Saturday, August 24, 2013

ဂျကာတာ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်သူ ၈ ဦး ထပ်မံ ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှုနှင့် ဆက်စပ် သံသယရှိသူ ၈ ဦးကို အင်ဒိုနီးရှား နိုင်ငံ အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်ဖွဲ့က ထပ်မံဖမ်ဆီးလိုက်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့ တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုနှင့် ဖမ်းဆီးခံရသူများထဲတွင် ယခင်က အကြမ်းဖက်မှုဖြင့် ပြစ်ဒဏ် ကျခံရဖူးသူ တဦးပါဝင်ပြီး မြန်မာနိုင်ငံတွင် မွတ်စလင်များ အပေါ် ခွဲခြားဆက်ဆံမှု၊ သတ်ဖြတ်မှုများကို ဆန့်ကျင်သည့် အနေဖြင့်ထိုသို့ ကြံစည်ခြင်း ဖြစ်ကြောင်း၊ မေလမှ စတင်ပြီး အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်သူများကို အင်ဒိုနီးရှား အာဏာပိုင်များက ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လက်ရှိအချိန် ဗုံးခွဲရန် ကြံစည်မှုအတွက် သံသယရှိသူ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားမှ လာသော သတင်းများအရ သိရှိရသည်။

မြန်မာ သံရုံး ဗုံးခွဲရန် ကြံစည်မှုနှင့် ဖမ်းခံရသူများတွင် Iqbal Hussaini ဆိုသော အင်ဒိုနီးရှား အမျိုးသားတဦး လည်းပါဝင်ပြီး Iqbal Hussaini သည် သြဇာကြီးသည့် အလယ်အလတ် ၀ါဒီ မွတ်စဆလင်အမျိုးသား တဦးနှင့် ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီး တဦးကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ယခုတဖန် ပြန်လည် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ Hussaini နှင့်အတူ အခြားသူ ၃ ဦး ကိုလည်း ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုနှင့် ဆက်နွှယ်ခြင်း ရှိ၊ မရှိ စစ်ဆေးမေးမြန်းနေကာ ဖမ်းဆီးခံရသူများနှင့်အတူ သေနတ် ၂ လက်၊ လေသေနတ် ၂ လက်နှင့် လက်နက် ခဲယမ်း တချို့ကို သိမ်းဆည်းရမိထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ရဲမှူးကြီး Agus Rianto က ပြောသည်။

အလားတူ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ တခြား စစ်သွေးကြွ ၄ ဦးကို ဂျကာတာမြို့ ဆင်ခြေဖုံးတွင် ဖမ်းမိခဲ့ပြီး ဖမ်းမိသူများထဲတွင် ၀ရမ်းပြေးတဦးဖြစ်သည့် Khoirul Ikhwan လည်း ပါဝင်ကြောင်း၊ ၎င်းတို့နှင့်အတူ ပစ္စတို ၂လက်၊ ကျည်ကတ် ၃ ခုနှင့် ကျည်ဆံ ၇၀ သိမ်းဆည်းမိခဲ့ကြောင်း၊ စစ်သွေးကြွ တဦးဖြစ်သူ Muhanmmed Zakaria ကို ဂျကာတာ အနောက်ပိုင်းတွင် သြဂုတ် ၁၈ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး Rikwanto က ပြောသည်။

"သူတို့က မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အဖွဲ့မှာ ပါဝင်သူတွေဆိုတာ ကျနော်တို့မှာ ခိုင်မာတဲ့ အထောက် အထားတွေ ရှိပါတယ်" ဟု ဒုရဲမှူးကြီး Rikwanto က ဆိုသည်။

ဖမ်းဆီးရမိထားသော စစ်သွေးကြွများသည် အလယ်ဂျာဗားမှ Solo City ရှိ ခရစ်ယာန် ဘုရားကျောင်းတကျောင်းနှင့် အနောက်ဂျာဗားမှ Cirebon မြို့ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခုတွင် ပါဝင်ပတ်သက်ခဲ့ သူများ ဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် မေလအတွင်း မြန်မာသံရုံးဗုံးခွဲရန် လက်လုပ်ဗုံး ငါးလုံး သယ်ဆောင်လာသော စစ်သွေးကြွ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ နေအိမ်တွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် အင်ဒိုနီးရှား အာဏာပိုင်များက စစ်သွေးကြွများကို ဆက်တိုက် ဖမ်းဆီးခဲ့ပြီး ယခုသြဂုတ်လ အစောပိုင်းက ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံ တခုကို စစ်သွေးကြွများက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လူတဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်၍ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စလင်များ အကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသေဆုံး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မြို့တွင်း မြို့နယ်တချို့ ဆိုင်များ စောပိတ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်

မြိတ်မြို့တွင် အကြမ်းဖက်သမားများနှင့် ပက်သက်ပြီး ထုတ်ပြန်ကြေညာ ထားပြီးသည့် နောက်ပိုင်း ရန်ကုန်မြို့တွင်းရှိ မြို့နယ် တချို့တွင် ည ၉ နာရီ နောက်ပိုင်း စီးပွားရေး လုပ်ငန်းတချို့ ပိတ်သိမ်းရန် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရပ်ကွက်အသီးသီးတွင် ည ၉ နာရီနောက်ပိုင်း အချိန်အထိ ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများ၊ ကာရာအိုကေဆိုင် (KTV) များ၊ စင်တင်တေးဂီတ ဆိုင်များ၊ ဂိမ်းဆိုင်များ၊ အင်တာနက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ လမ်းဘေး ဈေးဆိုင်များ အားလုံးကို ပိတ်သိမ်းရန် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ သြဂုတ်လ ၂၁ ရက်နေ့မှ စတင် အမိန့်ထုတ်ပြန်ထားကြောင်း မြောက်ဒဂုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့မှ တဆင့် ၀င်ရောက်လာနိုင်သော အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၃ ဦး၏ အမည်နှင့် ဓာတ်ပုံများကို မြိတ်မြို့ရှိ ရဲတပ်ဖွဲ့အတွင်း ဖြန့်ဝေထားကြောင်း၊ ထိုသူ ၃ ဦး နယ်စပ်မှ တဆင့် နိုင်ငံတွင်း ၀င်ရောက် လာပါက ဖမ်းဆီးနိုင်ရန် လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေးလျှက်ရှိကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

"မြိတ်ကိစ္စကြောင့် ထပ်ထုတ်တာမျိုးတော့ မဟုတ်ပေမယ့် လုံခြုံရေးအရ၊ အဲဒါကြောင့် သတိတော့ ထားရတဲ့ အနေအထားပါ။ လုံခြုံရေး တိုးမြှင့်လိုက်တဲ့ အနေအထားပါ။ ဒီလိုကြေညာတာလည်း ပုံမှန်အတိုင်းပါပဲ။ အရင်ကလည်း ဒီလို ကြေညာခဲ့ဖူး ပါတယ်" ဟု ၎င်းက ဆိုသည်။

ထိုအမိန့် ကြေညာချက်သည် ရက်ကန့်သတ် သတ်မှတ် ထားခြင်းမရှိသော်လည်း လူမှုရေးအရ အချိန်အတိုင်းအတာ တခုတွင် ဖြေလျော့ သွားမည်ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကိုမူ ပြင်ဆင်ပေးသွားမည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

တချို့ မြို့နယ်များတွင် ထိုသို့ သီးခြားအမိန့် ထပ်မံ ထုတ်ပြန်ထားခြင်း မရှိသော်လည်း အုပ်ချုပ်ရေးပိုင်း အနေဖြင့် ညပိုင်း အချိန်များတွင် မော်တော်ယာဉ် များကို စစ်ဆေးခြင်း၊ ရပ်ကွက်အလိုက် ဧည့်စာရင်းစစ်ခြင်း စသော လုံခြုံရေးပိုင်း တိုးမြှင့် ဆောင်ရွက်ထားကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်းက ဧရာဝတီသို့ ပြောသည်။

ထိုသို့ စစ်ဆေးမှုများကို ယခင်က လုပ်ဆောင်ခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းတွင် သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ထပ်မံ ဆောင်ရွက်လျှက် ရှိကြောင်း၊ တချို့သတင်းများကို ရဲတပ်ဖွဲ့ကသာ အတိအကျ သိနိုင်ပြီး အုပ်ချုပ်ရေးပိုင်းမှ အတိအကျ မရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

"ယာဉ်စစ်၊ ဧည့်စစ်ဆိုတာမျိုးမှာက အခုနောက်ပိုင်းမှာ အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းလာတာကြောင့် ယာဉ်တိုက်မှုတွေ များလာတယ်၊ နောက်ပြီး တချို့က အုပ်စုဖွဲ့ပြီး ရိုက်တာနှက်တာတွေ၊ ကားပေါ်မှာ တုတ်၊ ဓား၊ လက်နက် တွေ ကိုင်ဆောင်ထားတာမျိုးတွေ၊ စုဖွဲ့ ရမ်းကားတာမျိုးတွေ ရှိတော့ ကျနော်တို့က အဲဒါမျိုးမဖြစ်အောင် အဓိကထားပြီး ကာကွယ် စစ်ဆေးတာမျိုးပါ" ဟု ဦးဇေယျာအုန်းက ဆိုသည်။

မြိတ်မြို့တွင် ဓာတ်ပုံနှင့် တကွ ဖော်ပြထားသကဲ့သို့ မိမိတို့ထံသို့ ဓာတ်ပုံများနှင့်တကွ အကြောင်းကြား စစ်ဆေးခိုင်းခြင်းမျိုး မရှိသေးကြောင်း၊ တိကျသေချာသော အချက်အလက်များ၊ ဓာတ်ပုံများနှင့်တကွ အကြောင်းကြား လာလျှင်မူ မိမိတို့ အုပ်ချုပ်ရေး ပိုင်းမှ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားသည့် အပြင် ဒေသခံပြည်သူများပါ သိရှိစေရန် လူစည်ကားသည့် နေရာများတွင် ထုတ်ပြန် ကြေညာလေ့ရှိကြောင်း၊ ပုံကြမ်းများနှင့် တိကျသေချာသော အချက် အလက်များ မဟုတ်လျှင် ထင်ယောင်ထင်မှား မဖြစ်စေရေးအတွက် လျှို့ဝှက်စွာ ဆောင်ရွက်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ထုတ်ပြန်ခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိမြို့နယ်အလိုက် လိုအပ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ မြိတ်မြို့ တွင် ထုတ်ပြန်ထားသကဲ့သို့ ဓာတ်ပုံနှင့် အချက်အလက် များကိုလည်း မြို့နယ်ရဲစခန်းနှင့် လိုအပ်သော ရက်ကွက်များ ထံသို့ ပေးပို့ အကြောင်းကြားထားကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးက ဧရာဝတီသို့ ပြောသည်။

"ကျနော့်ရပ်ကွက်တော့ မပေးသေးဘူး။ ရဲစခန်းကိုတော့ ဒီအကြောင်းတွေ ဖြန့်ထားပြီးပြီ။ တချို့ရပ်ကွက်က အုပ်ချုပ်ရေးမှူး တွေကိုလည်း ဖြန့်ထားတယ်လို့ ကြားတယ်။ မြို့နယ်မှူးက သူ့မြို့နယ် လိုအပ်ချက်အရ သူ့စီမံခွင့်ရှိတဲ့အတိုင်း စီမံတာပါ။ ရန်ကုန်တိုင်း တခုလုံးတော့ မဟုတ်ပါဘူး။ ဒေသန္တရ အမိန့်ထုတ်တာ ကလည်း ပုဒ်မ ၁၈၈ လိုမျိုးပေါ့" ဟု ၎င်းက ဆိုသည်။

ညပိုင်း အချိန်တွင် အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများနှင့် အတူ ည ၁၀ နာရီမှ နံနက် ၃ နာရီအထိ ယာဉ်စစ် ကိစ္စများကို လုံခြုံရေးအရ ဆောင်ရွက်သော်လည်း မြိတ်မြို့ ကိစ္စနှင့် ပက်သက်ပြီး သီးခြား ညွှန်ကြားချက်မျိုး မရရှိသေးကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရဲမှူးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံတ၀န်း အကြမ်းဖက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရန်နှင့် ကာကွယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် သတင်းအချက်အလက် ဖလှယ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မိထ္ထီလာ၊ တာချီလိတ်၊ မဲဆောက်၊ မြ၀တီ ကဲ့သို့သော နယ်စပ်ဝင်ပေါက်များ၊ လေဆိပ်များ အားလုံးတွင် လုံခြုံရေး အထူးသတိပြု စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

မိုးသည်းထန်စွာ ရွာ၍ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့အနှံ့ ရေလျှံ

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ရေ၀င်ရောက်ခဲ့ရာ စားသောက် ကုန်စည်များ ပျက်စီးမှုရှိကြောင်း ဘုရင့်နောင် အဝေးပြေးကုန်စည်ယာဉ် ရပ်နားစခန်းမှ လုပ်ငန်းရှင်များက ပြောသည်။

"ဒီနှစ်မှာ မနှစ်တုန်းက မြစ်ရေချိန်အောက် လျော့ပေမယ့် ရေမြောင်းတွေက ပိတ်နေတော့ ပွဲရုံထဲကို ရေတွေဝင်လာတယ်။ ရေမြောင်းဘေးမှာ ၁ ပေခွဲလောက်ရှိတဲ့ ရေကာတာလေး လုပ်ထားတာကိုကျော်ပြီး ၀င်လာတာ အခုပဲ ပက်ထုတ် နေရတယ်" ဟု ဘု ရင့်နောင်ပွဲရုံ စိန်ပန်းလမ်းရှိ ဆန်းမစ် ဆီလုပ်ငန်းမှ ဦးစောလှမြင့်က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်က မြစ်ရေမြင့်တက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကုန်စည်ဒိုင် လမ်းမများထက်တွင် ရေလွှမ်းခဲ့ပြီး ရန်ကုန်မြို့ရှိ လမ်းမများတွင် နေရာအတော်များများ၌ ရေလွှမ်းကာ၊ ယနေ့နံနက် တွင်လည်း မိုးသည်းထည်စွာ ဆက်တိုက် ရွာသွန်းခဲ့ခြင်းသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

"အာလူး၊ ကြက်သွန်၊ ဆန်နဲ့ လက်ဖက်လုပ်ငန်း သမားတွေ ပျက်စီးကြတယ်။ ဦးလေးတို့ကတော့ ဆီတွေကို ပေပါနဲ့ထည့်ထား တာဖြစ်လို့ အပျက်အစီးမရှိဘူး" ဟု ဦးစောလှမြင့်က ပြောသည်။

ရန်ကုန်မြစ်ရေ မြင့်တက်မှုနှုန်းနှင့် ပတ်သက်၍ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ (မိုး/ ဇလ – နေပြည်တော်) သို့ ဧရာဝတီက ဆက်သွယ်မေးမြန်း ခဲ့ရာ ရန်ကုန်တွင် မိုးအလွန် များနေကြောင်း၊ မနက်ဖြန်လည်း ဆက်လက် ရွာဦးမည် ဖြစ်ကြောင်း ဖြေကြားသည်။

"ဒီရေကတော့ လပြည့်ကျော်တဲ့အထိ ရှိနေဦးမယ်။ မြစ်ရေမြင့်တက်တာနဲ့ ပတ်သက်ပြီးကျတော့ တိုင်းတာရေး စခန်း မရှိတဲ့အတွက် အတိအကျတော့ မသိဘူး။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဘက် ကိုမေးကြည့်လိုက်ပါ" ဟု နေပြည်တော် မိုး/ ဇလ မှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တိုင်းတာရေး ဋ္ဌာနမှ တာဝန်ရှိသူတဦးကမူ သြဂုတ် ၁၆ ရက်နေ့ သတင်းစာများတွင် လာမည့် ၂၅ ရက်နေ့ အထိ ခန့်မှန်းချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ရေစစ်မျဉ်း အထက်အထိ မြင့်တက်မည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း ဧရာဝတီသို့ ပြန်လည် ဖြေကြားသည်။

ယမန်နေ့ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတိုးမှုကြောင့် ရန်ကုန်မြို့ နေရာအများစုတွင် ရေလျှံပြီး ယာဉ်ကျော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ အလုပ်ခွင်မှ အိမ်ပြန်ကြသည့် ရန်ကုန်တိုင်းအတွင်းနေ ပြည်သူအများစု အိမ်အပြန်နောက်ကျခြင်း၊ ငွေကြေး အကုန်အကျ များခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

"လိုင်းကားတွေလည်း တစီးမှ တက်လို့မရဘူး၊ တက္ကစီငှားစီး ပြန်တော့လည်း မလိုက်ကြဘူး၊ လိုက်တဲ့ တက္ကစီကျတော့လည်း ခါတိုင်းထက် ဈေးက နှစ်ဆလောက် ပေးရတယ်" ဟု ရန်ကုန် လမ်း ၃၀ မှ ကျောက်မြောင်းသို့ ပြန်ရသူ တဦးက ပြောသည်။

ရန်ကုန်မြို့တွင်းမှ လှည်းတန်း၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တာမွေ၊ တောင်ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင် အစရှိသည့် မြို့နယ်များသို့ ပြန်ရသည့် ပြည်သူများလည်း အလားတူ ပြဿနာများ ကြုံတွေ့ရကြောင်း သိရသည်။

ထို့အပြင် မြောက်ဥက္ကလာ ဆေးရုံကြီးအတွင်း ရေများ ဝင်ရောက်ခဲ့သေးသဖြင့် ဝန်ထမ်းများ၊ လူနာများမှာ ရေများအကြား သွားလာနေရသည်ဟု သတင်းများက ဆိုသည်။

ဆီးဂိမ်းအကြို ရွှေတံဆိပ်များဖြင့် ဒေသတွင်းပြိုင်ဘက်များကို စိန်ခေါ်လိုက်သည့် မြန်မာဗိုဗီနမ်

ဆီးဂိမ်းပြိုင်ပွဲ၏ အကြိုအားကစားပြိုင်ပွဲတစ်ပွဲဖြစ်သော ဗိုဗီနမ်(ဗန်တို) ဆီးဂိမ်းအကြို သိုင်းပြိုင်ပွဲကို သြဂုတ် ၂၂ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိအားကစားရုံ (အေ)၌ စတင်ကျင်းပခဲ့ရာ မြန်မာ အသင်းက ရွှေတံဆိပ်
နှစ်ခုအထိ ဆွတ်ခူးနိုင်ခဲ့သည်။

ပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်များအပြီးတွင် အိမ်ရှင်မြန်မာဗိုဗီနမ် အသင်းက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့်
ကြေးတံဆိပ်သုံးခုတို့ကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအတွက် ရွှေတံဆိပ်နှစ်ခုကို သိန်းစိုး၊
ကျော်စိုးထက်၊ စိုင်းစိုးစိုး၊ ဇော်ဇော် (လေးယောက်တွဲပြိုင်ပွဲ)မှ လည်းကောင်း၊ ပပ၀င်း၊ ခြူးသင်ဇာစိုး (နှစ်ယောက် တွဲပြိုင်ပွဲ)မှ လည်းကောင်း၊ ငွေတံဆိပ်နှစ်ခုကို ခိုင်ဇင်ဝင်း၊ ဆုလဲ့ဖြိုး (နှစ်ယောက်တွဲပြိုင်ပွဲ) မှလည်းကောင်း၊ မဂျူးလစ်ကျော်(အတိုက် ၄၀-၅၀ ကီလိုတန်း) ပြိုင်ပွဲမှလည်းကောင်း၊ ကြေးတံဆိပ် သုံးခုကို မင်းမင်းထွန်း (၆၀-၆၅ အတိုက်) ပြိုင်ပွဲမှ လည်းကောင်း၊ သန့်ဇင်ထွန်း (၆၀-၆၅ ကီလို) အတိုက် ပြိုင်ပွဲမှ လည်းကောင်း၊ ခိုင်ဝါဖူး (တစ်ကိုယ်တော်အပြ) ပြိုင်ပွဲမှလည်းကောင်း အသီးသီး ရယူပေးခဲ့ကြသည်။ ပြိုင်ပွဲသို့ မြန်မာအပါအ၀င် လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စုစုပေါင်း နိုင်ငံငါးနိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အိမ်ရှင်မြန်မာအသင်းသည် (က)အသင်းနှင့် (ခ)အသင်း နှစ်သင်းခွဲဝင်ရောက်ယှဉ် ပြိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်သည် ဆီးဂိမ်းတွင် ဗိုဗီနမ်(ဗန်ဒို)သိုင်းအားကစားနည်း အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ဆီးဂိမ်းအကြိုပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး အဆိုပါ ဆီးဂိမ်းအကြိုပြိုင်ပွဲအား သြဂုတ် ၂၄ ရက်ထိ ကျင်းပမည် ဖြစ်သည်။ ပြီးခဲ့သည့်မတ်လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ဗိုဗီနမ် ချန်ပီယံပြိုင်ပွဲတွင်လည်း မြန်မာဗိုဗီနမ်အဖွဲ့သည် ရွှေနှစ်ခု၊ ငွေခြောက် ခု၊ ကြေး ၁၀ ခု ရရှိခဲ့သည်။

သမီးရည်းစားစုံတွဲ ထော်လာဂျီတိုက်မိ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ကျိုင်းတုံ၊ သြဂုတ် ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ-ကျိုင်းတုံသွား ကားလမ်းရှိ မိုင်တိုင်အမှတ် (၄/၃) အနီးတွင် သြဂုတ်လ ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ထော်လာဂျီယာဉ် တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ကျိုင်းတုံ - လွိုင်မွေသွားကားလမ်း မိုင်တိုင်အမှတ် ၄/၃ အနီး ယင်းနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ကျိုင်းတုံမြို့တွင်းသို့ ယာဉ်မောင်း စိုင်းဆောင်ခမ်း ၁၈ နှစ်မောင်းပြီး နောက်မှ မနန်းရှဲန်လာ ၁၅ နှစ် လိုက်ပါလာသည့် ယာဉ်အမှတ် ၂၁ယ/၆၇၅၄၈ Honda Dream အနက်ရောင် ဆိုင်ကယ်အား ၉ဌ/၂၄၉၀၇ အပြာရောင် ထော်လာဂျီယာဉ်က ဟွန်းတီးကာ ကျော် တက်ကြောင်းနှင့် ယင်းဆိုင်ကယ်မှ လမ်းဘေးသို့ ကပ်ပေးရန် ပြင်ဆင်နေစဉ် ထော်လာဂျီယာဉ်က ယင်းဆိုင်ကယ်၏ ဝဲဘက်လက်ကိုင်ကို ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်တိမ်းမှောက် သွားရာ ထော်လာဂျီ ယာဉ်မှာမောင်းနှင် ထွက်ပြေးသွားကြောင်း ယင်းမြို့နယ် ရဲစခန်းမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင် သွားသော်လည်း သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ မှတ်တမ်းအရ သိရသည်။

"ဆိုင်ကယ်နဲ့ကား တိုက်မိတယ်ဆိုပြီး ကားလမ်းပေါ်မှာ သွေးသံရဲရဲနဲ့ လဲကျနေတဲ့ ကောင်မလေးကို ကောင်လေးကဖက်ပြီး ငိုနေတယ်။ ပြီးတော့ မောင်းပြေးသွားတဲ့ ကားနောက်ကို သွေးအလူးလူးနဲ့ ကောင်လေးက ဆိုင်ကယ်နဲ့ လိုက်ရှာတယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။

အမှတ် (၆၄) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်စောသန်းဦးက "ကောင်မလေးက မေးရိုးနဲ့နှာခေါင်းရိုးတွေပါ ကျိုးကုန်ပြီး သွားတွေပါ ကျွတ်ထွက်ကုန်တယ်၊ ပါးစပ်တွေ၊ နားတွေ၊ နှာခေါင်းတွေကပါ သွေးတွေ ထွက်လာပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ ကောင်လေးကတော့ ဝဲဘက်လက်ပြင်မှာ ပေါက်ပြဲဒဏ်ရာရလို့ ဆေးရုံကြီးမှာ တင်ထားတယ်" ဟု The Voice သို့ ပြောဆိုသည်။

ဆိုင်ကယ်အား ပွတ်တိုက်မိပြီး လူ့အသက်သေဆုံးအောင် မဆင်မခြင် မောင်းနှင်သည်ဟုဆိုကာ ထော်လာဂျီ ယာဉ်မောင်း ပိုင်ဦး ၂၁ နှစ်ကို ယာဉ်(ပ) ၂၉/၂၀၁၃ ပုဒ်မ ၃၀၄ (က) အရ အရေးယူထားကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

The Voice Weekly

ငရုပ်ကောင်းမြို့နယ်ခွဲတွင် ဘင်္ဂါလီ ၅၃ ဦး ဖမ်းဆီးရမိ

ပုသိမ် ၊ သြဂုတ် ၂၂ ။               ။ ငရုပ်ကောင်း မြို့နယ်ခွဲတွင် ဩဂုတ် ၁၉ရက် ညနေ ၆နာရီခန့်က ဘင်္ဂါလီလူမျိုး ၅၃ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုသိ ရသည်။ ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့ နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု ဂေါ် ရန်ဂျီကျွန်းနှင့် ကိုက် ၃ဝဝခန့် အ ကွာ ကုလားမချိုင်အနီး ပင်လယ် ထဲတွင်တွေ့ရှိရသည့် အနက်ရောင် စက်လှေတစ်စီးမှ ဘင်္ဂါလီလူမျိုး ၅၃ဦးကို နယ်မြေခံရဲစခန်းမှူးနှင့် အဖွဲ့၊ မြို့နယ် လဝကဦးစီးအရာ ရှိနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တို့မှပူးပေါင်း၍ နံ့သာပု ကျေးရွာစာကြည့်တိုက်သို့ခေါ် ယူကာ စစ်ဆေးခဲ့သည်ဟု ဒေသ ခံများ၏ပြောပြချက်အရ သိရ သည်။

၎င်းဘင်္ဂါလီ ၅၃ဦးကို စက် လှေပေါ်မှ ရေထဲသို့ကန်ချခံရပြီး ကမ်းခြေသို့ ကူးခတ်ရောက်ရှိလာ ခြင်းဖြစ်သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။ ပွဲစား ဒူလ်အာလောင်မှ ဘင်္ဂါလီတစ်ဦးလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနှုန်းရယူကာ မလေး ရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်အ တွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးကို စစ်တကောင်းမြို့ဘက်မှခေါ် ယူလာခဲ့ပြီးနောက် မောင်တော မြို့နယ် နယ်မြေ(၅) ရွက်ညိုတောင် မှ ဘင်္ဂါလီ ၁ရဦးအား ထပ်မံတင် ဆောင်၍ မလေးရှားနိုင်ငံသို့သွား ရောက်ခဲ့သည်ဟု ဖမ်းဆီးရမိသူ များက ပြောပြသည်။

ဩဂုတ် ၂၁ရက်နံနက်တွင် ငရုပ်ကောင်းမြို့နယ်ခွဲမှ ဖမ်းမိ ထားသည့် ဘင်္ဂါလီ၅၃ဦးကို ပုသိမ် မြို့ အမှတ်(၄)ရပ်ကွက် ကမ်းနား လမ်းဗလီတွင် ထားရှိမည်ဟုဆို ကာ သတင်းများထွက်ပေါ်ခဲ့သော် လည်း အဆိုပါဘင်္ဂါလီ ၅၃ဦးအား တင်ဆောင် လာသည့် ကားမှာ ပု သိမ်-မော်တင်ကားလမ်းမှ ငပု တောမြို့နယ်နှင့် ပုသိမ်မြို့နယ် စပ်ဆုံရာ မဏ္ဍပ်ကျေးရွာအနီးအ ရောက် ညနေ ၄နာရီ ၅၅မိနစ် တွင် အဆိုပါဘင်္ဂါလီများကို ငရုပ် ကောင်းမြို့သို့တာ ဝန်ရှိသူများက ပြန်လည် ခေါ်ဆောင် သွားသည် ဟုသိရပြီး ယနေ့နံနက် ၁ဝနာရီ ခန့်က ငပုတောမြို့နယ် ဟိုင်းကြီး ကျွန်းမြို့နယ်ခွဲ လိပ်ကျွန်းတွင် ဘင်္ဂါလီလူမျိုး ၂၇၄ဦးရောက်ရှိနေ ကြောင်း ကြားသိရ၍ ဟိုင်းကြီးရေ တပ်နှင့် တာဝန်ရှိသူများက သွား ရောက်ခေါ် ဆောင်သည် ဟု သိရ သည်။ လိပ်ကျွန်းတွင်ရောက်ရှိ နေသည့် ဘင်္ဂါလီလူမျိုး ၂၇၄ဦး မှာ သီးသန့်စက်လှေတစ်စီးဖြင့် မလေး၊ ထိုင်းနိုင်ငံများသို့ ထွက် ခွာရင်း စက်လှေကွဲ၍လိပ်ကျွန်း တွင် ဆိုက်ကပ်ခြင်းဖြစ်သည်ဟု သိရသည်။

စိုးမိုး

မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများဖြစ်ပွား

နေပြည်တော်၊ သြဂုတ် ၂၃

၂၂-၈-၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့နယ်ခွဲ၊ စင်ကြိုင် ကျေးရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား-ထိန်းချုံးကားလမ်းပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် ခရီးသည်တင်ယာဉ်ငယ်များသာ လမ်းလွှဲမှဖြတ်သန်းသွားလာနိုင်ပြီး ကုန်တင်ယာဉ်ကြီး များမှာ ကန်ပိုက်တီနှင့်ဝေမိုးရွာတို့တွင် ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

ထို့ပြင် ထိုနေ့ ၁၀၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း ပင်လယ် ဒီရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ရာ ၁၀၃၀ အချိန်တွင် ၁၈၀ စင်တီမီတာခန့်အထိမြင့်တက်ခဲ့ပြီး ၁၂၃၀ အချိန်တွင် ဒီရေပြန်လည်ကျဆင်းသွားခဲ့သည်။ ဒီရေမြင့်တက်မှုကြောင့် အုန်းတောကမ်းရွာရှိ လူနေအိမ် ၄ လုံး၏ကြမ်းခင်းပေါ်သို့ ရေအမြင့် ၃၀ စင်တီမီတာခန့်မြင့်တက်ခဲ့သဖြင့် အိမ်ထောင်စု ၄ စု၊ ကျား ၁၀ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၇)ဦးတို့အား ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်စေလျက်ရှိကြောင်း၊၁၂၃၀အချိန်စတိန်ရွာနှင့်သံဇုံးရွာသို့ဆက်သွယ်ထားသော အရှည် ပေ(၄၀၀)ရှိ သစ်သားတံတားသစ်၊ အရှည်ပေ(၄၂၀)ရှိတံတားအဟောင်းတို့ ပြိုကျပျက်စီးခဲ့သဖြင့် ကျေးရွာအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရေသန့်တစ်လီတာဗူး(၁၂၀)ဗူး၊ ခေါက်ဆွဲခြောက် ၆၀ ထုပ်ပါ ပါကင်ပုံး(၃)ပုံးတို့အားလှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၅၉ အိမ်၊ အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၂၄၀ ဦးတို့အား ပင်လယ်ဒီရေမြင့်တက်လာပါက ပြောင်းရွှေ့နိုင်ရေး စီစဉ်ထားရှိကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ၀၈၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျွန်းသာယာရပ်ကွက်တွင် ၂ ပေခန့်၊ မဇင်းရပ်၊ ကလျာဏီရပ်၊ ဇိုင်းဂနိုင်းတောင်ရပ်၊ ဇိုင်းဂနိုင်းမြောက်ရပ်၊ ကျောက်ကြီးစုရပ်၊ ရွာသစ်ရပ်တို့တွင် ၃ ပေခန့်ရေ၀င်ရောက်ခဲ့ကြောင်းနှင့် ၁၂၃၀ အချိန် ပဲခူးမြစ်၏စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာအနက် ၈၇၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် မိသားစုများနေအိမ်ရွှေ့ပြောင်းရွှေ့မှုမရှိကြောင်း သိရသည်။

၎င်းပြင် ထိုနေ့က ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေကြီးမြင့်မှုကြောင့် မြို့သစ်(က)ရပ်ကွက် နှင့်(ခ)ရပ်ကွက်တို့တွင် ရေအနက် ၂ ပေမှ ၅ ပေအထိဝင်ရောက်ခဲ့သောကြောင့် မြို့သစ်(က)ရပ်ရှိ အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၂၀၀ စု၊ ကျား ၅၁၃ ဦး၊ မ ၅၃၇ ဦး၊ စုစုပေါင်း(၁၀၅၀)ဦးတို့အား နီးစပ်ရာဆွေမျိုးသားချင်းများထံသို့လည်းကောင်း၊ မြို့သစ်(ခ)ရပ်ရှိ အိမ်ခြေ ၂၁၊ အိမ်ထောင်စု ၂၁ စု၊ ကျား ၄၄ ဦး၊ မ ၄၉ ဦး၊ စုစုပေါင်း(၉၃)ဦးတို့အား ဒရယ်မီးရပ်ကွက်ရှိ ရွာတန်းရှည်ဘုန်းကြီးကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၅)ကျောင်းတို့အား နံနက်ပိုင်းမှစတင်ကာ ခေတ္တပိတ်ထားခဲ့သည်။

ရေလွှမ်းခံရသည့်ပြည်သူများအား ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့ပေါ်အလှူရှင်များပူးပေါင်းကာ ရေသန့်ဆေးပြားများ၊ ထမင်းထုပ်များပေးဝေခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့အတူ ၂၂-၈-၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမတော်မြို့နယ်မှဗိုလ်တစ်ထောင်မြို့နယ်အထိ ကမ်းနားလမ်း တစ်လျောက် အမြင့်(၁၀)လက်မခန့်ရေလျှံတက်လျက်ရှိရာ လမ်းမတော်မြို့နယ်အတွင်း လမ်းမတော် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ လသာမြို့နယ်အတွင်း လသာယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ပန်းဘဲတန်းမြို့နယ်အတွင်း ပန်းဘဲတန်းယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ ဗိုလ်တစ်ထောင်မြို့နယ် အတွင်း ဗိုလ်တစ်ထောင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းရှင်းလင်းရေး ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ၂၀၀၀ အချိန် လမ်းပေါ်ရှိရေများ ပြန်လည်ကျသွားခဲ့သည်။

ထို့ပြင် ၁၆၃၀ အချိန် ပန်းဘဲတန်းမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပန်းဘဲတန်းမြို့နယ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်၊ကမ်းနားလမ်းနှင့်(၂၇)လမ်းထောင့်၊(၃)ရပ်ကွက်၊ ရွှေဘုံသာအောက်လမ်းနှင့်ဗိုလ် ဆွန်ပက်လမ်းတို့တွင် ရေနုတ်မြောင်းများမှ ရေလျှံတက်ကာ ကားလမ်းမပေါ် (၆)လက်မခန့်မှ(၁)ပေခန့်ထိ ရေလျှံတက်နေကြောင်းသိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်ကြည့်ရှုခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာယာဉ်/လမ်းရှင်းလင်းရေးဆောင်ရွက်ပေး လျက်ရှိကြောင်းသတင်းရရှိသည်။

ရဲဇာနည်


ထိုင်းငါးဖမ်းလှေပေါ်တွင် သားဖြစ်သူသေဆုံးခဲ့သဖြင့် မိခင်က တရားစွဲလိုက်ပြီ

ထိုင်းငါးဖမ်းစက်လှေပေါ်တွင် သားဖြစ်သူ အလုပ်လုပ်ရင်း သေဆုံးသွားမှုကြောင့် မိခင်ဖြစ်သူက သူ့ သားကို တရားမ၀င် ပို့ဆောင်ပေးခဲ့သူများကို အရေးယူပေးရန် သြဂုတ် ၂၁ ရက်က သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းလိုက်ကြောင်း ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

အမှုဖွင့်တိုင်တန်းသူမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်အေးအေးမော်ဆိုသူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

သူမ၏ တိုင်ကြားချက်တွင် သားဖြစ်သူကိုပြည့်မိုးဇော်အပါအ၀င် လူသုံးဦးကိုပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ထိုင်းနိုင်ငံရှိ ငါးလုပ်ငန်းစက်ရုံတွင် လစာထိုင်းဘတ်ငွေ ၁၀၀၀၀ (ကျပ်သုံးသိန်းခန့်) ဖြင့် အလုပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း တိုင် တန်းထွက်ဆိုထားသည်။

ထိုသူကို ပို့ဆောင်ခ ကျပ်ငါးသိန်းပေး လစာမှ အရစ်ကျပေးဆောင်ရကြောင်းလည်း တရားလိုက ရဲကို ထွက်ဆို သည်။

ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာလဆန်းတွင် သူ့သားနှင့်အတူ အလုပ်သွားလုပ်သူနှစ်ဦးမှာ ရန်ကုန်သို့ ပြန်ရောက်လာပြီး ကိုပြည့်မိုးဇော်မှာ ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်လုပ်ကိုင်နေစဉ် သေဆုံးသွား ကြောင်း ပြောပြသဖြင့် သိရှိခဲ့ ရသည်ဟု ကွယ်လွန်သူ၏မိခင်က ရဲကိုဆက်လက်ထွက်ဆိုထားသည်။

ထို့ကြောင့် သူ့သားကို ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ပေးခဲ့သူ နှစ်ဦးဖြစ်သည့် ကိုထွန်းသိန်းနှင့် ကိုဆန်းဝင်း ဆိုသူတို့ကို အရေးယူပေးပါရန် ဒေါ်အေးအေးမော်က သုဝဏ္ဏရဲစခန်းတွင် စွပ်စွဲတိုင်တန်းခဲ့ပြီး ရဲစခန်းကလည်း အမှုအမှတ် (ပ)၁၆၂/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

စွပ်စွဲတိုင်တန်းခံရသူ နှစ်ဦးကိုလည်း ရဲများက ဖမ်းဆီးရန် လိုက်လံရှာဖွေနေပြီး ဖမ်းမိပါက ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဇော်ဇော်ထွေး 
Mizzima - News in Burmese

မိုးကြီး၍ အောက်ကျောက်ခက်ရွာလုံးကျွတ်နီးပါး အိမ်ခြေပျက်စီး

ကရင်ပြည်နယ်၊ မြ၀တီမြို့အတွင်းရှိ အောက်ကျောက်ခက်ရွာတွင် သြဂုတ်လ တတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ကျောက်ခက်ချောင်းရေလျှံမှု...ကြောင့် အိမ်ခြေ ၁၉လုံးရှိသည့်အနက် ၁၇လုံး ပျက်စီးသွားခဲ့သည်ဟု ရွာခံများက ပြောသည်။

သြဂုတ်လ ၂၁ရက်နေ့မှစ၍ ရွာထဲသို့ ရေများ တဖြည်းဖြည်းဝင်လာကာ ၂၂ရက်နေ့တွင် အိမ်ခေါင်းမိုးအထိ ရေတက်လာသည့်အ တွက် အိမ်ခြေ ၅လုံးမှာ ချောင်းထဲသို့ မျောပါသွားခဲ့ပြီး ၁၂လုံးမှာ လက်ရှိ နေထိုင်စရာမရှိဘဲ ဖြစ်နေသည်ဟု ကျောက်ခက်ရွာသူ ကြီး စောထွန်းခိုင်က ကေအိုင်စီသို့ ပြောဆိုသည်။

"အခု ရေကြီးတာ အိမ်တွေပျက်စီးကုန်လို့ အိမ်နှစ်လုံးလောက်ပဲ နေလို့ရတယ်။ လူတွေ တယောက်မှတော့ ထိခိုက်တာမရှိဘူး။ အားလုံးလည်း ဘေးလွတ်ရာကို ထွက်ပြေးကြကုန်ပြီ။ နောက်ကနေ့ (သြဂုတ်လ ၂၃ရက်နေ့)အထိ ရေက ပြန်ကျသွားပြီဆိုပေ မယ့် မိုးကလည်း ရွာနေတုန်းဖြစ်လို့ ရေထပ်တက်လာမှာကို စိုးရိမ်တယ်။ ကျနော်တို့ရွာမှာ အရင်က ဒီလို တခါမှ ရေမကြီးဖူး ဘူး။"ဟု ပြောဆိုသည်။

လက်ရှိတွင် အောက်ကျောက်ခက်ရွာမှ ရေဘေးသင့်သူရွာသားများမှာ ရွာ၏ ကုန်းအထက်ပိုင်းရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေ ကြသလို ရွာနံဘေးရှိ တောင်ကုန်းပေါ်သို့ သွားရောက်ခိုလှုံကြသည်။ ယခုလို ရေကြီးမှုကြောင့် အောက်ကျောက်ခက်ရွာရှိ ရွာသူ ရွာသား ၅၀ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်ရေသန့်များ အရေးပေါ် လိုအပ်နေပြီး နေရာထိုင်ခင်းနှင့် အ၀တ်အထည်များ လည်း လိုအပ်နေကြောင်း စောထွန်းခိုင်က ဆက်ပြောသည်။

ရေဘေးသင့် အောက်ကျောက်ခက်ရွာသူ အမျိုးသမီးဖြစ်သည့် နန်းကြည်ဝင်းက "ရေကြီးလို့ ဆန်တွေလည်း ရေထဲအကုန် ပါသွားတယ်။ ကျမက ဈေးရောင်းတော့ ရေထဲမပါဘဲ ကျန်တဲ့ စားသောက်ဖွယ်ရာတွေကို မျှဝေပြီး စားနေကြရတယ်။ ဒီအ တိုင်းပဲ မိုးဆက်ရွာလို့ လာကူညီမယ့်သူမရှိရင် ကျမတို့ စားစရာ အခက်အခဲနဲ့ ကြုံရမှာ မလွဲဘူး။"ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် အောက်ကျောက်ခက်အနီး ကုန်းဘက်ခြမ်းရှိ အိမ်ခြေ ၉၀ကျော်ရှိသော အထက်ကျောက်ခက်ရွာမှာမူ ရေဘေးအတွက် စိုးရိမ်စရာ အခြေအနေ မရှိကြောင်း သိရသည်။

အောက်ကျောက်ခက်ရွာနှင့် အထက်ကျောက်ခက်ရွာကို ပြီးခဲ့သည့် ၁၀ခန့်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း(၉၀၇) အခြေစိုက်ရာ ဒေသလည်း ဖြစ်သည်။

အလားတူ သြဂုတ်လ ၂၁၊ ၂၂နှင့် ၂၃ရက်အတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် လှိုင်းဘွဲမြို့တို့တွင်လည်း ဒုတိယအကြိမ် ရေကြီး မှု ထပ်မံ ဖြစ်ပွားနေကြောင်း သိရသည်။

စောခါးစူးညား (ကေအိုင်စီ)
KIC (Karen Information Center)

ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးသည့် အမျိုးသမီးအမှု စစ်ဆေးနေ

ခင်ပွန်းသည်နှင့် စကားများပြီးနောက် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်လိုက်သည့် အမျိုးသမီး၏ အမှုကိစ္စနှင့် ပတ်သက်၍ အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်မှုဟုတ်၊ မဟုတ်သေချာစေရန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှ ရဲများကစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ် မလင်းလင်းအေးဆိုသူဖြစ်ပြီး သူမသည် နေအိမ်အတွင်း၌ ပက်လက်အနေအထားဖြင့် လည်ပင်းတွင် ကြိုးပွန်းဒဏ်ရာများရကာ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း တွင် တွေ့ရသည်။

ရဲများက ထိုကိစ္စကို စုံစမ်းမေးမြန်းရာ သေဆုံးသူ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ ဦးအောင်မင်းသန့်နှင့် စကားများ ခဲ့ပြီး ခင်ပွန်းဖြစ်သူ အိပ်ပျော်နေစဉ် နေအိမ်အတွင်းရှိ ခြောက်ပေခန့်မြင့်သည့် ထုတ်တန်းတွင် အ၀တ်စများဖြင့် ကျစ်ထားသည့် ကြိုးကိုကွင်းလျှောပြုလုပ်ကာ ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေး တွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

သူမထိုသို့ ကြိုးဆွဲချထားသည်ကို ခင်ပွန်းသည်က အိပ်ယာနိုးလာချိန်တွင် တွေ့ရှိသဖြင့် အောက်သို့ချကာ ကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်းလည်း ရဲဌာနက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျှက်ရှိသည်။

ရဲများက ထိုအမျိုးသမီး သေဆုံးမှုသည် အမှန်တကယ် ကြိုးဆွဲချသေဆုံးခြင်းဟုတ်၊ မဟုတ် သံသယရှိသဖြင့် စုံစမ်းမှုများ ဆက်လက်ပြုလုပ်ကြဦးမည်ဖြစ်ရာ ဒုရဲအုပ်အောင်သီဟက တရားလိုပြုလုပ်တိုင် တန်းထားပြီး မြို့နယ် ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး 
Mizzima - News in Burmese

ဝမ်းကွဲညီမတော်သည့် ကလေးကို အဓမ္မကျင့်သည်ဟု စစ်သားတစ်ဦး အမှုဖွင့်ခံရ

၁၃ နှစ်အရွယ် ကလေးငယ်ကို ၀မ်းကွဲ အကိုတော်စပ်သည့် စစ်သားတစ်ဦးက အဓမ္မပြုကျင်ခဲ့သည်ဟု စွပ်စွဲ တိုင်တန်းထားမှု တစ်ခု ကွမ်းခြံကုန်း ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ယင်းအမှုမှာ သြဂုတ် ၁၈ ရက်ည ၁၀ ခန့်က ကွမ်းခြံကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေ့က ကလေးငယ်၏ ဖခင်မှာ ခရီးသွားနေသဖြင့် အဒေါ်ဖြစ်သူ၏ နေအိမ်တွင် သူ့အမဖြစ်သူနှင့်အတူသွား ရောက် အိပ်စက်ခဲ့ရာ ၀မ်းကွဲ အကိုဖြစ်သည့် အသက် ၂၅ နှစ်အရွယ် စစ်သားက အဓမ္မကျင့်ခဲ့ခြင်းဖြစ် သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဓမ္မပြုကျင့်ရာတွင်လည်း အဆိုပါ စစ်သားက လူကြီးတွေကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နှစ်ကြိမ်တိုင် အဓမ္မကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ကလေးငယ်က သြဂုတ် ၂၁ ရက်တွင် အခြား အဒေါ်တစ်ဦးကို တိုင်တန်းပြောဆိုခဲ့သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ၎င်းကိစ္စကို အဒေါ်ဖြစ်သူကပင် ရာအိမ်မှူးထံသို့ သွားရောက်တိုင်တန်းခဲ့ပြီး ထိုမှတဆင့် ကွမ်းခြံကုန်း ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်းလည်း ရဲဌာနက မှတ်တမ်းတွင်တွေ့ရသည်။

အဓမ္မကျင့်သူအဖြစ် စွပ်စွဲတိုင်တန်းခံရသူမှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ခမရ-၁၂၃ တပ်မှ တပ်သား ကြည်ဝင်းမောင်ဖြစ်သည်ဟုလည်း ရဲဌာနက အတည်ပြုထားသည်။

အဆိုပါ အမှုကို ရဲစခန်းက အမှုအမှတ် (ပ)၁၆၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး လတ်တလောတွင် စွပ်စွဲခံရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဟု ဆိုသည်။

ထို့အတူ ယင်းနေ့ တစ်နေ့တွင်ပင် ၁၂ နှစ် အရွယ်ကလေးငယ်ကို အသက် ၅၁ နှစ်အရွယ် ဆိုက်ကားသမား တစ်ဦးက အဓမ္မပြုကျင့်သည်ဟု စွပ်စွဲတိုင်တန်းမှုတစ်ခု ဒေါပုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသေးသည်။

ဖြစ်စဉ်မှာ အသက် ၁၂ နှစ်ခန့် ကလေးငယ်တစ်ဦးသည် သြဂုတ် ၁၈ ရက် ည ၈ နာရီအချိန်တွင် ဒေါပုံ မြို့နယ် ၁-ဈေးကွေ့အနီး လှည့်လည်သွားနေသည်ကို သာကေတမြို့နယ်တွင် နေထိုင်သူ ဇနီးမောင်နှံ နှစ်ဦးက တွေ့သဖြင့် ကလေးကို နေရပ်လိပ်စာမေးမြန်းရာ မရသဖြင့် နေအိမ်သို့ ခေါ်ဆောင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အိမ်ရောက်သောအခါ ကလေးငယ်မှာ အော့အန်ပြီး လဲလျောင်းနေသဖြင့် အိမ်ရှင်အမျိုးသမီးက မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ကြောင်း တရားလိုထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။

သြဂုတ် ၂၁ ရက်တွင်မူ ကလေးငယ်၏ မအင်္ဂါမှ သွေးများထွက်နေကြောင်း အိမ်ရှင်၏ သမီးဖြစ်သူက ပြောပြသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်းခံထားရသည်ကို ပြောပြသိရှိခဲ့ရသည်ဟုလည်း အိမ်ရှင် အမျိုးသမီးက ရဲကို ထွက်ဆိုထားသည်။

ကလေးငယ်ကို အမျိုးသားကြီးတစ်ဦးက မုန့်ကျွေးမည်ဟုဆိုကာ အမည်မသိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်ပြီး အဓမ္မသုံးကြိမ်ကျင့်ကြံခဲ့သည်ဟု ကလေးငယ်က ပြောပြခဲ့သည်ဟု တရားလိုက ဆက်ပြောထားသည်။

အိမ်ရှင်အမျိုးသမီးသည် ၎င်းကိုယ်တိုင် လိုက်လံစုံစမ်းခဲ့ရာ ကလေးငယ်ကို အဓမ္မကျင့်သူမှာ ၁-ဈေးကွေ့ မှတ်တိုင် တွင် ဆိုက္ကားနင်းသော အသက် ၅၀ ကျော်အမျိုးသားကြီးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု တိုင်တန်းချက်တွင် စွပ်စွဲထွက်ဆိုထားသည်။

ထို့ကြောင့် ဒေါပုံရဲစခန်းတွင် လာရောက်တိုင်ကြားခဲ့ရာ အမှုအမှတ်(ပ)၂၆၇/၂၀၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး စွပ်စွဲခံရသည့် အမျိုးသားကြီးကို ရဲများက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ၎င်းသည် အမှုကျူးလွန်သည်ဟု သံသယရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ

သြဂုတ် (၂၃)

ယနေ့ နေ့ လည်၂း၁၁ မိနစ်ခန့်က နေပြည်တော် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာ တောင်ပေါ်သား အဝေးပြေးကားက လမ်းပြုပြင်မှု ပြုလုပ် နေတဲ့ မော်တော်ယာဉ်ကို ဝင်တိုက်ပြီး ဘေးကမြောင်း ထဲကို ထိုးကျခဲ့ပါတယ်။

တောင်ပေါ်သား ကားဟာ ရန်ကုန်မှ နေပြည်တော်သို့ သွားမှာဖြစ်ပြီး ခရီးသည် ၂၈ဦးခန့် ပါပါတယ်။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တစ်ဦး တစ်ယောက်မှ ဒဏ်ရာအပြင်း အထန်ရခြင်း မရှိဘဲ ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များ ပွန်းပဲ့ ဒဏ်ရာ ရရှိခဲ့တယ်။

"ရှေ့က ကားသေးလေးကို ကျော်တက်ခိုင်းတာ အဲဒါကို ကားသေးလေးက မတက်တော့ သူကတက်တော့ အရှိန်မထိန်းနိုင်တော့ဘူး လမ်းပြင်နေတဲ့ သူတွေ ထိမှာ စိုးလို့လမ်းဘေးကို ဆွဲချလိုက်ပြီ ဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ ကြောက်တာတော့ တော်တော် ကြောက်သွားတယ်"လို့ ကားပေါ်ပါလာသူအသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတဦး ပြောပါတယ်။

အမြန်လမ်း ရဲဝန်ထမ်းများက စစ်ဆေးလျှက်ရှိပါတယ်။

Author ချိုဇင်မာဝင့်
Kumudra