Tuesday, August 20, 2013

Invitation to connect on LinkedIn

 
LinkedIn
 
 
 
 
From Hmuu Aein Zaw Zaw
 
Journalist at Myit Makha News Agency
Myanmar
 
 
 
 
 
 
 

I'd like to add you to my professional network on LinkedIn.

- Hmuu Aein Zaw

 
 
 
 
 
 
 
You are receiving Invitation to Connect emails. Unsubscribe
© 2012, LinkedIn Corporation. 2029 Stierlin Ct. Mountain View, CA 94043, USA
 

ချင်းမိုင် ၀ပ်ဆိုင်းမွန်းတွင် မြန်မာ သံဃာတော် ကျောင်းထိုင် သီတင်းသုံးပြီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည ကို ယနေ့ နံနက်ပိုင်းက မြန်မာ ကျောင်းထိုင် ဆရာတော်အဖြစ် တင်မြှောက်ပွဲ ကျင်းပသည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၏ မြန်မာကျောင်းထိုင်အဖြစ် ခန့်အပ်တင်မြှောက် ပူဇော်ပွဲသို့ ဗန်းမော် ဆရာတော် ဘုရားကြီး၊ ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဓမ္မပီယ၊ ပီနန် ဆရာတော်ကြီး စသည့် သာသနာ့ ဥသျှောင် သံဃာတော်များ၊ ထိုင်း သံဃာတော်ကြီးများ၊ မြန်မာနိုင်ငံမှ သာသနာရေး ဒု ၀န်ကြီးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းနှင့် သံရုံး တာဝန်ရှိသူများ၊ ဒကာ၊ ဒကာမများ တက်ရောက်ကြကြောင်း ဒကာ တဦးဖြစ် သူ ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။

"အခုတော့ ကိုယ့်ကျောင်းမှာ ကိုယ့် မြန်မာ ဆရာတော်နဲ့ ဆိုတော့ ၀မ်းမြောက် ၀မ်းသာဖြစ်ရပါတယ်"ဟု သူက ဆိုသည်။

ချင်းမိုင်ရှိ မြန်မာများအနေဖြင့် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အညီ မြန်မာ ဆရာတော်၏ ဆုံးမ သြ၀ါဒများ ခံယူလျက် သာသနာ စည်ပင်ထွန်းကားရေး ဆက်လက် လုပ်ဆောင်သွားကြရန် အားလုံးက စိတ်အား ထက်သန်နေကြကြောင်းလည်း ဦးစိုးဝင်း က ဆက်ပြောသည်။

မကွေးတိုင်း ပခုက္ကူ ဇာတိဖြစ်ပြီး သက်တော် ၆၇ နှစ်၊ ဝါတော် ၄၇ ဝါရှိ ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အဘိဓမ္မာ ပိဋကတ်တော်များ ပို့ချပေးနေသည့် စာချဆရာတော် ဖြစ်သည်။ ဓမ္မာစရိယ၊ ဒီဃဘာဏက၊ မဟာ ဂန္တ၀ါစက ပဏ္ဍိတ၊ အဂ္ဂ မဟာ သဒ္ဒမ္မ ဇောတိက ဓဇ ဘွဲ့များလည်း ရရှိထားသူ ဖြစ်သည်။

ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည သည် ယနေ့မှစတင်၍ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယက ကျောင်းထိုင်အဖြစ် တရားဝင် တာဝန်ယူလိုက်ခြင်း ဖြစ်သည်။

ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်း၌ နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာ ကျောင်းထိုင်သွားခဲ့သည့် မြန်မာ ဘုန်းတော်ကြီး ဦးအာသဘ ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူသွားပြီးနောက် ကျောင်းထိုင် ဆရာတော် လစ်လပ်နေခဲ့သည်။ ထိုင်းနိုင်ငံ သာသနာရေး ဥပဒေ တွင် ကျောင်းထိုင်အဖြစ် ထိုင်း သံဃာသာ ဆက်ခံပိုင်ခွင့် ရှိသဖြင့် မြန်မာ သံဃာတော် ဆက်လက် ကျောင်းထိုင်ဖြစ်ရေး လိုလားသည့် ချင်းမိုင်ရောက် မြန်မာများ အတွက် အခက်အခဲများ ကြုံခဲ့ကြရသည်။

ဘုန်းတော်ကြီး ဦးအာသဘ ပျံလွန်တော်မူသွားပြီးနောက် ထိုင်းသာသနာရေး ဦးစီးဌာနမှ ထိုင်း သံဃာတပါး ကျောင်းထိုင် အဖြစ် တာဝန်ယူရန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စီစဉ်ခဲ့သေးသည်။

ထို့ကြောင့် ထိုင်းနှင့် မြန်မာ ဒကာ၊ ဒကာမများအကြား ပဋိပက္ခများဖြစ်ခဲ့ပြီး ၀ပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်း၌ မြန်မာ ရဟန်းတော်သာ ကျောင်းထိုင်အဖြစ် ဆက်လက်တာယူနိုင်ရေး ချင်းမိုင်ရောက် မြန်မာများ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် ထိုင်း-မြန်မာ ၂ နိုင်ငံ သံဃာတော်များနှင့် အာဏာပိုင်များ ညှိနှိုင်းခဲ့ပြီး ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းအား မြန်မာ ဘုန်းတော်ကြီး ဆက်လက် ကျောင်းထိုင်အဖြစ် ထားရှိခွင့်ရန် ထိုင်းအစိုးရဘက်က ယမန်နှစ် ဇူလိုင်လက သဘောတူ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည အပါအ၀င် သံဃာ ၉ ပါး သီတင်း သုံး နေထိုင်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ အနည်းဆုံး ၁ ဒါဇင်မက ရှိခဲ့သော်လည်း ထိုင်း သာသာနာရေး ဥပဒေ အရ ထိုင်းသံဃာတော်များက ကျောင်းထိုင်အဖြစ် ဆက်ခံခဲ့ကြပြီး ယခု ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်း တကျောင်းသာလျှင် ထိုင်းအစိုးရက မြန်မာဘုန်းတော်ကြီးအား ကျောင်းထိုင်အဖြစ် ဆက်ခံခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ချင်းမိုင် ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၌ မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခန့်အပ်ပူဇော်ပွဲ အကြိုနေ့ သြ ဂုတ် လ ၁၉ ရက်နေ့ ညပိုင်းကလည်း မြန်မာနိုင်ငံမှ လာရောက်သည့် ရွှေမန်း သဘင်မှ နိုင်ငံကျော် မင်းသားများ ဖြစ်ကြသော ကျော်ကျော်ဗိုလ် နှင့် တင်မောင်ဆန်းမင်းဝင်းတို့ အဆိုအကများဖြင့် ဖျော်ဖြေခဲ့သည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၌ ဆရာတော် အရှင် ၀ရဓမ္မသည် ပထမဆုံး ကျောင်းထိုင်ဖြစ်ပြီး ဆက်လက် ၍ အရှင် ဂန္ဓမာလာ၊ အရှင် ဘောဂ ဓမ္မ၊ အရှင် ဇိန၊ အရှင် သာဒရ၊ အရှင် တဇောသိရီ၊ အရှင် အာစိဏ္ဏ၊ အရှင် ပညာသာရ၊ အရှင် ၀ဇီရိန္ဒနှင့် ယမန်နှစ် က ပျံလွန်တော်မူခဲ့သော အရှင် အာသဘ အပါအ၀င် မြန်မာ ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်း သုံးခဲ့ကြကြောင်း ကျောင်းမှတ်တမ်း၌ ဖော်ပြထားသည်။

ဆင်းရဲမှု တိုက်ဖျက်ရေး တရုတ်ထံမှ ဒေါ်လာ သန်း ၁၀၀ ချေးယူ

သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံတွင်း အကောင်အထည် ဖော်နေသည့် ဆင်းရဲတိုက်ဖျက်ရေးနှင့် ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး သမ၀ါယမ လုပ်ငန်းများ အတွက် တရုတ် ပို့ကုန်သွင်းကုန် ဘဏ် (Exim Bank of China)ထံမှ  အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငှား ရယူ ထားကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်က ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး သမ၀ါယမအသင်းများနှင့် အသင်းသားများအတွက် လိုအပ်သည့် မတည် ရင်းနှီး ငွေများ ပိုမို ထုတ်ချေးပေးနိုင်ရန် သမ၀ါယမ၀န်ကြီးဌာနသည် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငှားရယူလိုကြောင်း၊ ချေးငွေများကို ၁၀ နှစ်အတွင်း ပြန်လည် ပေးဆပ်မည်ဖြစ်ပြီး အတိုးနှုန်း မှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄.၅ သန်း ကျသင့်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

ယနေ့ မနက်ပိုင်း နေပြည်တော်တွင်  သမ၀ါယ၀န်ကြီးဌာန၏ ချေးငွေထုတ်ပေးခြင်းနှင့် သမ၀ါယအသင်းသား များ နှင့်တွေ့ဆုံပွဲတရပ် ကျင်းပ ခဲ့ပြီး သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရ၀န်ကြီးဌာနများမှ တာဝန်ရှိ သူများ ၊လွှတ်တော် ကိုယ်စား လှယ်များ၊ သမ၀ါယ အသင်းသားများ တက်ရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတွင်း အကောင် အထည် ဖော်နေ သည့် ဆင်းရဲမှုတိုက်ဖျက်ရေး သမ၀ါယမ လုပ်ငန်းများ အတွက်  နိုင်ငံတကာ အကူအညီနှင့် ချေးငွေ များ ရရှိစေရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

"သမ္မတဦးသိန်းစိန်က သူတို့ တရုတ်ဘဏ်ကနေ သမ၀ါယမ လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၁၀၀ ချေးထားတာကို  ပြောတယ်။ နောက်ထပ် နိုင်ငံတကာအကူအညီတွေ ချေးငွေ ရအောင် သူ့အနေနဲ့ ကြိုးပမ်းမယ်ဆိုတာလည်း ထည့်ပြောတယ်။ တနိုင်ငံလုံး သမ၀ါယမ လုပ်ငန်း တွေအတွက် ဘီလျံ ၆၀၀ ကနေ ၃၀၀၀ အထိ လိုမယ်လို့ ပြောတယ်" ဟု နေပြည်တော် သမ၀ါယမအသင်းသားများနှင့် သမ္မတတွေ့ဆုံပွဲ တက်ရောက် ခဲ့သည့်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ပြောသည်။

နေပြည်တော်သမ၀ါယမ ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူးက တရုတ်နိုင်ငံမှ ရယူထားသော ချေးငွေ ဒေါ်လာ သန်း ၁၀၀ သည် အသေးစားချေးငွေလုပ်ငန်း များအတွက် အဓိက အသုံးပြု သွားမည်ဖြစ်ပြီး အဓိကအားဖြင့် တောင်သူ လယ်သမားများကို ချေးငှားသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

"တရုတ်က ချေးလိုက်တဲ့ ပိုက်ဆံက အသေးစားချေးငွေလုပ်ငန်းမှာသုံးမယ်။ အဓိက တောင်သူလယ်သမား တွေကို ချေးပေးချင်လို့။ လောလောဆယ်မှာ သမ၀ါယမအသင်းတွေရဲ့ပိုင်ဆိုင်တဲ့ ငွေကျပ် ဘီလျံ ၅၀ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး တွေ လုပ်နေပါတယ်။ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာက ကျေးလက်နေ ပြည်သူ တွေနဲ့ မြို့ပြ အခြေခံစား လူတန်းစား တွေအတွက် ရည်ရွယ်လုပ်တာပါ "ဟု သမ၀ါယမ၀န်ကြီးဌာန ရုံးအဖွဲ့မှူးက ဆိုသည်။

အစိုးရက အကောင်အထည် ဖော်နေသည့် ဆင်းရဲမှု တိုက်ဖျက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး သမ၀ါယမ လုပ်ငန်းများသည် အောင်မြင်မှု ရရှိနိုင်ခြေ နည်းပါးကြောင်း၊ အကျင့်ပျက်ခြစားမှုနှင့် ဆေးမြီးတို ဆန်သော ငွေချေးငှားသည့်စနစ်ပုံစံတို့ကြောင့် သမ၀ါယမ လုပ်ငန်းများသည် ပြည်သူ လူထုအားလုံးကို ခြုံငုံ အကျိုး မဖြစ်ထွန်းနိုင်ဟု စီးပွားရေး ပညာရှင် အချို့နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့က သုံးသပ် ပြောဆိုသည်။

ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက "မြန်မာ နိုင်ငံရဲ့ သမိုင်းမှာ သမ၀ါယမ စနစ်အောင်မြင်ခဲ့တယ်ဆိုတာမရှိဘူး။ သမ၀ါယမ ရဲ့ ဘဘာဝကို ဆိုရှယ်လစ် သဘောတရားထဲဝင်တယ်။ တကယ်တန်းကျတော့ သမ၀ါယမရဲ့သဘောက Social Welfare နဲ့ သွားတယ်ဆိုတော့ Market Economy မှာ သမ၀ါယမအခန်းကဏ္ဍကို ဘ၀င်မကျလှဘူး။ သမ၀ါယမသည် ဗဟိုဦးစီးစနစ်အောက်မှာရှိတယ်၊ စုပေါင်းလယ်ယာ၊ စုပေါင်း လုပ်ငန်းတွေကို ၀ိုင်းကြီးချုပ်စနစ်နဲ့သွားတဲ့ လုပ်ငန်းမျိုးတွေ။ အဲဒီသဘာဝကိုက စုပေါင်း လုပ်၊ စုပေါင်းစား၊ ဘုံစနစ် ဆန်နေတယ်။ သမ၀ါယမစနစ်သည် ဈေးကွက် စီးပွားရေး စနစ်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ နောက်ပြီး သမ၀ါယမ၀န်ကြီးဌာနအနေနဲ့ အခုလုပ်မယ့် လုပ်ငန်းတွေအတွက် ဘယ်လောက် စစ်တမ်းတွေလုပ်ထားလဲ။ ဘယ်လိုတွေလုပ်မှာလဲ။ ဒါမျိုးတွေကို စနစ်တကျ ရည်မှန်းချက်၊ စစ်တမ်းတွေနဲ့လုပ်ထားတာလား" ဟု ပြောသည်။

အသေးစားချေးငွေ ထုတ်ပေးခြင်းဖြင့် ဆင်းရဲမှု တိုက်ဖျက်နိုင်မည် မဟုတ်ဘဲ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် အသေးစား ချေးငွေထုတ်ပေးခြင်းဖြင့် ဆင်းရဲမှုတိုက်ဖျက်နိုင်မည်ဟု လွဲမှားစွာ မယူဆစေလိုကြောင်း၊ အတိုးပါသော ချေးငွေကြောင့် ပိုမို ဆင်းရဲမွဲတေနိုင်ကြောင်း  ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

"ငွေချေးတယ် ဆိုတိုင်း ဆင်းရဲမှု တိုက်ဖျက်တာမဟုတ်ဘူး။ ငွေချေးတယ် ဆိုတာက အတိုးပါမယ်။ ငွေချေးစားတဲ့သဘောပဲ။ ဆင်းရဲသားက လိုနေတာက ချေးငွေ (credit)  မဟုတ်ဘူး။ ဆင်းရဲသား၊ လယ်သမားတွေ လိုနေတာက အရင်းအနှီး (Capital) လိုနေတာ။ ချေးငွေဆိုတာ အတိုးပေးရမယ်၊ အချိန်တန်ရင် ပြန်မဆပ် လို့မရဘူး။ ၀ိုင်းကြီးချုပ် စနစ်နဲ့ ချုပ်ထားတယ်။ တောင်သူက အတိုးပါတဲ့ ချေးငွေကြောင့် ပိုဝန်ပိတယ်။ အရင်းအနှီး ဆိုတာက  နှစ် ၃၀၊ နှစ် ၂၀၊ ၁၀ နှစ် တဖြည်းဖြည်း ပြန်ဆပ်ဆိုတဲ့ပုံစံနဲ့ အရင်းအနှီးငွေထုတ် ပေးလိုက်။ အတိုးတွေ ဘာတွေ မယူနဲ့။ နဂိုဆင်းရဲနေတာကို  အကြွေးထပ် ပေးပြီးတော့ အတိုးရော၊ အရင်းပါ မဆပ်နိုင်အောင် အပူတွေ ထပ်မပေးပါနဲ့" ဟု ဒေါက်တာမောင်မောင်စိုးက ပြောသည်။

လသာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က လက်ရှိ အကောင်အထည်ဖော်နေသည့် သမ၀ါယမ စနစ်သည် နိုင်ငံရေး ရောယှက်နေပြီး ငွေတိုးချေးစားသည့် သဘာဝ ပါဝင်နေသဖြင့် လုံးဝ အောင်မြင်မည်မဟုတ် ပြောသည်။

"သမ၀ါယမ ၀န်ကြီးဌာနအနေနဲ့ တရုတ်ဆီက တနှစ်လုံးကို အတိုး ၄ ဒသမ ၅  ရာခိုင်နှုန်းနဲ့ ငွေချေး ယူထားပြီးတော့ ပြည်သူတွေကိုကျတော့ တလ အတိုး ၂ ရာခိုင်နှုန်း၊ တနှစ်ကို အတိုး ၂၄ ရာခိုင်နှုန်းနဲ့ အတိုးယူပြီး ငွေပြန်ချေးတယ်။ နောက်ပြီး အခုလုပ်နေတဲ့ သမ၀ါယမ စနစ်မှာ နိုင်ငံရေး ရောယှက်နေတယ်။  နောက်ဆုံးကျတော့ တိုင်တာ၊ တောတာတွေနဲ့ ဒီလိုပဲ လူတစုကောင်းစားရေး ပုံစံနဲ့ပဲ နိဂုံးချုပ်သွားမှာပါ။ တကယ့် သမ၀ါယမစနစ် ရဲ့ ပုံစံက သမ၀ါယမအသင်းတွေကိုယ်တိုင်က ငွေထည့်ဝင်ပြီး ကြိုးစားချင် စိတ်ပေါ်မူတည်ပြီး လုပ်ကြ ကိုင်ကြ လုပ်ရတဲ့ စနစ်မျိုး။ အခုက အစိုးရဘက်က ငွေကြေးစိုက် ထုတ်ပေး တော့ လူတိုင်းလိုလို က အခွင့်အရေးလိုချင်တော့ အသင်းဝင်လာပြီး ငွေချေးကြ၊ ရတဲ့ အခွင့်အရေး ယူကြဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်" ဟု ဦးကြည်မြင့်က သုံးသပ်သည်။

လက်ရှိ သမ၀ါယမ ၀န်ကြီးသည် ယခင်စစ်အစိုးရ လက်ထက်က ပြန်ကြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းဖြစ်သည်။

သမ္မတပုံ ဂရပ်ဖတီဆွဲသဖြင့် တရားစွဲခံရသူကို ဆီးဂိမ်းအတွက် နေပြည်တော်သို့ ဖိတ်ခေါ်ထား

သမ္မတပုံတူကို ဂရပ်ဖတီဆွဲသဖြင့် တရားစွဲဆိုခံရသည့် ကိုအာကာကျော် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၏ ပုံတူကို ဂရပ်ဖတီ နံရံပန်းချီ ရေးဆွဲခဲ့သဖြင့် တရားစွဲဆို ခံခဲ့ရသူ ကိုအာကာကျော်အား ယခုလာမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် နေပြည်တော်ကောင်စီအတွင်း နံရံရေးပန်းချီများ ရေးဆွဲပေးရန် တာဝန်ရှိသူများက ဖိတ်ခေါ် ထားကြောင်း သိရသည်။

"ဖိတ်တာကတော့ နေပြည်တော်က ဆီးဂိမ်းက တာဝန်ရှိသူတွေပဲ ဖိတ်တာပါ။ ဖုန်းလှမ်းဆက်ပြီး ကျနော့်ကိုပြောတာ။ အခုတခါကတော့ ဂရပ်ဖတီဆွဲတဲ့ သက်တမ်းတလျှောက်မှာ တရားဝင် ဆွဲရတဲ့ ပထမဆုံးအကြိမ်ပေါ့" ဟု ကိုအာကာကျော်က ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော် ကောင်စီနယ်မြေတွင် နံရံရေးပန်းချီများ ရေးဆွဲရန် ယခုလာမည့် စက်တင်ဘာလတွင် နေပြည်တော်သို့ သွားမည်ဖြစ်သော်လည်း မည်သည့်ရုပ်ပုံ ရေးဆွဲရမည်ဆိုသည် ကိုတော့ မပြောလိုကြောင်း ကိုအာကာကျော်က ဧရာဝတီသို့ ပြောသည်။

"ဒီတခါတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတူကို မဆွဲဖြစ်တော့ပါဘူး။ ဘာပုံတွေ ဆွဲမယ် ဆိုတာကို ကြိုပြောလိုက်ရင် ပေါ့သွားမှာစိုးရိမ်လို့ မပြောသေးဘူး။ ပြိုင်ပွဲရောက်မှပဲ ဘာပုံတွေ ဆွဲမယ်ဆိုတာကို ကြည့်ပါတော့" ဟု ၎င်းက ဆက်ပြောသည်။

လာမည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းနှင့် ပတ်သက်သည့် ဆီးဂိမ်း လာဘ်ကောင်ဖြစ်သော ဇီးကွက်ရုပ် များမှ စ၍ အရုပ်များအားလုံး ရေးဆွဲမည် ဖြစ်သော်လည်း ရေးဆွဲမည့် ရုပ်ပုံအရေအတွက်ကို စဉ်းစားထားခြင်း မရှိကြောင်း၊ ဆီးဂိမ်း အတွက် နံရံရေး ပန်းချီများကို နေပြည်တော် ကောင်စီ နယ်မြေဖြစ်သည့် မြို့မဈေးအနီးတွင် ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် ဆီးဂိမ်းအတွက် နံရံရေး ပန်းချီကို ကိုအာကာကျော် တဦးတည်းကိုသာ ရေးဆွဲပေးရန် ဖိတ်ခေါ်ထားကြောင်း၊ နံရံရေး ပန်းချီ ရေးဆွဲနိုင်မည့် ဘုတ်ပြုလုပ်နေသည်မှာ မပြီးမြောက်သေးသည့် အတွက် စောင့်ဆိုင်း နေရကြောင်း၊ အဆိုပါဘုတ် ပြီးသည်နှင့် ကိုအာကာကျော်အား ခေါ်ယူကာ ရေးဆွဲခိုင်းမည်ဖြစ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သည်များကို ပြုလုပ်နေရသည့် တာဝန်ရှိသူတဦး ဖြစ်သူ ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

"အစကတော့ ဆီးဂိမ်းအတွက် ဂရပ်ဖတီ ဆွဲဖို့ အစီအစဉ်မရှိဘူး။ နောက်ပိုင်းမှ မြန်မာနိုင်ငံကို အိုဘားမား လာတုန်းက ပုံတူဆွဲဖူးတဲ့ ကောင်လေး တယောက်ရှိတယ်၊ သူ့ကိုခေါ်ပြီး ပြိုင်ပွဲနဲ့ ပတ်သက်တာလေးတွေ ဆွဲဖို့အကူအညီတောင်းရင် ကောင်းမယ်၊ ဒါမှသာ လူတွေ ပိုစိတ်ဝင်စား လာနိုင်တယ်လို့ ဒီက တယောက်က ဝန်ကြီးကို အကြံပေးခဲ့တယ်။ ဝန်ကြီးက သဘောတူပြီး လက်ခံလို့ အခုလိုတွေ စီစဉ်ရတာပေါ့" ဟု ဦးဌေးအောင်က ရှင်းပြသည်။

လာမည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နံရံရေး ပန်းချီ ရေးဆွဲခြင်းများ ထည့်သွင်းရန် နေပြည်တော် စည်ပင် သာယာရေး ကော်မတီအား ခွင့်ပြုချက် တင်ထားခဲ့သော်လည်း စည်ပင်သာယာ၏ ခွင့်ပြုမိန့်မှာ မကျလာသေးဘဲ အချိန်ကြာနေခြင်း ကြောင့်သာ ယခုကဲ့သို့ နောက်ကျရခြင်း ဖြစ်ကြောင်း သိရသည်။

"စည်ပင်ရဲ့ ခွင့်ပြုမိန့်မရသေးလို့ ကြာနေတာ။ အခုမှ ခွင့်ပြုမိန့်ရလာလို့ ပုံဆွဲရမယ့် ဘုတ်ကိုလည်း အခုမှ လုပ်ဖြစ်တယ်။ ဘုတ်ကလည်း အခုထိ မပြီးသေးလို့ ပုံဆွဲပေးမယ့်သူကို မခေါ်ထားသေးဘူး။ ဘုတ်ကိုတော့ ဒီ ၁၀ ရက် ၁၅ ရက်အတွင်း ပြီးမယ်လို့ မှန်းထားတယ်။ ဘုတ်ပြီးမှ အာကာကျော်ကို လာဖို့ ခေါ်မှာပါ" ဟု ဦးဌေးအောင်က ပြောသည်။

ယခုလာမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နံရံရေးပန်းချီများတွင် ရေးဆွဲရမည့် ပုံများကို ကိုအာကာကျော် စိတ်ကြိုက် ရေးဆွဲခွင့် ပေးမည်မဟုတ်ဘဲ အားကစား ဝန်ကြီးဌာနမှ ဝန်ကြီးက ခွင့်ပြု၍ ရေးဆွဲခိုင်းမည့် ပုံများကိုသာ ရေးဆွဲခွင့် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ဘာပုံတွေ ဆွဲရမယ်လို့တော့ ကျနော်တို့လည်း မသိသေးဘူး။ ဝန်ကြီးက စဉ်းစားတုန်းပဲ ရှိသေးတယ်။ ဒါကျတော့ ကျနော်တို့ အပါအဝင် ကိုအာကာကျော်လည်း စဉ်းစားပိုင်ခွင့်မရှိဘူး။ ဝန်ကြီးရွေးပေးတဲ့ ပုံကိုပဲ ဆွဲရမှာ။ ပုံတွေကတော့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ပိုစတာတွေထဲက ပုံတွေပဲပေါ့" ဟု ဦးဌေးအောင်က ဆိုသည်။

ယခင်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊ အများပြည်သူ၏ မြင်ကွင်းများတွင် ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်း၊ ရုပ်ပုံများ ရေးဆွဲခြင်း ပြုလုပ်သည့် မည်သူမဆို ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဥပဒေ ထုတ်ပြန်ထားသော်လည်း ယခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် သမ္မတ ဦးသိန်းစိန်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကိုအာကာကျော်က မရမ်းကုန်းမြို့နယ်ရှိ နံရံတခုပေါ်တွင် သမ္မတ၏ ပုံတူ ဂရပ်ဖတီကို ရေးဆွဲ ခဲ့ခြင်းကြောင့် မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ တရားစွဲဆိုခံရကာ ဒဏ်ငွေ တသိန်း ပေးဆောင်ခဲ့ရသည်။

"ဂရပ်ဖတီ မဆွဲရဘူးလို့ ကန့်သတ်ပြီး ဥပဒေချထားတုန်းက ချထားခဲ့တယ်။ အခုကျတော့လည်း ဆွဲပေးပါလို့ လာကမ်းလှမ်းတဲ့ အပေါ်မှာ ဘာမှ ထူးထူးခြားခြား ခံစားချက်တွေ မဖြစ်ပါဘူး။ ကိုယ့်ကို တရားစွဲခဲ့တာက ရန်ကုန်က လူတွေဖြစ်ပြီး အခု လာကမ်းလှမ်းတာက နေပြည်တော်ကလူတွေ ဖြစ်လို့ ဘာ တခြား ခံစားချက်မှ မထားထားဘူး။ ဒါနဲ့ ပတ်သက်လို့ ပြောစရာ လည်း သိပ်မရှိဘူး" ဟု ကိုအာကာကျော်က ဆိုသည်။


စစ်ကိုင်း-ရွှေဘို လမ်းမကြီးအနီး ဗုံးသီး ၂၂ လုံးတွေ့

စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက်လမ်းမကြီးအနီးတွင် ဒလက်ခြောက်ခုပါသည့် ဗုံးသီး ၂၂ လုံးကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီကျော်တွင် တွေ့ရှိခဲ့ကြောင်း ယင်းဒေသရှိ ရဲစခန်းမှ သတင်းထုတ်ပြန်သည်။

ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် နေထိုင်သည့် ဦးဆန်းအေးဆိုသူက လမ်းမကြီးဘေးကိုက်တစ်ရာခန့် အကွာ တွင် ဗုံးသီး၏ ဒလက်တစ်ခု မြေကြီးပေါ်သို့ ပေါ်နေသည်ကို စတင်တွေ့ရှိခဲ့ရာ ရဲစခန်းသို့ အကြောင်းကြားပြီး တူးဖော်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။

သတင်းရသည်နှင့် ရဲများက သွားရောက် တူးဖော်ခဲ့ရာ အလျား ၁၅ လက်မ၊ လုံးပတ် ၁၀ လက်မရှိသည့် ဒလက်
ခြောက်ခုဗုံးသီး ၂၂ လုံးကို တွေ့ရှိခဲ့ရသည်ဟု ရဲဌာနက ဆိုထားသည်။

ယင်းဗုံးသီးများသည် သုံးလက်မ စိန်ပြောင်းတွင်တပ်၍ ပစ်ခတ်ရသည့် ဗုံးသီးများ ဖြစ်နိုင်ကြောင်း၊ ဗုံးသီးများသည် သံချေးတက်နေပြီဖြစ်သဖြင့် စစ်ကျန်ပစ္စည်းများ ဖြစ်နိုင်ကြောင်းလည်း ရဲများကသုံးသပ် မှတ်တမ်းတင်ထားသည်ကို ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးကို ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု အမှုဖွင့်

သမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖခင်ဖြစ်သူကို အမှုဖွင့် တိုင်တန်းမှု တစ်ခု လှည်းကူးမြို့နယ် ညောင်နှစ်ပင် ရဲစခန်းတွင် သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မိခင်ဖြစ်သူသည် ဈေးရောင်းရာမှ ပြန်လာစဉ်သမီးဖြစ်သူ၏ မျက်နှာလန်းဆန်းမှုမရှိသဖြင့် မေးမြန်းရာမှ ဖခင်ဖြစ်သူ က အကြိမ်ကြိမ် အဓမ္မကျင့်နေသည့်ကိစ္စကို ဖွင့်ဟခဲ့သည်ဟု ရဲစခန်း၏ ထွက်ဆိုချက်မှတ် တမ်းတွင်တွေ့ရသည်။

အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်မှာ အသက် ၁၆ နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦး ဖြစ်သည်ကိုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ အဆိုပါကလေးငယ်ကို ဖခင်ဖြစ်သူက လွန်ခဲ့သော လေးလခန့်မှစ၍ အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မကျင့်နေခဲ့သည်ဟုလည်း ကာယကံရှင်ကလေးငယ်က ပြန်ပြောသည်ဟု မိခင်ဖြစ်သူက ရဲကို တိုင်တန်းထားသည်။

ထိုအဖြစ်အပျက်ကို သြဂုတ် ၁၆ ရက်မှ စတင်၍ မိခင်ဖြစ်သူက သိရှိခဲ့ရာမှ ယခုကဲ့သို့ အမှုဖွင့်ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သို့သော် ယင်းအမှုနှင့်ပတ်သက်၍ ညောင်နှစ်ပင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ပီတာအောင်ထံသို့ မဇ္ဈိမက ဆက်သွယ်
မေးမြန်းရာ "အဲဒီအမှုနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းနေတုန်းပါ။ တိုင်းကြားခံရသူက ဖခင်အရင်းဟုတ်၊ မဟုတ်လည်း
ပြောရခက်ပါတယ်။ စုံစမ်းဆဲ အခြေအနေမိုလို့ပါ" ဟု ပြန်လည် ဖြေကြားသည်။

သမီးဖြစ်သူကို အဓမ္မကျင့်သူဟု စွပ်စွဲခံထားရသော အမျိုးသားမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ကိုရဲများက ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပြီး ညောင်နှစ်ပင် ရဲစခန်းတွင် အမှုအမှတ် (ပ)၆/ ၂၀၁၃ ဖြင့် အမှုဖွင့် ထားသည်။

ဖမ်းမိပါကလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂ ဘီလီယံကျော်ရှိနေပြီး တရုတ်က ဦးဆောင်နေ

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ ဇူလိုင်လကုန်တွင် အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၉၅ ဘီလီယံကျော်ရှိနေပြီဟု အစိုးရဌာနများကို ကိုးကားပြီး ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံက ကန်ဒေါ်လာ ၁၄ ဒသမ ၁၈၈ ဘီလီယံ၊ ၃၃ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၉ ဒသမ ၉၇၉ ဖြင့် ထိုင်း နိုင်ငံက လည်းကောင်း၊ ဟောင်ကောင် က ၆ ဒသမ ၄၀၄ဖြင့် တတိယနေရာတွင်ရှိသည်။ စတုတ္ထအဆင့်တွင် ဗြိတိန်ရှိနေပြီး
တောင်ကိုရီးယား၊ စင်ကာပူနှင့် မလေးရှားတို့က အစဉ်လိုက်ရင်းနှီး မြှုပ်နှံထားသည်။

ကဏ္ဍအလိုက်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၁၄ ဒသမ ၃၇၂ ဘီလီယံဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံ ထားမှုရှိနေပြီး သတ္တုတွင်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်ခရီးကဏ္ဍနှင့် အိမ်ခြံမြေ ကဏ္ဍတို့တွင် အစဉ်လိုက် ရင်းနှီးမြှုပ်နှံထားသည်။

ရင်းနှီးမြှုပ်နှံမှုများသော အခြားကဏ္ဍများမှာ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး၊ စက်မှုဇုန် လုပ်ငန်း၊ စိုက်ပျိုးရေး နှင့် တည်ဆောက်ရေးလုပ်ငန်းတို့ဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်၂၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေအား အစားထိုးသည့် ဥပဒေကို ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ကြေညာပြီး ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်စေရန် ဆွဲဆောင်မှုပြု ခဲ့သည်။

၎င်းဥပဒေသစ်က နိုင်ငံခြားသားများကိုလည်း အပြည့်အ၀ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်သလို နှစ်ဖက် သဘောတူသော ရင်းနှီးမြှုပ်နှံမှုပမာဏအချိုးဖြင့် နိုင်ငံသားနှင့်သော်လည်းကောင်း၊ အစိုးရဌာနတစ်ခု ခုနှင့်သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုနှင့် သော်လည်းကောင်း တွဲဖက်ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်။

ယခင်ဥပဒေက နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုကို အပြည့်အ၀ မပေးထားသဖြင့် တိုင်းရင်းသားအမည်ခံပြီး လုပ်ကိုင်မှုများရှိခဲ့ရာ ရင်းနှီးမြှုပ်နှံသူများ နစ်နာမှုများရှိခဲ့သည်။

ဂျီအက်စ်အမ်ဖုန်းများအတွက် သောင်းဂဏန်းဝန်းကျင် ဟန်းဆက်များ ဈေးကွက်ရောက်ရှိ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးသော ၁၅၀၀ တန် ဂျီအက်စ်အမ်ဖုန်းများအတွက် သောင်းဂဏန်း ၀န်းကျင်ဟန်းဆက်များ ဈေးကွက်တွင်း ရောက်ရှိလာသည်။

ယင်းဟန်းဆက်များမှာ ကျပ် ၁၀၀၀၀ မှ ၄၀၀၀၀ ၀န်းကျင်အကြားရှိပြီး စင်ကာပူနိုင်ငံထုတ် Singtech အမှတ်တံဆိပ်ဖြစ်သည်။ ယင်းဖုန်းများမှာ key pad သုံး Feature ဖုန်းအမျိုးအစားဖြစ်ပြီး ပြည်တွင်းသို့  Cyber City ကုမ္ပဏီမှ ဖြန့်ချိခြင်းဖြစ်သည်။

တန်ဖိုးသောင်းဂဏန်းဝန်းကျင်ရှိ လိုင်းဆွဲအားကောင်းမွန်သော ဖုန်းအမျိုးအစားလေးမျိုး ဈေးကွက်အတွင်း ရရှိနိုင်မည်ဖြစ်ပြီး မော်ဒယ်များမှာ Oxny M 90, Oxny M50, Oxny M60 နှင့် Oxny C21 တို့ ဖြစ်သည်။

cyber city ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက "ဖုန်းတွေကို အာမခံ တစ်နှစ်ပေးပါတယ်။ တန်ဖိုးနည်းဖုန်း ၁၅၀၀တန် ဂျီအက်စ်အမ် ကိုင်ဆောင်သူတွေအတွက် အဲဒီဖုန်းအမျိုးအစားတွေက ဖုန်းလိုင်းအတွက်ရော၊ ဈေးနှုန်းနဲ့ ဒီဇိုင်းရော အဆင်ပြေစေမှာပါ"ဟု ပြောသည်။

Oxny M90 နှင့် Oxny M 50  ဖုန်းအမျိုး အစားများတွင် TV Tunner ပါဝင်သောကြောင့် ပြည်တွင်းရုပ် သံလိုင်းများ ကို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ Oxny M 90 တွင် ရောင်စုံကာဗာသုံးခု အပိုဆောင်း ပါဝင်ကာ ဈေးနှုန်းများမှာ ကျပ် ၃၄၀၀၀ ဖြစ်သည်။ Oxny M 50 ဈေးနှုန်းမှာ ကျပ် ၄၀၀၀၀ ဖြစ်ပြီး Oxny M 60 မှာ ကျပ် ၃၉၀၀၀ နှင့် Oxny M 21 မှာ ကျပ် ၁၉၀၀၀ ဖြစ်သည်။ ယင်းဖုန်းများကို ဖုန်း- ၀၁-၂၀၂၅၈၈ သို့ ဆက်သွယ်ပြီး စုံစမ်းဝယ်ယူနိုင်သည်။

နယ်ခြားစောင့်တပ်နှင့် KIO တို့ လောခေါင်တွင် တိုက်ပွဲ ဖြစ်ပွားပြန်ဟုဆို

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း အခြေစိုက်ရာ ကချင်ပြည်နယ် အရှေ့
မြောက်ပိုင်းဒေသ လောခေါင်ကျေးရွာအနီး နယ်ခြားစောင့်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ သြဂုတ်လ ၁၇ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု KIA စစ်ပြေးဒုက္ခသည် ကူညီရေး ကော်မတီတာဝန်ခံ ဦးဒွဲပီဆားက
ပြောသည်။

KIA တပ်ရင်း ၁၀ ထိန်းချုပ်ရာဒေသရှိ ရှေ့တန်းစခန်းတစ်ခုတွင် အစိုးရတပ်နှင့် နယ်ခြားစောင့် ပူးပေါင်း တပ်အင်အား ၂၀၀ ခန့်တို့ တိုက်ပွဲဖြစ်ပွားခြင်းဟု ဦးဒွဲပီဆားက ဆိုသည်။

"လောခေါင်အထက်မှာရှိတဲ့ ကျွန်တော်တို့ ကေအိုင်အေ ရှေ့တန်းစခန်း အစိုးရရဲ့ BGF အဖွဲ့က လာပစ်တယ်။ သူတို့ နှစ်ကြိမ်လာတိုက်လို့ ကျွန်တော်တို့ ပြန်တိုက်တော့ သူတို့ ဆုတ်သွားတယ်။ ကျွန်တော်တို့ ပြန်ပစ်လိုက်တော့ သူတို့ဆုတ်သွားပြီး M -၂၃ စက်နှစ်လက်၊ လက်နက် ကျည်ဆံတွေ၊ ကျောပိုးအိတ်၊ အစားအစာတွေ၊ မေဂျာ တပ်ထားတဲ့ အင်္ကျီတွေ သိမ်းဆည်းနိုင်ခဲ့တယ်"ဟု မဇ္ဈိမကို ပြောသည်။

KIO က ၂၀၁၂ ခုနှစ်ဆန်းပိုင်းက လောခေါင်အထက်တွင် KIA က နေရာယူလိုက်ရာ ထိုနေရာကို အစိုးရ လက်အောက်ခံ BGF တပ်များက ပြန်လည်ရယူလိုသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း ဦးဒွဲပီဆားက
ပြောသည်။

အလားတူ လောခေါင်မြို့နယ်အတွင်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်အဖွဲ့ BGF တပ်ရင်း ၁၀၀၁ တပ်ဖွဲ့တို့၏ ပူးပေါင်းတပ်များနှင့် KIA တပ်များ တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားသည်ဟု သတင်းရသော်လည်း အသေးစိတ်ကို မသိရဟု တရုတ်နယ်စပ် ကန်ပိုင်တီတွင် အခြေစိုက်သည့် BGF 1003 တပ်ခွဲမှူး ဆော်ဘွမ်က မဇိ္ဈမကို ပြောသည်။

"ကျွန်တော်တို့ ကြားတာက တိုက်ပွဲဖြစ်တဲ့နေရာမှာက အစိုးရတပ်တွေရှိတယ်။ ကျွန်တော်တို့တပ် ၁၀၀၁ နယ်မြေမှာ
ဖြစ်တာ။ အခုတလော အဲဒီဘက် သတင်းထွက်ပေါ်နေတာကြာပြီ။ အဲဒီနေရာက အရင် NDAK (ဦးဇခုံတိန့်ယိန်းတပ်) နေရာတွေ ဟုတ်တယ်။ အဲဒီနေရာ ဖယ်ပေးဖို့ ပြောတာကို မဖယ်ပေးလို့ ဖြစ်သွား တယ်ထင်တယ်"ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်များ တွင် အစိုးရနှင့် KIA တပ်များအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သို့သော် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ နှစ်ဖက်စောင့်ကြည့်မှုများ ရှိနေကြသည်ဟုလည်း KIA လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက မဇိ္ဈမကို ပြောသည်။

"ခုရက်ပိုင်းတော့ တိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ့ ဘယ်နေရာတွေ့ရင် တွေ့တာနဲ့ တိုက်ပွဲဖြစ်တာဘဲ။ အစိုးရ ဘက်က
တော့ အင်အားတော့ တိုးလိုက်၊ ပြန်သွားလိုက်၊ လှုပ်ရှားနေကြတယ်"ဟု သူက ပြောသည်။

လတ်တလော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ တိုးမြင့်လာခြင်း မရှိသော်လည်း ဒုက္ခသည်များ ကိုယ့်နေရပ်သို့ ပြန်ရန် မဖြစ်နိုင်သေးသဖြင့် ဒုက္ခသည်စခန်း ထားရှိရန် လိုအပ်နေဆဲဖြစ်ပြီး ၅တန်းမှ ၁၀ တန်းရှိ
ကျောင်းသားကျောင်းသူများ ၁၈၀၀ ကျော်အား ဘော်ဒါဆောင်ဖွင့်ပေးရန် လိုအပ်နေသည်ဟု ဦးဒွဲပီဆားက
ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ကျော်မှ ၆ တန်း မှ ၈ တန်း ကျောင်းသူကျောင်းသားများ ကျောင်းဖွင့်လှစ်နိုင်သော်လည်း စာရေးစားပွဲ မလုံလောက်သဖြင့် မိုးကာခင်းပြီး စာသင်ကြားနေကြရသည်။

မြန်မာ့ကမ်းလွန်မှာ ထိုင်း ကုမ္ပဏီက ဓာတ်ငွေ့သိုက် ထပ်မံတွေ့ရှိ

မြန်မာ့ ကမ်းလွန် မုတ္တမ ပင်လယ်ကွေ့အတွင်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး M3 လုပ်ကွက်က အစမ်းတွင်း (၄) တွင်းမှာ ဓါတ်ငွေ့ ပမာဏအမြောက်အများ တွေ့ရှိကြောင်း ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ကုမ္ပဏီက ပြောပါတယ်။

အဆင့်ဆင့်စမ်းသပ်ချက်တွေအရ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၃) (၄) (၅ ) နဲ့ (၆) ကနေ တစ်နေ့ကို စုစုပေါင်း ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၃၄.၅ သန်း ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ပထမဆုံး စ်မ်းသပ်တူးဖေါ်ခဲ့တဲ့ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၄) မှာ ဓာတ်ငွေ့သိုက် တွေ့ရှိပေမယ့် ဓာတ်ငွေ့ ထွက်မလာခဲ့ဘူးလို့ သိရပါတယ်။

ဒါကလည်း ဓာတ်ငွေ့သိုက်ပေါ်က ထုံးကျောက်လွှာကို အက်စစ် နဲ့ တိုက်စား တဲ့ ကရိယာ ရဲ့ ချို့ယွင်း ချက်ကြောင့်လို့ ဆိုပါတယ်။

အောင်သိင်္ခ လုပ်ကွက်မှာ နောက်ထပ် ဓာတ်ငွေ့တွေ ရှိဦးမယ်လို့ PTTEP ရေနံကုမ္ပဏီက ခန့်မှန်းထားပြီး ၊ နောက်နှစ်မှာလည်း အစမ်းတွင်းတွေ ဆက်လက် တူးဖော်ရှာဖွေဦးမှာဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ စွမ်းအင်ရှာဖွေတူးဖော်နတဲ့ ဂျပန် Mitsui ရေနံရှာဖွေရေးကုမ္ပဏီ လုပ်ကွက်ရဲ့ (၂၀) ရာခိုင်နှုန်းကို လက်ခစား လုပ်ကိုင်နိုင်ရေးအတွက် မြန်မာအစိုးရဆီက ခွင့်ပြုချက်ရရှိအောင်ကြိုးစားနေပါတယ်။

RFA Burmese

ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် ကင်တားနားကို မိထ္တီလာမြို့ခံများ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်

မန္တလေး၊ သြဂုတ် ၂၀

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် ကင်တားနား မန္တလေးမြို့မှ နေပြည်တော်သို့အသွားရာ လမ်းတွင် မိတ္တီလာမြို့သို့ ဖြတ်သန်းစဉ်၎င်း မြို့သူမြို့သားများက အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သြဂုတ် ၁၉ရက် ည ၁၀နာရီခွဲခန့်မှ မတ္တီလာမြို့ကန်ကူ တံတားပေါ်တွင် ၈၈ မျိုးဆက် ကျောင်းသားများ ကွန်ယက်အဖွဲ့မှ ဦးဆောင်ရ၍ တီရှပ်အကျီင်္ ၀တ်ဆင်ထားသူ ၅၀ဦး၊ သံဃာ ၅ပါး၊ လူ ၅၀ဦး၊ စုစုပေါင်း ၁၀၅ဦးခန့်မှ ကင်တားနား အလိုမရှိ၊ ဘင်္ဂါလီသွေးထိုး လှုံ့ဆော်သူ ကင်တားနား ထွက်သွား ထွက်သွား (BENGALIA INSTIGATOR Quintana Get Out) မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ မျှတအောင်ဆောက်ရွက်ပေး ၊ ဘက်လိုက်ပြောဆို ရေးသားသူ အလိုမရှိ စသည့် ဆိုင်းဘုတ် ၁၆ခုကို ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ပထမက ၁၅၀၀၊ ၂၀၀၀ လောက်ရှိတယ်ဗျ၊ ဒီမှာက ညမထွက်ရ အမိန့်က ၁၀ရီအထိဆိုတော့ သူတို့က
၁၀နာရီလောက် အထိရောက်မလာလို့ ပြန်ကုန်ကြတာ။ နောက်ပိုင်း ငါးရာလောက်ပဲ ကျန်တော့တယ်။
သူဝင်လာ တဲ့ ဖောင်တော်ဦး တံတားထိပ်မှာ ကင်တာနား ထွက်သွားဆိုတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့တယ်။ ကင်တားနားကိုလည်း အိပ်ဖွင့်ပေးစားပေးခဲ့တယ် ဟု ဆန္ဒထုတ်ဖော်ကြွေးကြော်ရာတွင် ပါဝင်သူ မြို့ခံတစ်ဦးမှ ပြောသည်။

အဆိုပါ အိပ်ဖွင့်ပေးစားမှာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူအခွင့်ရေး တင်ပြချက်များတွင် ဘက်လိုက်မှု များရှိနေခြင်း၊ တင်သွင်းခဲ့သော အချက်လက်များ မှားယွင်းနေခြင်း စသည်များကို အသေးစိတ်အချက်လက်များကို ရှင်းလင်း ရေးသားထားပြီး တောင်းဆို ချက်နှစ်ချက် တောင်းဆိုခဲ့သည်။ 

အဆိုပါနှစ်ချက်မှာ ဘင်္ဂါလီများအားသွေး ထိုးလှုံ့ဆော် အားပေးအားမြှောက် ပြုနေသော မစ္စတာကင်တားနားအား မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွါပေးရန် မြန်မာနိုင်ငံသို့ နောက်နောင်လာ ရောက်ခြင်း မပြုရန်၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူအခွင့်ရေး အစီရင်ခံစာ အား အမြန်ဆုံး ရုပ်သိမ်းပေးရန်တောင်းဆိုထားကြောင်း အိပ်ဖွင့်ပေး စာတွင်ပါရှိ သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်ဟိုဟေးကင်တားနားဦး ဆောင်သောအဖွဲ့သည် ပဋိပက္ခဖြစ်ပွားခဲ့သော လာရှိုးမြို့သို့သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့လာ ရောက်ကာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါဝင် အစိုးရ အဖွဲ့ဝန်များနှင့် တွေ့ဆုံပြီး မစ္စတာကင်တားနားမှ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သင့်မြတ်ရေး အတွက်လုပ်ဆောင် နေသည်များကို ၀မ်းမြောက်မိကြောင်း၊ ဒုက္ခသည်များအား ၄င်းတို့မူလနေရာသို့ အခြေတကျပြန်လည်နေထိုင်ရေးအတွက် မျှော်လင့်မိပါကြောင်း စသည်များကို ဆွေးနွေးပြောကြားပြီး မန္တလေးမြို့မှ နေပြည်တော်သို့သွားရောက်စဉ် မိတ္တီလာသို့ရောက်စဉ် ယခု ကဲ့သို့ ကြွေးကြော်ဆန္ဒထုတ်ဖော်ခံခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူများအား လက်တလော အရေးရန်မရှိကြောင်း မိတ္ထီလ္တာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

မစ္စတာကင်တားနားသည် ရခိုင်ပြည်နယ်ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ်တွင်လည်း ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းခံခဲ့ရပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းများသို့ သွားရောက်ခွင့် တောင်းရာတွင်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ခံခြင်း မရှိကြောင်းသိရသည်။

ဖိုးလပြည့်

Popular Myanmar News Journal

ကားများကို ညဘက်စစ်ဆေးသည့် တာဝန်ကျရဲ ဓားထိုးခံရ

ညဘက် ယာဉ်စစ်ဆေးရေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များကို ကားမောင်းလာသည့် အမျိုးသားတစ်ဦးက နှောင့်ယှက်ပြီး ရဲတစ်ဦးကို ဓားနှင့်ထိုးခဲ့သည့် ဖြစ်ရပ်တစ်ခု သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့သဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် ညဘက်ပြိုင်ကားမောင်းသူများက လမ်းသွားလမ်းလာ ပြည်သူများ အနှောင့်အယှက် များပေးကြသဖြင့် ရဲများက ညစဉ်
စစ်ဆေးရေးဂိတ်များ ပြုလုပ်ကာစောင့်ဆိုင်းစစ်ဆေးနေကြစဉ် ယခုလို ဖြစ်ပွားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေ့ ည ၉ နာရီအချိန်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်းယားကန်ဘောင်အနီး ဖူဆန် ဘုံကျောင်းရှေ့၌ ယာဉ်များကို စစ်ဆေးသည့် တာဝန်ဆောင်ရွက်နေသော ရဲများကို မတ်တူးငွေ မှင်ရောင် ကားကို မောင်းလာသည့် အမျိုးသားတစ်ဦးက နှောင့်ယှက်မှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။

၎င်းသည် ယာဉ်စစ်ဆေးနေသည့် တာဝန်ကျရဲများကို သုံးကြိမ်တိုင်တိုင်လာရောက်ပြီး မချေမငံပြောဆိုခြင်း၊ ရန်စခြင်း၊ တံတွေးဖြင့်ထွေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ကားပေါ်မှဆင်းလာပြီး ရဲများကို ခြေထောက်ဖြင့်ကန်ပြီး လက်သီးဖြင့်ထိုးခဲ့သဖြင့် ရဲများက ၀ိုင်းဝန်း ထိန်းသိမ်းစဉ် ဒုရဲအုပ်လင်းထွဋ်ကို အရိုးအသွား ရှစ်လက်မခန့်ရှိသော ဓားဖြင့်ထိုးခဲ့သဖြင့် ယာဘက်လက်တွင်
ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် ထိုသူကို ရဲများက ၀ိုင်းဝန်းဖမ်းဆီးပြီး ဗဟန်းရဲစခန်း၌ အမှုအမှတ်(ပ) ၃၈၂/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ရဲများကို နှောင့်ယှက်မှု၊ ရန်ပြုမှုတို့ဖြင့် စွပ်စွဲဖမ်းဆီးခံလိုက်ရသည့် ၎င်းအမျိုးသားသည် အသက် ၃၆ နှစ် အရွယ် ကိုအောင်ဇေယျဆိုသူဖြစ်ပြီး ရွှေတောင်ကြား-၂ ရပ်ကွက်တွင် နေထိုင်ကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် ဗဟန်းမြို့နယ်ရှိ စူပါမတ်ကက်တစ်ခုတွင် အမျိုးသမီးများကို ခြေထောက်ဖြင့် လိုက်ကန်သဖြင့် ကာယိနြေ္ဒပျက်စီးစေမှုနှင့် စွပ်စွဲကာ အမှုဖွင့်ခြင်းခံထားရသူဖြစ်ကြောင်းလည်း ရဲဌာန၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ထိုအမှုကိုလည်း ဗဟန်းရဲစခန်းတွင် တိုင်တန်းထားသဖြင့် ရဲများက သူ့ကိုရှာဖွေစုံစမ်းနေစဉ် ယခုရဲများကို နှောင့်ယှက်မှုဖြင့် ဖမ်းဆီးလိုက်စဉ် ပေါ်ထွက်လာခြင်းဖြစ်သည်ဟုလည်း ရဲဌာနက ဆိုသည်။ စွပ်စွဲ ခံရသူ ကိုအောင်ဇေယျသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ ၊ လက်နက်ပုဒ်မ ၁၉(င)နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေရှိသည်ဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ် ပြန်ထားသည်။

ဇော်ဇော်ထွေး 
Mizzima -

ဝမ်းတွင်းတွင် ရန်ငြိုးကြောင့် ချစ်သူ သားအမိကို ဓားဖြင့် ထိုးသတ်

မန္တလေး၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု ရွာသာ (အနောက်) ကျေးရွာတွင် သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ချစ်သူ မိန်းကလေးနှင့် ၎င်းမိန်းကလေး၏ မိခင်ကို ရန်ငြိုးကြောင့် ဓားဖြင့် ထိုးသတ်မှု တစ်ခု ဖြစ်ပွားရာ သားအမိ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းနယ်မြေ ရဲတပ်ဖွဲ့ စခန်းနှင့် ကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

"ည ၁၁ နာရီ ၃၀ မိနစ်လောက်က ဖြစ်တာ။ သားအမိ နှစ်ယောက်ကတော့ ပွဲချင်းပြီး သေတယ်။ တရားခံကတော့ ထွက်ပြေးတယ်" ဟု ယင်းဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ တရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်းနှင့် သေဆုံးသူ သားအမိ နှစ်ဦးအနက် သမီးဖြစ်သူ မမာမာသန်းတို့သည် သမီးရည်စား များ ဖြစ်ကြကာ လူငယ် သဘာဝ တွေ့ဆုံကြသည်ကို မမာမာသန်း၏ မိခင်ဖြစ်သူက ဇင်မင်းထွန်းကို ရိုက်နှက်မှုများ ရှိဖူးကြောင်း၊ ဇင်မင်းထွန်း သည် ယင်းရိုက်နှက်မှုကို အငြိုးအတေးထားကာ မာမာသန်း (၂၂) နှစ်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်သန်းညွန့် (၅၈ နှစ်) တို့ကို ဓားဖြင့် ထိုးသွင်း သတ်ဖြတ်မှုများ ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ မာမာသန်းနှင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်သန်းညွန့်မှာ ဓားဖြင့် ထိုးသွင်း ဒဏ်ရာများကြောင့် နေရာ တွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ တရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်းသည် ယနေ့အထိ ထွက်ပြေးနေဆဲဖြစ်ပြီး ယင်းတရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်း အသက် ၂၅ နှစ် (ဘ) ဦးကျော်ကြီးကို ကူမဲ ရဲစခန်းက (ပ) ၇၆/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

The Voice Weekly

လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာ-အမေရိကန်ဆွေးနွေး

အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ကြား လူမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးရာမှာ ကျေနပ်အားရမှု ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
 
အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှု တိုက်ဖျက်ရေးရုံးရဲ့ အထူးသံတမန် Luis CdeBaca ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာရဲချုပ် ဗိုလ်မှူးချုပ် ဇော်ဝင်း ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဒီလဆန်းက တွေ့ဆုံရာမှာ အလေးအနက် ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက တနင်္လာနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
 
အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လိင်လုပ်ငန်းအတွက် လူတွေကို မှောင်ခိုမှု၊ အရွယ်မရောက်သူတွေကို ဥပဒေမဲ့ စုဆောင်းပြီး စစ်သားအဖြစ် ခိုင်းစေမှု စတဲ့ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
 
အထူးသဖြင့်ကတော့ လူမှောင်ခိုမှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အဓိက အာရုံစိုက် ဆောင်ရွက်ဖို့နဲ့ အပြစ်ကျူးလွန်သူတွေကိုလည်း အရေးယူနိုင်ဖို့တွေကို ၂ နိုင်ငံ အရာရှိတွေ ဆွေးနွေးခဲ့ကြတာပါ။
 
ဆွေးနွေးမှုတွေဟာ အကျိုးဖြစ်ထွန်းမှု ရှိသလို၊ လူမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ၂ နိုင်ငံ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘောတူညီမှု ရခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြပါတယ်။
 
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာတ၀ှမ်း လူမှောင်ခိုမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ ဟာ စောင့်ကြည့်ရမယ့် အဆင့်မှာရှိတဲ့ တိုင်းပြည်တခုအဖြစ် သတ်မှတ်
ဖော်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့ ၀င်လာသည့် တရုတ်သုံးဦးကို ဖမ်းဆီး

နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံသား သုံးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က မှုခင်းသတင်း ထုတ်ပြန်သည်။

၎င်းတို့ သုံးဦးသည် လေဆိပ်သို့ သြဂုတ် ၁၆ ရက် မွန်းလွဲတွင် တရုတ်လေကြောင်း ခရီးစဉ်အမှတ် စီဇက်- ၃၀၅၅ ဖြင့်
ရောက်ရှိလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် တွေ့ရသည်။

လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ရဲများက ဖမ်းဆီးထိန်းသိမ်းခံရလိုက်ရသည့် တရုတ်နိုင်ငံသား သုံးဦးမှာ အသက် ၂၄ နှစ်အရွယ် တရုတ်လူမျိုး ရှောင်ကိုင်၊ အသက် ၂၁ အရွယ် ကိုးကန့်လူမျိုး ချီရီးဟွာနှင့် အသက် ၂၀ အရွယ် ကိုးကန့်လူမျိုး ကျားရွှင်တို့ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုသူများအနက် ရှောင်ကိုင်နှင့် ချီရီးဟွာတို့သည် တောင်ယာလုပ်ကိုင်သူများ ဖြစ်ကြပြီး ကျားရွှင်ဆိုသူမှာတော့ ၀က်မွေးမြူရေး လုပ်ကိုင်သူဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့သုံးဦးကို လေဆိပ်စစ်ဆေးရေး အဖွဲ့-၂ မှ ဒု-လ၀ကမှူး ဦးလင်းထက်က တရားလို ပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံ ရဲစခန်းက အမှုအမှတ် (ပ)၅၁၆/ ၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲမည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

ရွှေတိဂုံဘုရားပေါ်တွင် ပျောက်သွားသည့် ငါးကျပ်သားရွှေခွက်ကို အဘိုးအိုတစ်ဦးထံတွင် ပြန်တွေ့

ရွှေတိဂုံစေတီပေါ်တွင် ပျောက်ဆုံးသွားသည့် ဘုရားဖူးတစ်ဦး၏ အလေးချိန် ငါးကျပ်သားခန့်ရှိသော ရွှေခွက်တစ်ခု ကို နေ့တွင်းချင်းပင် အဘိုးအိုတစ်ဦးထံမှ ဘုရားလုံခြုံရေးအဖွဲ့က ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းအဖြစ်အပျက်သည် သြဂုတ် ၁၇ ရက်က ရွှေတိဂုံစေတီရင်ပြင် အင်္ဂါထောင့်၊ ပအိုဝ် တန်ဆောင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ရွှေခွက်ပိုင်ရှင်သည် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်သင်းသင်းဖြစ်ပြီး သူမသည် ရွှေခွက်ဖြင့် ရေချမ်း ကပ်ပြီး ဘုရားဝတ်ပြုနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုလည်း ရဲက မှတ်တမ်းတင်ထားသည်။

ဒေါ်သင်းသင်းက ဘုရား ၀တ်ပြုပြီးနောက် ရွှေခွက်ကို မတွေ့တော့သောအခါ ဘုရားလုံခြုံရေးအဖွဲ့ကို အကြောင်းကြား ပြီး လိုက်လံရှာဖွေခဲ့ကြသည်ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထိုသို့ လိုက်လံရှာဖွေရာ စေတီ၏ရာဟုထောင့် အောင်မြေနေရာတွင် အသက် ၇၅ နှစ်အရွယ်ရှိ အဖိုးအို တစ်ဦးထံမှ
ပျောက်ဆုံးသွားသည့် ရွှေခွက်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းအဖိုးအိုကို ဘုရားလုံခြုံရေး ရုံးခန်းသို့ ခေါ်ဆောင်မေးမြန်းရာ သူ့ကို တန်ခိုးရှင် ဘိုးတော်တစ်ဦးက မ,စပြီး
ပေးသည်ထင်သဖြင့် ယူဆောင်ထားခြင်းဖြစ်ကြောင် ပြောဆို၍ ရွှေခွက်ကို မူလပိုင်ရှင်ထံသို့ ပြန်ပေးခဲ့သည်။

ရွှေခွက်ပိုင်ရှင် ဒေါ်သင်းသင်းကလည်း အမှုမဖွင့်လိုကြောင်းပြောသဖြင့် ဂေါပကအဖွဲ့က ရွှေခွက်ယူသွားသူ အဖိုးအိုကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့
ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့ မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။

ယင်းအပြင် နေပြည်တော် ကောင်စီ ရှစ်မြို့နယ်အတွက်  ချေးငွေ ကျပ် ၇၂၀၆.၇ သိန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ ပရိုဘောက်
တက္ကစီကား၊ အပ်ချုပ်စက်၊ ဆိုက္ကားနှင့် မော်တော်ဆိုင်ကယ် စတဲ့ ပစ္စည်းတန်ဖိုး အပါအဝင် ကျပ်သိန်းပေါင်း ၁၂၅၈၂.၄၅ သိန်းထုတ်ချေးပေးသွားမည်ဟု သမ္မက ပြောသည်။

သမ္မတ အလုပ်လုပ်ကြရန် တိုက်တွန်းရာတွင် "အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေကြရင်တော့ တစ်နေ့မှာ ဆင်းရဲမွဲတေမှုနဲ့ပဲ ပြန်ပြီး သံသရာလည်နေကြရအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကြပါ၊ ဥပဒေနဲ့
ညီညွတ်တဲ့ ဘယ်အလုပ်ကိုမဆို ရှက်စရာ၊ကြောက်စရာမရှိပါဘူး၊ ဂုဏ်ရှိပါတယ်" ဟု ဆိုသွားသည်။

မကွေးတိုင်း ညောင်တွင်းကျေးရွာတွင် ကလေးငယ် ၄၀ ခန့် ဖျားနာသောကြောင့် စစ်ဆေး

ကလေးငယ်များ အပါအ၀င် ရွာသားတစ်ရာခန့် ဖျားနာနေ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက် ညောင်တွင်းကျေးရွာတွင် ကျောင်းနေအရွယ် ကလေးဦးရေ ၄၀ ခန့် ဖျားနာမှုများဖြစ်ပွားသောကြောင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ရကြောင်း ညောင်တွင်းကျေးရွာ ကျန်းမာရေးဋ္ဌာနခွဲမှ သူနာပြုဆရာမ ဒေါ်ယုဇာနွယ်ဦးက မဇ္ဈိမသို့ ပြောသည်။

မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသောကြောင့် ဒေသခံ မိဘများက သွေးလွန်တုပ်ကွေးဖြစ်သည် ဟု သံသယရှိသော်လည်း ကျန်းမာရေး ဌာနကမူ ရိုးရိုးအဖျားရောဂါသာဖြစ်ပြီး သွေးလွန်တုပ်ကွေး မဟုတ်ကြောင်း
ပြောသည်။

သူနာပြုဆရာမဒေါ်ယုဇာနွယ်ဦးက "ညောင်တွင်း အခြေခံပညာအလယ်တန်းကျောင်းက ကျောင်းသားတွေ အဖျားဖြစ်နေကြတယ်ဆိုတော့ ကျောင်းက ဆရာမတွေ ကျောင်းသား ၄၀ ခန့် ခေါ်ပြီး မနေ့က ကျန်းမာရေးစစ်ခဲ့ တာပါ။ ရာသီဥတုကြောင့် အပူကြီးပြီး ဖျားကြ တာပါ။ ကျောင်းသားတွေအပြင် အခြားနေမကောင်းဖြစ်တဲ့ သူတွေလည်း လာရောက်ဆေးစစ် မှု ခံယူခဲ့တယ်" ဟု ဆိုသည် ။

ညောင်တွင်းကျေးရွာတွင် ကျောင်းနေအရွယ် ကလေးငယ်များ နှင့် လူကြီး၊ လူငယ် ၁၀၀ကျော်ခန့် ယခုရက်ပိုင်း အတွင်း ဖျားနာနေပြီး မိုးရာသီဖြစ်ခြင်း၊ ခြင်ပေါများခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဟု ယူဆမိကြောင်း
ညောင်တွင်းကျေးရွာ ဒေသခံများက ဆိုကြသည် ။

မြိုင်ကျေးရွာဒေသခံ   ဦးအောင်ဝင်းက "ကလေးတွေမှာ အများဆုံးဖြစ်ကြတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးလား ဆိုပြီး သံသယဖြစ်မိတယ်။ ကျေးရွာဆိုတော့ ခြင်တွေ ဘာတွေ ပေါတယ်။ ရေကတော့ အ၀ီစိတွင်း ရေသုံးပါတယ်။
ရေကြောင့် လို့တော့ ဖြစ်မယ်မထင်ဘူး" ဟု ဆိုသည် ။

ကလေးများကို ဆေးစစ်ကြည့်ရာတွင် သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာများကို မတွေ့ရကြောင်းလည်း 
ဒေါ်ယုဇာနွယ်ဦးက "ကလေးတွေမှာ သွေးလွန် တုပ်ကွေး ရောဂါ လက္ခဏာဖြစ်တဲ့ အနီစက်တွေ၊ အော့အန်တာတွေ မတွေ့ရပါဘူး။ ရာသီဖျားလို့ပဲ ပြောရမယ်။ လူတိုင်းဖျားနေကြတဲ့အတွက် သြဂုတ်လ ၁၈ ရက်မှာ ကလေးငယ် ၄၀ ကျော်နဲ့ ရွာသား စုစုပေါင်း ၁၀၀ခန့်ကို အခမဲ့ဆေးစစ်တယ်။ အဖျားပျောက်ဆေးတွေ ပေးပြီး၊  မသက်သာရင် ပြန်လာပြဖို့ ပြောထားတယ်။  ဒီအခြေနေတွေကို မြို့နယ်ကျန်းမာရေးဋ္ဌာနကို တင်ပြပြီး
ဆွေးနွေးသွားမှာပါ""ဟု ဆိုသည်။

ပြည်တွင်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါနေရာ တော်တော်များများတွင် ဖြစ်ပွားနေပြီး အချို့နေရာများတွင်  သေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာတို့တွင် အများဆုံး ဖြစ်ပွားသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက်္ခဒေါက်တာဖေသက်ခင်က ယခုနှစ် ဇွန် ၁၅ ရက်တွင် ပြုလုပ်သည့် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇွန် လဆန်းအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၄၃၁ဦး ရှိပြီး ငါးဦးအသက်ဆုံးရှူံးခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် မျိုးစောင့်အဖွဲ့ နှင့် ပတ်သက်၍ ရှင်းလင်းပွဲများ ကျင်းပ

ရခိုင်ပြည်နယ်၌ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဆိုသည့် အဖွဲ့အစည်းက ရှင်းလင်းပွဲများပြုလုပ်လျှက်
ရှိကြောင်း ယင်းအဖွဲ့၏ ဗဟိုကော်မတီဝင် တိပိဋကဓရ ဆရာတော်အရှင်ဣန်္ဒပါလက မဇ္ဈိမကို မိန့်သည်။

ထိုအဖွဲ့သည် သံဃာ ၁၅၀၀ ကျော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ အဖွဲ့၏ မူနှင့် လမ်းစဉ်များကို ပြည်သူများထံသို့ တိုင်းနှင့်ပြည်နယ်အလိုက် လိုက်လံရှင်းလင်းတင်ပြနေခြင်း ဖြစ်သည်ဟုလည်း ဆရာတော်က မိန့်သည်။

"ဦးဇင်းအနေနဲ့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ ပြည်နယ်တွင်းမှာ ရှင်းလင်းတာတွေ၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေးစတဲ့ အဆင့်ဆင့်သော ဖွဲ့စည်းပုံတွေကို ရဟန်း ပုဂ်္ဂိုလ်၊ လူပုဂ်္ဂိုလ်တွေကိုရှင်းပြတယ်"ဟု ဆရာတော် အရှင်ဣန်္ဒပါလက ဆက်မိန့်သည်။

အဆိုပါ အမျိုးဘာသာသသနာ စောင့်ရှောက်ရေးအဖွဲ့ကို ရခိုင်ပြည်နယ်၌ ဖွဲ့စည်းရေးအတွက် စစ်တွေမြို့ အတုလ
မာရိန် ဘုရားကြီး၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သြဂုတ် ၁၆ ရက်တွင် မြို့နယ် ၁၀ မြို့နယ်မှ ရဟန်းရှင်လူ ၈၀၀ ကျော်၊ သြဂုတ် ၁၇ ရက်တွင် လူအင်အား ၁၀၀၀ ခန့်နှင့် သြဂုတ် ၁၉ ရက်တွင် အင်အား ၃၀၀ ခန့်တို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့
ကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သံဃာတော်အချို့နှင့် လူပုဂ်္ဂိုလ်
အချို့က အဖွဲ့အစည်းတည်ထောင်ခြင်းနှင့် မျိုးစောင့်ဥပဒေဟူသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို ဘာသာခြား အမျိုးသားက လက်ထပ်ခွင့်ကို ကန့်သတ်သည့် ဥပဒေနှင့် ဘာသာခြားမှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းရာတွင် ကြပ်မတ် ကျင့်သုံးရမည့် စည်းကမ်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို အတည်ပြုရေးတို့ကို ယခုနှစ်အတွင်း ကြိုးပမ်းလာကြသည်။

ထိုကဲ့သို့သော ဥပဒေများ၊ လှုပ်ရှားမှုများသည် လူ့အခွင့်အရေးနှင့် မညီညွတ်ကြောင်း အမျိုးသမီးအဖွဲ့အစည်းများ
ဖြစ်သည့် Rain Fall၊ အခရာ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ (KWEG), ဖန်တီးအိမ်မျိုးဆက်၊ Colorful Girls, Triangle Wowen Support Gorup တို့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကဲ့သို့သော လူမှုအဖွဲ့အစည်းများက ကန့်ကွက်ပြောဆိုမှုများ ရှိနေသည်။

မီဒီယာများတွင်လည်း လက်ရှိတည်ဆဲဥပဒေများသည် အမျိုးဘာသာသာသနာကို လုံလောက်စွာ ကာကွယ်နိုင်နေပြီ
ဖြစ်သဖြင့် ဗုဒ္ဓဘာသာကို အထူးပြု ကာကွယ်သည့် ဥပဒေများပြဌာန်းရန် မလိုကြောင်း ဖော်ပြမှုများ ရှိနေသည်။

ထို့ပြင် လူမျိုး ၁၃၅ မျိုးနှင့် အခြေခံဥပဒေတွင်လည်း ဘာသာကြီးလေးမျိုးကို အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ
တွင် ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် သီးခြား ဥပဒေပြဌာန်းရန်သင့်မသင့် မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

ပုသိမ်-မုံရွာလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ၁၈ ဦး ဒဏ်ရာရ

ပြည်၊ သြဂုတ် ၁၈

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် တိုးရတနာ ခရီးသည်တင်ယာဉ်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ကားဘီးချော်၍ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၅၀ ဦးအနက် ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ခရီးသည် ၁၈ ဦး ဒဏ်ရာရသော်လည်း စိုးရိမ်ဖွယ်မရှိဘဲ သာမန်ဒဏ်ရာများသာ ရရှိသဖြင့် အချို့မှာ ဆေးရုံမှဆင်းသွားပြီ ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အရွယ် လက်ပြတ်သွားသူ ခရီးသည်အမျိုးသမီး တစ်ဦးကို ပြည်ဆေးရုံသို့ တင်ပို့ထားကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။

ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၆၁/၇ နှင့် ၁၆၂/၀ ကြား တလုပ်ပင်ရွာအနီး စစ်တွေမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ၄/က-၈၆၈၂ ယာဉ်သည် မိုးရွာသွန်းမှုကြောင့် ကားဘီးချော်၍ ကားလမ်း ညာဘက်ခြမ်းတွင် တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ဥသျှစ်ပင်မြို့ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

"ဒဏ်ရာရသူတွေကို ဥသျှစ်ပင် ဆေးရုံကြီးကို ပို့ထားတယ်။ ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို ရှာဖွေစုံစမ်းနေဆဲပါ" ဟု ဥသျှစ်ပင်မြို့ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ဆိုသည်။

ယာဉ်မတော်တဆမှုအတွက် ဥသျှစ်ပင်မြို့ရှိ အမှတ် (၁၀) ယာဉ်ထိန်းတပ်ဖွဲ့စုက ယာဉ်(ပ)၁၂/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၃၈၊ ၃၃၇ အရ အမှုဖွင့်ထားကြောင်း ဥသျှစ်ပင်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲ ၂၄ ဦးသေဆုံး

ဆီနိုင်းကျွန်းဆွယ်မှာ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်းကို လက်နက်ကိုင်တွေက သတ်ပစ်ခဲ့ပါတယ်။ သမ္မတ မိုဟာမက် မော်စီ ကို စစ်တပ်က ပြီးခဲ့တဲ့လမှာ အာဏာသိမ်းယူပြီး ဖြုတ်ချလိုက်ပြီးကတည်းက အဲဒီဒေသမှာ တိုက်ပွဲတွေ အရှိန်မြှင့် ဖြစ်နေခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသနဲ့ နယ်စပ်တလျှောက် ရာဖာမြို့နားမှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ ဘတ်စ်ကားတွေကို တနင်္လာနေ့ အစောပိုင်းမှာ လက်နက်ကိုင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူက သူ့ရဲ့အမှုသည်ဟာ မကြာခင် ပြန်လွတ်လာတော့မယ်လို့ တနင်္လာနေ့မှာပဲ ပြောလိုက်ပါတယ်။

မစ္စတာ မူဘာရက်နဲ့ သူ့ရဲ့သားတွေဟာ သမ္မတနန်းတော်တွေအတွက် ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကနေ ပေါ်ပေါက်လာတဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ စွဲချက်တွေကနေ မစ္စတာ မူဘာရက် ကင်းရှင်းကြောင်း အီဂျစ်တရားရုံးတခုက ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေ Fareed el-Deeb က ပြောတာပါ။

ဒီအပြောကို သက်ဆိုင်ရာ တရားရေး တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက်တော့ ချက်ခြင်းမရသေးပါဘူး။ ဒါပေမဲ့လည်း မစ္စတာ မူဘာရက်ဟာ နောက်ထပ်စွဲချက်တစ်ခုနဲ့ ဆက်ပြီး အထိန်းသိမ်းခံနေရဦးမယ်လို့ တရားရေးဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။

ဗွီအိုအေ

မုံရွာမြို့တွင် အိမ်ထောင်ရေးပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာမှ လူသတ်မှုဖြစ်ပွား

မုံရွာ၊ သြဂုတ် ၁၉ ရက်နေ့ 

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ ဇလုပ်ကျေးရွာအုပ်စု ၊ ကံပြားလေးရွာ သုဿန်ဟောင်း၏ မြောက်ဘက်အနီးရှိ ရေကန်ဟောင်းကြီး(ရေမရှိ) အတွင်း၌ ယခုလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ဆက်သွယ်ပြောကြား ချက်များအရ သိရသည်။

အဆိုပါ သတင်းအချက်အလက်များအား အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ " အိမ်ထောင်ရေး ပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာက အခုလို လူသတ်မှု ဖြစ်ပွားခဲ့ရတာပါ.." ဟု ရဲအရာရှိတစ်ဦးမှ တုန့်ပြန် ပြောကြားသည်။

အိမ်ထောင်ရေးပြဿနာကိစ္စရပ်များဖြစ်သည့်အတွက် အမည်၊အသက်၊ နေရပ်၊ အလုပ်အကိုင် စသည်တို့ကို စုံလင်စွာ သိရှိထားသော်လည်း သတင်းစာကျင့်ဝတ်သိက္ခာများအရ ဖော်ပြရေးသားခြင်းမပြုလုပ်ရန် ဆုံးဖြတ်ထားပါသည်။

သို့သော် ဓားဒဏ်ရာများဖြင့် သေဆုံးနေသူမှာ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်နေ မောင်ကျော်စွာဝင်း အသက် ၂၇ နှစ် ဆိုသူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ လူထုအား သတင်းအမှန်ပေးရန် သတင်းစာဆရာတို့တွင် တာဝန် အပြည့်အ၀ရှိသော်လည်း ဒေသဂုဏ်သိက္ခာ၊ လူမှုဂုဏ်သိက္ခာများကိုထောက်ရှု့၍ ဤမျှလောက်ပင် ရေးသားတင်ပြလိုက်ရ ခြင်းဖြစ်ပါသည်။ 

သတင်း + ဓာတ်ပုံ = ကိုတိုး

ရိုဟင်ဂျာတွေကို တာလီဘန်တွေက သင်တန်းပေးနေတယ်လို့ သတင်းထွက်

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက မွတ်ဆလင်တွေကို တာလီဘန်တွေက မြန်မာနိုင်ငံတွင်းက နေရာ အတိအကျ မဖေါ်ပြထားတဲ့ နေရာမှာ စစ်ရေး လေ့ကျင့်ပေးနေတယ် ဆိုတဲ့ အကြောင်း Asia News International (ANI) သတင်းကို ကိုးကားပြီး bd24.com ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာမှာ ဓါတ်ပုံနဲ့ တကွ ရေးသား ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ဒီသတင်းတွေနဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ နိုင်ငံတွေက စစ်သွေးကြွ စခန်းတွေမှာ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ဖူးတဲ့ ဘီဘီစီ တောင်အာရှရေးရာ ဌာန အယ်ဒီတာ Anbarasan Ethirajan ကတော့ RSO တို့လို ရိုဟင်ဂျာ အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာရော နယ်စပ်တလျှောက်မှာရော လေ့ကျင့် သင်တန်း ပေးတယ် ဆိုတာ ဖြစ်နိုင်ချေ ရှိကြောင်းနဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ရိုဟင်ဂျာတွေ ပေါင်းတယ် ဆိုတဲ့ သတင်းတွေကို အိန္ဒိယ ထောက်လှမ်းရေး က ရခဲ့ပေမယ့် တခါမှ လက်ဆုပ်လက်ကိုင် မပြနိုင်သေးကြောင်း ပြောပါတယ်။

ဖမ်းဆီး ရမိတဲ့ အစ္စလာမ် စစ်သွေးကြွ အဖွဲ့ဝင်တွေထဲမှာ ရိုဟင်ဂျာတွေ မတွေ့ရသေးတဲ့ အတွက် ဒီကိစ္စကို အတည်ပြုနိုင်ဖို့ ခက်ခဲလှကြောင်း၊ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အမြောက်အမြား ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မကြေနပ်ချက် ခံစားချက်တွေကို အခြေခံပြီး ပါကစ္စတန် အခြေစိုက် Lashkar-e-Taiyaba တို့လို အဖွဲ့တွေက သိမ်းသွင်း ခဲ့တာတွေတော့ ရှိခဲ့ကြောင်း သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင် အပါအဝင် မြို့အတော်များများမှာ အစ္စလာမစ် အစွန်းရောက် တွေက ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီ