရှေ့ဖျားကျေးရွာရှိ ဒေသခံအချို့က မိုးကာလ ဇူလိုင်လမှ စတင်ကာ ညပိုင်းတွင် အုပ်စုလိုက်ဖြင့် ပုစွန်ကန်များ အတွင်းသို့ ဝင်ရောက်ကာ ပုစွန်များ ဖမ်းဆီးခြင်းကြောင့် ကန်ရှိအလုပ်သမားများနှင့် ခိုက်ရန် အကြိမ်ကြိမ် ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧကပိုင်ရှင် ဦးသံချောင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပုစွန်ကန်တွင်း နေ့စဉ်အုပ်စုလိုက် ပုစွန်ဖမ်းဆီးခြင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အမာမြို့နယ်ခွဲ ရဲစခန်းသို့ နေ့စဉ်တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပုစွန်ကန် အလုပ်သမားများ စိုးရွံ့ ကြောက်လန့်မှုများဖြင့် လုပ်ကိုင်နေရကြောင်း ၎င်းကရှင်းပြသည်။

"ည ၈ နာရီလောက်ဆို ကန်ထဲကို အယောက် ၃၀ လောက်စုပြီး ပုစွန်လာဖမ်းတာ။ ပြန်ရင်ဆာလာအိတ်နဲ့ ပုစွန်တွေ သယ်သွားတာ။ သူတို့က အုပ်စုတောင့်တဲ့အပြင် ဓားတွေပါ ယူလာတော့ ကန်အလုပ်သမားတွေက ကြောက်တာပေါ့" ဟု ပုစွန်ကန် ၁၃၅ ဧကပိုင်ရှင် ဦးအောင်မျိုးလွင်က ပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့က ပုစွန်ကန်တစ်ခုတွင် အလုပ်သမားက အရှေ့ဖျားကျေးရွာမှ ပုစွန်လာရောက် ခိုးယူသူကို တားမြစ်ရာက ဓားခုတ်ခံရပြီး ကျန်အလုပ်သမားများဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ရဲကင်းသို့ ပို့ဆောင်ခဲ့သော်လည်း အရေးယူခြင်းမရှိဘဲ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧက ပိုင်ဆိုင်သည့် ဦးသံချောင်းက ရှင်းပြသည်။

"ဒီလိုလုယက်မှုတွေ မကြာခဏ ဖြစ်နေပေမယ့် သက်ဆိုင်ရာက ထိရောက်အောင် အရေးမယူတော့ ပုစွန်ဝင်ခိုးဖမ်းတဲ့သူတွေက ပိုအတင့်ရဲလာတာပေါ့" ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ နေ့စဉ်ပုစွန်ကန်များတွင် ခိုးယူမှု ဖြစ်ပွားခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကျေးရွာနေထိုင်သူများ တွေ့ဆုံကာ ပညာပေး ပြောကြားခဲ့ပြီး ယင်းပုစွန်ကန်တွင်းမှ ကဏန်းနှင့် ငါးများကို ဖမ်းယူရန် လွန်ခဲ့သော၂၀၁၀ ပြည့်နှစ်ခန့်က စတင် ခွင့်ပြုခဲ့သော်လည်း ငါးဖမ်းသူများက ပုစွန်များကိုပါ ဖမ်းယူကြောင်း အဆိုပါပုစွန်ကန်များ၏ အင်းသူကြီး ဦးဇော်နေဦးက ပြောကြားသည်။

အရှေ့ဖျားကျေးရွာတွင် နေထိုင်သူ အများစုသည် ရေလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး မိုးရာသီတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ရာသီဥတု အခြေအနေကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသကဲ့သို့ ရွာနီးစပ် ချောင်းမြောင်းများတွင် လုပ်ငန်းရှင်များကို လေလံစနစ်များဖြင့် လုပ်ကိုင်ခွင့် ချထားပေးခြင်းကြောင့် သားငါးဖမ်းဆီး ရှာဖွေစားသောက်ရန် ခက်ခဲကြောင်း၊ အဆိုပါ ပုစွန်ကန်များသည် ရွာနှင့်နီးကပ်စွာ ရှိနေပြီး လုပ်ငန်းရှင်များက ပုစွန်ကန်တွင် ဝင်ရောက် လုပ်ကိုင်ခွင့် မပြုသဖြင့် နှစ်စဉ် မိုးကာလတွင် ကျေးရွာနေထိုင်သူများနှင့် ကန်အလုပ်သမားများအကြား မကြာခဏ ခိုက်ရန် ဖြစ်ပွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယုလွင်က ရှင်းပြသည်။

"ရန်မဖြစ်ရအောင် ရွာထဲမှာ အသံချဲ့စက်နဲ့ ကန်တွေဘက်မသွားဖို့ သတိပေး နှိုးဆော်ပေမယ့် ရှာစားစရာ နေရာမရှိတော့ ကန်တွေဆီပဲ လူအုပ်ဖွဲ့ပြီး ငါးသွားရှာနေကြတာ။ ခိုက်ရန် ဖြစ်ပွားတိုင်း အုပ်ချုပ်သူတွေက အရေးမယူပေးဘူး ဆိုတာက ရဲလုပ်ရမယ့် တာဝန်ပါ။ ဖြစ်တိုင်း ရဲစခန်းကို သတင်းပို့ပါတယ်" ဟု ၎င်းကပြောသည်။

ပုစွန်ကန်များ အတွင်းသို့ မကြာခဏ ခိုက်ရန် ဖြစ်ပွားခြင်း၊ လုယက်မှု ဖြစ်ပွားခြင်းအပေါ် ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ရဲစခန်းသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုမေးမြန်းသော်လည်း စခန်းမှူး မရှိသဖြင့် ပြန်လည် ဖြေကြားပိုင်ခွင့် မရှိကြောင်း အဆိုပါရဲစခန်းထံမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားသည်။

၁၉၉၉ ခုနှစ်တွင် အဆိုပါဧက ၄၀၀၀ ခန့်ရှိသော မြေများကို အစိုးရ၏ စီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရေငန်ငါးပုစွန် မွေးမြူရေးဌာနက ဦးစီးကာ သစ်ပင်များ စိုက်ပျိုးရန် သဘောတူညီချက်ဖြင့် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် စီမံချက်ပျက်ကာ ပုစွန်မွေးမြူရေးကန်များ ဖျက်သိမ်းရန် နှစ်ကြိမ်တိုင် တောင်းဆိုခဲ့သော်လည်း ကန်ပိုင်ရှင်များဘက်မှ ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ၂၀၁၁ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံ တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်က ဆက်လက် လုပ်ခွင့်ရရန် ကြိုးစားမည်ဟု နှုတ် ကတိပေးထားကြောင်း အဆိုပါကန်ပိုင်ရှင်များက ပြောကြားသည်။

The Voice Weekly

ရွှေဘိုမင်းကုန်း ဆရာတော်ကြီး၏ ရုပ်ကလာပ် ပျံလွန်တော်မူပြီး ရှစ်လကြာထိ မပုပ်မသိုးရှိနေ

စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိနေသော ဦးနန္ဒိယဆရာ တော်ကြီးသည် သက်တော်ရ၅နှစ်၊ ဝါတော် ၅၄ဝါအရတွင် ၂၀၁၂ခု နှစ် ဒီဇင်ဘာ ၁၄ရက်က ပျံလွန် တော်မူခဲ့သော ဆရာတော်ကြီး ၏ ရုပ်ကလာပ်သည် ယခု၂၀၁၃ ခု၊ ဩဂုတ် ၁၄ရက်တိုင်အောင် ထူးဆန်းစွာ မပုပ်မသိုးဘဲရှိနေ ကြောင်း သိရသည်။

''ဆရာတော်ကြီးက အစက တော့ ဒီကျောင်းမှာ သင်္ကန်း ဝတ်တာမဟုတ်ဘူး။ စပြီးတော့ သာသနာ့ဘောင်ထဲဝင်ခဲ့တာက တော့ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်ကြင်းပင်ကျောင်း တိုက်မှာ ဝင်ခဲ့တာဖြစ်တယ်။ ဆရာ တော်ကြီးရဲ့ ဆရာ အရင်း ကတော့ ဂွေးပင်ကျောင်းတိုက် ဦးဝိသုဒ္ဓ၏ တပည့်ဖြစ်တယ်။ မင်းကုန်းကျောင်း ကိုရောက်ခဲ့တာကတော့ နှစ်ပေါင်း ၃ဝကျော်လောက်တော့ရှိပြီလို့ ဆိုပါတယ်။

ဆရာတော်ကြီးက ပရိယတ္တိကိုတော့ သိပ်ပြီးတော့ အားမပေးပါဘူး။ ဆရာတော် ကြီးအားပေးတာကတော့ ဝိပဿ နာပါ။ ပျံလွန်တော်မူပြီးတဲ့နောက် ပိုင်းမှာ ဦးဇင်းတို့က ဆရာတော် ကြီးကို မြင်တဲ့အတိုင်းပဲ မှန်ခေါင်း ထဲမှာ ထည့်ထားတယ်။ ထည့်ထား ပြီးတဲ့ ခုနစ်လ ရှစ်လလောက်မှာ ဆရာတော်ကြီးရဲ့ ခြေသည်း၊ လက် သည်းတွေဟာလည်း နည်းနည်း ရှည်လာတယ်။ ဆံပင်တွေလဲရှည် ထွက်လာတယ်။ နောက် မုတ် ဆိတ်လဲ အနည်းငယ်ရှည်လာပါ တယ်။ ဦးဇင်းတို့ သင်္ကန်းလဲတဲ့ အခါမှာ လည်း ဆရာတော်ကြီး ထံမှာ ကျင်ကြီး နှစ်ကြိမ်တွေ့တယ်။ ဒါကတော့ အတော်လေးထူးဆန်း တာဖြစ်ပါတယ်။ နောင်လာနောက် သားတွေ ဖူးမျှော်နိုင်အောင် မှန် ခေါင်းထဲထည့်ပြီးထားတာ ဖြစ်ပါ တယ်''ဟု မင်းကုန်းကျေးရွာ သီရိ မင်္ဂလာ ကျောင်းတိုက်ရှိ ဦးဥတ္တမ က ပြောပြခဲ့သည်။ အဆိုပါ ရွှေဘိုမြို့နယ် မင်း ကုန်းကျေးရွာတွင်ရှိသော သီရိ မင်္ဂလာကျောင်းတိုက်တွင် သီတင်း သုံးနေသည့် ဆရာတော်ကြီးဦးနန္ဒိ ယသည် သက်တော် ၇၅နှစ်၊ ဝါ တော် ၅၄ဝါအရတွင်ပျံလွန်တော် မူသွားခဲ့ခြင်းဖြစ်သည်။

လေပွေနီ(အင်းတော်)
Yangon Media Group

MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ

ရန်ကုန်၊ သြဂုတ် ၁၅

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသားကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၎င်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက မူးယစ်ရမ်းကားမှု၊ ရဲအက်ဥပဒေ ပုဒ်မ- ၄၁/၁၄ ဖြင့် အမှုဖွင့်ကာ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထောက်ဒဏ်ရှစ်ရက် သို့မဟုတ် ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူက ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

"ထက်ထက်မိုးဦး ပါးရိုက်တဲ့ အမှုမှာ တရားရုံးမှာ ဒဏ်ငွေ တစ်ထောင်ပဲ ဆောင်ခဲ့ရကတည်းက ဥပဒေမှာပါတဲ့ ဒဏ်ငွေတွေကို ပြန်ပြင်သင့်နေတာ။ ဒီလိုဒဏ်ငွေမျိုးနဲ့ ရိုက်မှတော့ ဘယ်တရားခံကမှ နောင်ကြဉ်မှာ မဟုတ်ဘူး။ ရှေ့နေချုပ်တွေအနေနဲ ဒီလို့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဒဏ်ငွေတွေကို ပြင်သင့်တာ ကြာနေပါပြီ" ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ဟိုးက The Voice သို့ ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ်ဖြင့် စီးနင်းလိုက်ပါလာသူ အသက် ၃၀ နှစ်အရွယ် ဦးကျော်ဝင်းစိန်က လေယာဉ်ပေါ်တွင် အမှုထမ်း အမျိုးသမီးနှစ်ဦးထံ ဝိုင်အရက်မှာယူရာ အရက်မူးနေသဖြင့် မပေးနိုင်သည်ကို ရန်ပြုကာ စီးနင်းလာသည့် ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဆိုပါ အမျိုးသားကို မူးယစ်ရမ်းကား နှောင့်ယှက်မှုဖြင့် အရေးယူထားကြောင်း ရန်ကုန်လေဆိပ် အထူးတာဝန်တပ်ဖွဲ့ခွဲမှ ရဲအုပ်နေယုက The Voice သို့ ပြောကြားသည်။

"လေယာဉ်မယ်တွေက ဝိုင်နဲ့ဧည့်ခံနေတဲ့ အချိန်မှာ ဝိုင်ထပ်တောင်းတာကို မပေးလို့ ထိုင်ခုံကို လက်သီးနဲ့ ထိုးတယ်။ မပေးဘူးဆိုတာကလည်း သူအရမ်းမူးနေလို့ပါ။ သူ့ကို လေယာဉ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး လေယာဉ်မြေပြင် ဆင်းခါနီးမှာ ခါးပတ်ပတ်ဖို့ ပြောတာကို မလိုက်နာဘူး။ ဒါကြောင့် ခရီးသွားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် အရေးယူရတာပါ" ဟု ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးအောင်စိုးထွန်းက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၉) ရပ်ကွက် မကွေးလမ်း နေထိုင်သူ ဦးကျော်ဝင်းစိန်သည် စင်ကာပူနိုင်ငံရှိ PSA ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ကာ မြန်မာနိုင်ငံသို့ သူငယ်ချင်းနှစ်ဦးနှင့် အတူ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

သံတွဲတွင် ငါးဖမ်းလှေ ၇ စီး မီးရှို့ခံရ

ခိုင်ပြည်နယ် သံတွဲမြို့မှာ ငါးဖမ်းလှေတွေ မီးတင်ရှို့မှု ဖြစ်ပွားခဲ့တယ်လို့ ခရို်င်အဆင့် အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင်းမှာ အခုလ ၁၃ ရက်နေ့ ညပိုင်းက ငါးဖမ်းလှေ ၇ စီးကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ တရားခံတွေ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတုန်းပဲလို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီဗွီဘီကို ပြောပါတယ်။

"အဲဒါကတော့ သံတွဲမြို့နယ် အနောက်မြောက်ဖက် ၆မိုင်လောက် အကွာမှာ ဖြစ်ပါတယ်။ မြို့တောင်အုပ်စု။ လှေကတော့ အားလုံး ၇ စီးပါ။ တဲကတလုံး၊ အဲဒါ စုံစမ်းဆဲပါခင်ဗျာ။ တရားခံမရသေးပါဘူး။"

ဒီမီးရှို့မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ သံတွဲမြို့က ဒေသခံတွေကို မေးမြန်းကြည့်တဲ့အခါ အဲဒီငါးဖမ်းလှေတွေဟာ သီတင်းကျွတ်ကနေ တန်ခူးကာလအထိသာ အလုပ်လုပ်တဲ့ အတောင်လေးဆယ်လောက် ရှည်လျားတဲ့ ငါးဖမ်းလှေကြီးတွေဖြစ်ပြီး နားနေချိန်မှာ မီးရှို့ခံရတာလို့ ပြောပါတယ်။

ထွက်ပြေးလာတဲ့ ကလေးတွေ အပြောအရ မီးရှို့မယ့်သူတွေက လောက်လေးခွတွေနဲ့ ပစ်ခတ်တဲ့အတွက် အစောင့်ကလေးတချို့ ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

မီးရှို့ခံရတာ လှေဆယ်စီးအနက် တ၀က်လောက်က ပြန်ပြင်လို့ရပြီး ကျန်အစီးတွေကတော့ လုံးဝသုံးမရအောင် မီးလောင်သွားတယ်လို့ ပြောပြပါတယ်။

"ဦးမြ၀င်းဆိုတာက အရင်တုန်းက ငါးဖမ်းသင်္ဘောမှာ အရာရှိလုပ်ခဲ့တယ်ပေါ့။ သူက  ဗုဒ္ဓဘာသာပါ။ သူ့မှာ လှေလည်း ပါသွားတယ်၊ အိမ်လည်းပါသွားတယ်၊ နှစ်ထပ်အိမ်တလုံး။ သူ့မှာကျတော့ စက်နဲ့ ဂီယာနဲ့ဆိုတော့ ၁၈ လုံးလောက် ပန်ကာတွေ၊ ရှပ်တွေ၊ ငါးလှမ်းတဲ့ အစတွေ အရှို့ခံရတယ်။ နောက် ဦးစနေအောင်ဆိုတာ သူတို့မှာလည်း ပါသွားတယ်။ ဦးကျော်ဒင်မှာက ၂ စီးစလုံး ပါသွားပါတယ်။ အားလုံး လှေက ၁၀ စီးမှာ ၅ စီးကတော့ နည်းနည်းပါးပါး ပြန်ပြုပြင်လို့ ရပါတယ်။ ကျန်တဲ့ ၅ စီးကတော့ လုံးဝပြာပဲ။ တချို့ကျတော့ တပိုင်းပြတ်ကြီးပေါ့ဗျာ။ ဘာမှ ပြန်လုပ်လို့မရတော့ဘူး။"

သံတွဲမြို့ လူနေအိမ်ခြေတွေကို မီးရှို့မှုဖြစ်ပွားခဲ့လို့ ၆ လပိုင်း ၃၀ ရက်နေ့က ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့ဆို နှစ်လသက်တမ်း ပြည့်တာကြောင့် သက်တမ်းတိုးရေး မတိုးရေး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 

by ​အေး​နိုင် ဒီဗွီဘီ

ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဓားဖြင့် ခြိမ်းခြောက်လုယက်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီ ခန့်အချိန်တွင် လူသူကင်းမဲ့ သည့်နေရာဖြစ်သည့် မြိတ်ဂေါက်ကွင်းအတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အင်္ကျီ အနက်ရောင်ဝတ် အမည်မသိလူနှစ်ဦးက ဓားဖြင့်လာရောက်ခြိမ်းခြောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်းများကို လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ နယ်မြေ ရဲကင်းလှည့် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

မြိတ်မြို့ အမှတ် (၁) နယ်မြေ ရဲကင်းမှူး နှင့်အဖွဲ့သည် ထိုနေ့ ည ၈ နာရီအချိန်တွင် လှည့်ကင်းလှည့်နေ စဉ်ယင်းသို့ လုယက်ခံရသူနှစ်ဦးကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လုယက်ခံရသူနှစ်ဦးက လုယက်ခံရသည့် ဖြစ်စဉ်ကို ပြောပြခဲ့ကြောင်း ကလွင်ကျေးရွာ အုပ်ချူပ်ရေးမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ညအချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရအောက် ကျောင်းရပ်ကွက်၊ ပေါ်တော်မူစေတီဘုရားတည်ရာ ဂေါက်ကွင်းပြင်အတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ်အနားသို့ အနက်ရောင်ဝတ်စုံဖြင့် အမည်မသိ လူနှစ်ဦးရောက်ရှိလာပြီး ဓားဖြင့်ထောက်ကာ အဖိုးတန် ပစ္စည်းများ အကုန်ထုတ်ပေးရန် ခြိမ်းခြောက်
ပြောဆိုသဖြင့် ၎င်းတို့တွင်ပါလာသည့် ငွေကျပ်လေးသောင်းကျော်၊ လက်ကိုင်ဖုန်း ဆင်းကဒ်ပါ နှစ်လုံးနှင့် ဆင်းကဒ်မပါ လက်ကိုင်ဖုန်းတစ်လုံး စုစုပေါင်း လက်ကိုင်ဖုန်း သုံးလုံးတို့ကို ထုတ်ပေးခဲ့ရာ လုယူထွက်ပြေးသွားခဲ့ကြောင်း ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ထိုနောက် ရဲကင်းမှူးနှင့် အဖွဲ့မှ ည ၈နာရီ ခွဲ အချိန်တွင် ယင်းသမီးရည်းစားနှစ်ဦး၏ မိဘများအား ခေါ်ယူတွေ့ဆုံပြီး အချိန်မတော် လူပြတ်လပ်သည့်နေရာ၌ နောက်နောင် ယခုကဲသို့မချိန်းတွေ့ရန် အုပ်ထိန်းသူများရှေ့တွင် ခံဝန်ကတိရေးထိုးစေခဲ့ကြောင်း ကလွင်ကျေးရွာရှိ ဒေသခံများထံမှ သိရသည်။

"သမီးရည်းစား အတွဲတွေကတော့ နေ့ရောညပါ အမြဲလာနေကြတာပဲ။ အဖမ်းခံရ တာလည်းရှိတယ်။ ပြဿနာတက် တာလည်း ရှိတယ်။ မကြောက်မလန့်နဲ့ လာနေကြတယ်။ အချို့ဆို မဖွယ်မရာတာတွေ ဒီကုန်းမြေပေါ်မှာ လာလုပ်နေ ကြတာ။ တွေ့နေရတာ ရိုးနေပြီ"ဟု ပေါ်တော်မူစေတီဘုရား ဂေါက်ကွင်းမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်ပြီး လူငယ်စုံတွဲ၏ မိဘများက အမှုမဖွင့်သော်လည်း သက်ဆိုင်ရာ မြိတ်မြို့မ ရဲစခန်းမှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက်လုယက်သွားသူများကို အမှုဖွင့်အရေးယူနိုင်ရန်အတွက် လိုက်လံရှာဖွေ စစ်ဆေးနေကြောင်း မြိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

Dawei Watch 
Mizzima - News in Burmese

တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ရတနာပစ္စည်းပျောက်ဆုံးမှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏နေအိမ်မှ ကာလတန်ဖိုးကျပ်(၁၂၄)သိန်း တန်ဖိုးရှိရတနာပစ္စည်းများ သြဂုတ်လ(၁၁)ရက်နေ့က  ပျောက်ဆုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါနေအိမ်၌ အိမ်အကူအဖြစ်လုပ်ကိုင်နေသူအား သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး တရားခံမပေါ် သေးဟု သိရှိရသည်။

သြဂုတ်လ(၁၁)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့ဝန်ကြီးများ အိမ်ယာအတွင်းရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်စိုး၏ နေအိမ်တွင် ဖြစ်ပွားခဲ့သော ပစ္စည်းပျောက်မှုကြောင့်နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသူ အသက်(၂၁)နှစ်အရွယ်ရှိ မဝေေ၀သင်း ဟင်္သာတမြို့နေသူအား ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

 "လုံခြုံရေးတွေ အပြည့်ချထားတဲ့နေအိမ်ဖြစ်ပြီး လူဝင်လူထွက်သိပ်မရှိတဲ့နေအိမ်မို့ သံသယတရားခံအဖြစ် ကောင်မလေးကို ဖမ်းဆီးစစ်ဆေးနေတာပါ။ အိမ်ရဲ့ဖွဲ့စည်းပုံအနေအထား၊အခန်းထဲမှာ ပစ္စည်းထားတဲ့အနေအထား၊ လုံခြုံရေးထားတဲ့အနေအထားနဲ့ အပြင်လူထိုး ဖောက်ဝင် ရောက်နိုင်ဖို့ သိပ်မလွယ်ဘူး၊ လောလောဆယ်အိမ်ထဲဝင်ထွက်ခွင့်ရှိတာလည်းသူတစ်ဦးဘဲ ရှိတယ်"ဟု ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ဦးစိန်လင်းက ပြောသည်။

ဖမ်းဆီးခံထားရသူ မဝေေ၀သင်းမှာ လွှတ်တော်ဥက္ကဋ္ဌ၏နေအိမ်တွင် လွန်ခဲ့သည့်နှစ်လခန့်က ဟင်္သာတမြို့မှလာရောက် အလုပ်လုပ်ကိုင် သူဖြစ်ပြီး မိဘနှစ်ပါးစလုံးမရှိတော့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်လည်း ဆွေမျိုးနီးစပ်တော်စပ်မှု မရှိပဲ အခြား အဆက် အသွယ်တစ်ခုဖြင့် အလုပ်လာရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။

အဆိုပါနေအိမ်တွင် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ၊ဇနီးဖြစ်သူ၊ သမီးတစ်ဦးနှင့်ဖမ်းဆီးခံထားရသူတို့သာ နေထိုင်ကြောင်း သြဂုတ်လ(၁၁) ရက်နေ့ နံနက်(၅)နာရီခန့်က၄င်းမှ လုံချည်အစုတ်ထည့်ထားသည့် အထုတ်တစ်ထုတ်အား နေအိမ်ခြံဝန်းအပြင်ဘက်သို့ လွှင့်ပစ်ခဲ့သည် ကိုဦးတင်စိုး၏ ဇနီးဖြစ်သူအား စိုက်ပျိုးရေးဝန်ထမ်းက လာရောက်ပြောပြရာမှစ၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် သြဂုတ်လ(၁၂)ရက်နေ့တွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိလေးမှပုသိမ်မြို့ အမှတ်(၂)တွင် ရွှေထည်ပစ္စည်း (၁၇)မျိုး ကာလတန်ဖိုးကျပ်(၁၂၄)သိန်းပျောက်ဆုံးမှုဖြင့် လာရောက်အမှုဖွင့်ခဲ့ရာမှ မသင်္ကာတရားခံအဖြစ်ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်သည်ဟု အမှတ်(၂)ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 "ကောင်မလေးကို ညလုံးပေါက်စစ်နေတာတွေလည်းရှိတယ်၊ အခုချိန်ထိတော့ သူ့ဆွေမျိုးတွေလာတာ မတွေ့သေးဘူး၊ ပျောက်တာကလည်း ရွှေထည်ပစ္စည်းလိုလို၊ စိန်လက်စွပ်လိုလိုနဲ့ လွှတ်တော်ဥက္ကဌဇနီးရဲ့ ပစ္စည်းပါပဲ၊ အမှုကတော့ စစ်ဆေးဆဲပဲရှိသေးတယ်လို့ ကြားရတယ်"ဟု ပုသိမ်မြို့အမှတ်(၂)ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဖြစ်သူဦးတင်စိုး(ဗိုလ်ချုပ်ဟောင်း) တိုင်းအစိုးရအဖွဲ့တွင် စိုက်ပျိုးရေးမြူရေးဝန်ကြီးထိုမှတဆင့် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရာမှသည် (၂၀၁၂)ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ တိုင်းလွှတ်တော်ဥက္ကဌ ရာထူးဖြင့် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ ကာယခုလက်ရှိဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နေထိုင်ရာ ပုသိမ်မြို့ရှိဝန်ကြီးများ အိမ်ယာဝင်းတွင်နေထိုင်ပြီး ၄င်း၏ယခုလစာငွေမှာ ခြောက်သိန်းကျပ်ဖြစ်သည်။

ယခုအခါအဆိုပါအမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှုး၊ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုးစသည့် ရဲတပ်ဖွဲ့အကြီးအကဲများ ကိုယ်တိုင်ပါဝင်သည့် အမှုစစ်အထူးအဖွဲ့များဖွဲ့ကာ ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှ(ပ)၁၂၇/၁၃ပုဒ်မ၃၈၁ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်