Thursday, August 29, 2013

မန္တလေးတိုင်းအတွင်း ကမ်းပါးပြိုမှုများအတွက် ယာယီထိန်းသိမ်းရေးသာ လုပ်ဆောင်ထားပြီး နိုဝင်ဘာလတွင် မြေထိန်းနံရံများ စတင်တည်ဆောက်မည်


E-29-8

ယက္ခဒီပ ကျေးရွာတွင် သဲမှုတ်သောင်တူးစက်ဖြင့် သဲများပြန်ဖြည့်နေစဉ်

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဧရာဝတီမြစ် ရေတက်ချိန်တွင် မြစ်တစ်လျှောက်ရှိ ကမ်းပါးပြိုကျမှုဒဏ် ခံရသော ကျေးရွာများအား ယာယီကာကွယ်ရေး လုပ်ငန်းများဖြင့် ကမ်းပါးပြိုကျမှု သက်သာစေရန် ဆောင်ရွက်ထားပြီး မြစ်ရေကျချိန်ဖြစ်သော နိုဝင်ဘာလတွင် စတင်ကာ မြေထိန်းနံရံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရ ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် ဧရာဝတီမြစ်တစ်လျှောက် မန္တလေးတိုင်း ဒေသကြီးအတွင်း ပါဝင်သော စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ငါးဇွါန်နှင့် မြင်းခြံမြို့နယ်များရှိ ကျေးရွာကိုးရွာတွင် အခိုင်အမာ မြေထိန်းနံရံများ တည်ဆောက်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ ရေတက်ချိန်တွင် ရွာခုနစ်ရွာ၌ ယာယီကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

"ရေတက်ချိန် ဖြစ်နေတာကြောင့် ကမ်းပါးပြိုကျတာ သက်သာစေဖို့ ကမ်းပါးပြိုကျမှု အများဆုံး ဖြစ်ပေါ်နေတဲ့ ရွာ ၇ ရွာကို ယာယီကာကွယ်ထိန်းသိမ်းရေးတွေ လုပ်ဆောင်ခဲ့တယ်။ ယက္ဓဒီပ ကျေးရွာမှာဆိုရင် ရွာတစ်ဖက်ကမ်းက သဲသောင်ပြင်ကနေ သဲမှုတ်သောင်တူးစက်နဲ့ သဲတွေကို တူးယူပြီး ဖို့ပေးခဲ့တယ်။ အခိုင်အမာ နံရံတည်ဆောက်ရေးတွေကိုတော့ ရေကျချိန် နိုဝင်ဘာလ လောက်မှာစပြီး အသေးစိတ်တိုင်းတာ၊ အချက်အလက် စုဆောင်းပြီး တည်ဆောက်မှု အပိုင်းတွေ ပြုလုပ်သွားမှာပါ" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး)မှ တိုင်းဦးစီးမှူးက ပြောကြားသည်။

ဧရာဝတီမြစ် တစ်လျှောက်ရှိ ကမ်းပါးပြိုကျမှု ကာကွယ်ရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရမှ ကျပ်သိန်းပေါင်း ၁၄၀၆၀ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကာ ယာယီထိန်းသိမ်းရေး လုပ်ငန်းများအား ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ရွာငါးရွာအား လည်းကောင်း၊ သြဂုတ် ၂ ရက်မှ သြဂုတ် ၁၆ ရက်အထိ ရွာနှစ်ရွာတွင် လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာယီကာကွယ်ရေး လုပ်ငန်းများကို ဆီသည်၊ ထီးကုန်း-သာယာဝတီ၊ ဟင်္သာမ၊ သဖန်းထောင့်၊ ညောင်ပင်သာ၊ ဆားကြူးအလယ်ရွာနှင့် ယက္ခဒီပ ကျေးရွာတို့တွင် သစ်ခက်ဖြည့် ၀ါးကရစ်ကွက်များ ပြုလုပ်ခြင်း၊ အောက်ခြေရေတိုက်စားမှု ကာကွယ်ရန် ရေတောင်ဝှေ့ချခြင်း၊ သဲအိတ်စီခြင်းနှင့် သဲမှုတ်သောင်တူးစက်ဖြင့် ကမ်းပါးတစ်လျှောက် သဲဖို့ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဧရာဝတီမြစ်သည် တစ်နှစ်ထက်တစ်နှစ် အနယ်ပို့ချမှု များလာသောကြောင့် ရေလမ်းကြောင်း ပြောင်းလည်းကာ ကမ်းပါးပြိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကမ်းပါးပြိုမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်းများ ရှိနေပြီး မြစ်ရိုးတစ်လျှောက် နေထိုင်သူများ အနေဖြင့် နိုင်ငံတော် အစိုးရမှ မြစ်ကြောင်းထိန်းသိမ်းမှုကို ယခုထက်ပိုမို ပြုလုပ်ပေးရန် မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီ ကျောင်းသားများ တက်ရောက်သင်ကြားနေသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက် သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက "ဘင်္ဂါလီတွေက နိုင်ငံတော်သီချင်းကို မဆိုသလို၊ နိုင်ငံတော် အလံကိုလည်း အလေးမပြုကြဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက အစိုးရက ခန့်အပ်ထားတဲ့ ဘင်္ဂါလီကျောင်းဆရာတွေလည်း ဒီအတိုင်းပဲ" ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး စခန်းများနှင့် ရခိုင်တိုင်းရင်းသားများ မရှိသော အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကျောင်းဆရာ ဆရာမများအား သွားရောက်တာဝန် ထမ်းဆောင်ခြင်းကိုလည်း ယာယီရပ်တန့်ထားကြောင်း သိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားချက်အရ ဘင်္ဂါလီများ ယဉ်ကျေးလိမ္မာ လာစေရန်နှင့် ပြည်သူ့နီတိကဲ့သို့ စာများကိုလည်း သင်ကြားရမည်ဟု ပါရှိခဲ့ခြင်းအပေါ် စာသင်ကျောင်းများတွင် ပြည်သူ့နီတိများအား အချိန်ဇယားအလိုက် ထည့်သွင်းသင်ကြားမှုများ ရှိသော်လည်း ဘင်္ဂါလီကျောင်းသားများမှာ လိုက်နာမှု အားနည်းခြင်းများကို ပညာရေးဌာနမှ သက်ဆိုင်ရာ ဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

"ဘင်္ဂါလီတွေကို ပြည်သူ့နိတိတွေ သင်ခဲ့တယ်။ မလိုက်နာဘူး။ သူတို့ ဂရုမစိုက်ဘူး ဆိုတာကို အထက်အရာရှိတွေဆီ တင်ပြထားပြီး ဖြစ်တယ်။ ဘင်္ဂါလီ လူကြီးတွေက နိုင်ငံတော်အလံကို အလေးမပြုတော့၊ ကလေးတွေက ဘယ်လိုလုပ် အလေးပြုမှာလဲ" ဟု ဦးလှစိန်ထွန်းက ထပ်လောင်းပြောဆိုခဲ့ပါသည်။

လက်ရှိ အနေအထားတွင် ကယ်ဆယ်ရေး စခန်းများ၌ ဘင်္ဂါလီ ကျောင်းသားများအတွက် ကယ်ဆယ်ရေး စခန်းများရှိ ယာယီစာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး ဘင်္ဂါလီဆွဲခန့် ကျောင်းဆရာများကိုလည်း ခန့်အပ်ထားရှိကြောင်း သိရသည်။ ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်လည်း ဘင်္ဂါလီများ သီးသန့်တက်ရောက် သင်ကြားနေသည့် အခြေခံပညာရေးကျောင်း ၄၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ကျောင်းများအား တိုင်းရင်းသား ကျောင်းဆရာ/မများ လုံခြုံရေးအရ သွားရောက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် ဘင်္ဂါလီဆရာများကို သင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ် အတွင်းရှိ အစိုးရ ကျောင်းများအားလုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး င၀န်မြစ်ရေတက်၍ ဟင်္သာတခရိုင် လေးမျက်နှာမြို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့

M-29-8ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့၌ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ နေ့ညမပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနောက်ရိုးမ တောင်တန်းနှင့် ကွင်းရေများ အဆမတန် စီးဆင်းလာသဖြင့် င၀န်မြစ်ရေမှာ ကမ်းလုံးပြည့်လျှံကာ လူနေအိမ်များ၊ ဘုရားစေတီအချို့ နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီး လယ်မြေဧကများစွာ ပျက်စီးဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း၊ င၀န်မြစ်တစ်လျှောက်ရှိ ကျေးရွာအိမ်ခြံမြေအချို့ ကမ်းပြိုပျက်စီး ဆုံးရှုံးခံရနိုင်ကြောင်း၊ ငှက်ပျော၊ ကလော စသည့်ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးဖြစ်သူ လေးမျက်နှာမြို့နေ ကိုကျော်ကျော်က "၀ါဆိုလပြည့်ကျော်က င၀န်မြစ်ရေ တော်တော်လေး တက်လာတာ တချို့အိမ်တွေဆိုရင် အဆင့်တွေ နစ်မြုပ်လာလို့ အသိမိတ်ဆွေ အိမ်တွေမှာ ပြောင်းရွှေ့နေရတယ်။ ယခုတက်လာတဲ့ရေက ဒုတိယအကြိမ်ပါ။ အရင်ရေမမီဘူးလို့ ထင်နေရပေမယ့် မိုးကတစ်မိုးပြီးတစ်မိုး သည်းထန်စွာ အဆက်မပြတ် ရွာနေတာရယ်၊ ရက်ရှည်လာတာရယ်၊ မြစ်ရေတက်လာတာရယ်ကြောင့် ပထမရေထက်ပိုပြီး ရေကြီးရေလျှံ နစ်မြုပ်လာနိုင်တယ်" ဟု ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးမှာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့်အလျောက် ဆန်စပါးကို  အဓိကထားပြီး စိုက်ပျိုးရသောဒေသ ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ဧရာဝတီတိုင်းဒေသကြီးမှာ ဆန်စပါးစိုက်ပျိုးရသည့် လယ်ဧက အများဆုံးရှိကြောင်း၊ ရေထွက် သား၊ ငါး၊ ပုစွန် စသည့်ရေသယံဇာတ အများဆုံးထွက်ရှိသော တိုင်းဒေသကြီးဖြစ်၍ ပျက်စီးမှုများကို ကြိုတင်ကာကွယ်ပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို တိုးမြှင့်ဆောင်ရွက်ပေးရန် ဒေသခံပြည်သူတို့က လိုလားလျက်ရှိကြောင်း သိရသည်။

င၀န်မြစ်အတွင်း ရှပ်ပြေးရေယာဉ်နှင့် စက်လှေဝင်တိုက်မိရာမှ စက်လှေပေါ် ပါလာသူတစ်ဦး ပျောက်ဆုံးနေ

သြဂုတ် ၂၈ ရက် နံနက် ၉ နာရီ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ်အပိုင် င၀န်မြစ်အတွင်း ရှပ်ပြေးရေယာဉ်နှင့် စက်လှေတစ်စီး ၀င်တိုက်မိရာမှ စက်လှေပေါ် လိုက်ပါလာသူ ငါးဦးအနက် အမျိုးသမီးတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းမေးမြန်းကြည့်ရာ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းငူကျေးရွာ အလွန်တွင် င၀န်မြစ်အတွင်း မောင်းနှင်နေသည့် ရှပ်ပြေးရေယာဉ်မောင်း ဆလင်ဦးဝင်းဘို မောင်းနှင်လာသည့် နဒီရွှေဇင် ရှပ်ပြေးရေယာဉ်သည် ငပုတောမြို့နယ် သင်္ကန်းကုန်း ကျေးရွာဘက်မှ ပုသိမ်မြို့ဘက်သို့ ခရီးသည် ၆၀ ဦးခန့်အား တင်ဆောင်မောင်းနှင်လာစဉ် အိမ်မဲမြို့နယ်၊ ခေါက်လန်ကုန်းကြီး ကျေးရွာသို့ ပြန်ရန်အတွက် လူငါးဦး တင်ဆောင်ကာ စက်လှေနှင့် ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တိုက်မှုကြောင့် စက်လှေပေါ်တွင် လိုက်ပါလာသူ အမျိုးသားလေးဦး၊ အမျိုးသမီး တစ်ဦးအနက် စက်လှေအား ရေကြောင်းပြရန် လိုက်ပါခဲ့သူဖြစ်သည့် မနန့်ချိုချိုအေးမှာ စက်လှေနှင့်အတူ နစ်မြုပ်ကာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်မြို့ အသည်ကြီး ရဲစခန်းတွင် လာရောက်အကြောင်းကြားခဲ့မှုကို အသည်ကြီး ရဲစခန်း မှူးရဲအုပ်ရန်နိုင်လတ်က အခင်းဖြစ်နေရာပိုင်ဖြစ်သည့် ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ပျောက်ဆုံးသူ တွေ့ရှိနိုင်ရေးနှင့် အမှုမှန်ပေါ်ရေးအတွက် သက်ဆိုင်ရာ ကန်ကြီးထောင့် ရဲစခန်းမှ စုံစမ်းစစ်ဆေးလျက် ရှိသည်။

ဖုန်းမက်ဆေ့ခ်ျမှတစ်ဆင့် အင်တာနက်လျှောက်သည့် အရေအတွက် တစ်လမပြည့်မီ တစ်သိန်းကျော်

ဖုန်းမက်ဆေ့ခ်ျမှတဆင့် SMS (စာတိုပို့စနစ်)ဖြင့် အင်တာနက်ပေးပို့လျှောက်ထားသည့် အရေအတွက်သည် တစ်လနီးပါး အချိန်တွင် ၁၃၀,၀၀၀ ခန့်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က သြဂုတ် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားနိုင်ခြင်းကို သြဂုတ် ၁ ရက်က စတင်လိုက်ခြင်းဖြစ်ရာ ၂၈ ရက်အတွင်းလျှောက်ထားသူ ၁၃၀,၀၀၀ ခန့်ရှိခြင်းဖြစ်သည်။ ယင်းသို့ခွင့်ပြုပြီးနောက်ပိုင်းရုံးသို့ လာရောက်
လျှောက်ထားခြင်းကို လက်မခံတော့ဘဲ ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက် လျှောက်ထားမှုကိုသာ လက်ခံသည်ဟု လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ဦးအောင်ကျော်သက်က "SMS နဲ့ အင်တာနက်လျှောက်တာကို Prepaid (ကြိုတင်ငွေဖြည့်ကတ်သုံး) ဖုန်းတွေပဲ
လျှောက်လို့ရမယ်။ အခုလောလောဆယ်တော့ SMS ဖုန်းတွေပဲ အင်တာနက်လျှောက်လို့ ရဦးမယ်။ CDMA ကတော့ အဆင်သင့်မဖြစ်သေးလို့ အင်တာနက်လျှောက်လို့မရသေးဘူး"ဟု ပြောသည်။

မိုဘိုင်းအင်တာနက်ကို ဖုန်းမက်ဆေ့ခ်ျပေးပို့လျှောက်ထားရာတွင် ၁၃၃၁ နံပါတ်သို့ "Order data service" ဟူသော စာသားကို SMS ပေးပို့ရမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ဖုန်းဘီလ် အနည်းဆုံးကျပ် ၁၀,၀၀၀ အထက်
ဖြည့်သွင်းထားရမည်ဖြစ်ပြီး အင်တာနက်လိုင်းရရှိပါက"You Have Order Data Service Successfully "  စာသားကို
ပြန်လည်ပေးပို့ကာ မိမိဖုန်းဘီလ်မှ ကျပ် ၁၀,၀၀၀ ကို အလိုအလျောက် ဖြတ်တောက်မည်ဖြစ်သည်။

ယခင်က ဆက်သွယ်ရေးရုံးများတွင် အင်တာနက်လိုင်းသွားရောက်လျှောက်ထား၍ အင်တာနက်လိုင်း မဖွင့်ပေး
သေးသည့်အချိန်တွင် ထပ်မံ၍ SMS ပေးပို့သည့်စနစ်ဖြင့် အင်တာနက်လျှောက်ထားပါက အင်တာနက်လိုင်း အသုံးပြုခ နှစ်ကြိမ်ဖြတ်တောက်သွားမည်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးက ပြောသည်။

"တချို့က ရုံးမှာသွားပြီး ငွေပေးချေကာ အင်တာနက်ဖွင့်ထားတာ။ အဲဒီအချိန်မှာ လိုင်းမပွင့်သေးတဲ့အခါကျတော့ ဒီ SMS နဲ့ ထပ်ပို့ပြီး လျှောက်ထားတယ်ပေါ့။ အဲဒီအခါ ပိုက်ဆံ ထပ်ဖြတ်သွားတော့ နှစ်ခါကုန် ဖြစ်သွားတာပေါ့" ဟု ဦးအောင်ကျော်သက်က ပြောသည်။

SMS ပေးပို့ကာ မိုဘိုင်းအင်တာနက် လျှောက်ထားသည့်စနစ်သည် အချိန်ကုန်သက်သာပြီး အချိန်တိုအတွင်း အင်တာနက်လိုင်း ဖွင့်ပေးသည့်အတွက် အဆင်ပြေသည်ဟု လျှောက်ထားသူအများစုက ပြောသည်။

ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက "ဖုန်းကနေ အင်တာနက်
လျှောက်တာ တော်တော်လေးအဆင်ပြေပါတယ်။ ရုံးကိုလည်း သွားစရာမလိုတော့ဘူး။ ချက်ချင်းလည်း ရတယ်။ ဒီလိုအဆင်ပြေအောင်လုပ်ပေးတာ ကောင်းပါတယ်"ဟု ဆိုသည်။လက်ရှိတွင် မိုဘိုင်ဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ခုနစ်သိန်းခန့်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား


B-29-8

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အား ကြီးထွားလာမှု မရှိစေဘဲ အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ရင်းများ ကွပ်ကဲရေး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းနှင့် လုံခြုံရေး တပ်ခွဲနှစ်ခုတို့အား အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် အဓိကရုဏ်း ဖြစ်စဉ်များကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်အတွက် အခြားရဲတပ်ရင်း နှစ်ခုကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲတပ်ရင်းများ ကွပ်ကဲရေးဌာနမှ ရဲမှူးကြီး သက်လွင်က "ရဲတပ်ရင်း အနေနဲ့ကတော့ တပ်ရင်းခြောက်ခု ရှိတယ်။ ရန်ကုန်မြို့မှာ အဓိက တာဝန်ထမ်းဆောင် နေတာတော့ တပ်ရင်းလေးခု ရှိတယ်။ အဲဒီအထဲက တပ်ရင်းတစ်ခုက သံတမန် ခရီးစဉ်နဲ့ အထူးဧည့်သည် ခရီးစဉ်တွေမှာ လုံခြုံရေး ဆောင်ရွက်တယ်။ နောက်တပ်ရင်း တစ်ခုက အခုလက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုံခြုံရေး လုပ်ဆောင်နေတယ်။ ကျန်ရဲတပ်ရင်း နှစ်ခုကတော့ ပဋိပက္ခ ဖြစ်စဉ်တွေ ဖြစ်ပွားလာရင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ခွဲတွေက ထိန်းသိမ်းနိုင်မှု မရှိရင်တော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အမိန့်ညွှန်ကြားလာရင်တော့ ၀င်ရောက်ထိန်းသိမ်းဖို့အတွက် အရန်သင့် ထားထားပါတယ်" ဟု သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ပဋိပက္ခဖြစ်စဉ်များ ဖြေရှင်းရန်အတွက် လုံခြုံရေး တပ်ဖွဲ့ခွဲနှစ်ခုကို တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

အကယ်၍ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားလာပါက အဆိုပါ တပ်ဖွဲ့ခွဲနှစ်ခုမှ ဦးစွာဖြေရှင်းရမည်ဖြစ်ပြီး ဖြစ်ပွားနေသည့် ဖြစ်စဉ်အခြေအနေပေါ် မူတည်၍ ရဲတပ်ရင်းမှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်းသို့ အပ်နှံခြင်းနှင့် အသက် ၁၈ နှစ် အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်ထိန်းသိမ်းစေခြင်း ဖြစ်သည်ဟု သိရသည်။ ယခုအခါ ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် ယခင်ထိန်းသိမ်း လူဦးရေ ၃၀ ကျော်မှ ယခုအခါ ၁၀၀ ကျော်အထိ ဖြစ်လာကြောင်း၊ အဆိုပါ တောင်းရမ်းသူများအား နှစ်သိမ့်ဆွေးနွေးခြင်း၊ တောင်းရမ်းစားသောက်ခြင်း မပြုရန် ပညာပေးခြင်းတို့ကို ပြုလုပ်ပြီး ပြန်လွှတ်ပေးသည်ဟု သိရသည်။

"ပထမအကြိမ်တော့ ခေါ်ဆောင်ထိန်းသိမ်းမယ်။ နှစ်သိမ့်ပညာပေး ဆွေးနွေးပြီးတော့ ပြန်လွှတ်ပေးမယ်။ အဲဒီလို ပြန်လွှတ်ပေးပြီးမှ နောက်တစ်ကြိမ် ပြန်တောင်းရင်တော့ ဥပဒေနှင့်အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရေးယူရာ၌ အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက်သူများ ဖြစ်ပါက ၎င်းတို့အား အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိဘထံ ပြန်လည်အပ်နှံပြီးသူများ ပြန်လည်တောင်းရမ်းခြင်းမျိုး ဖြစ်ပါက တောင်းရမ်းသူများကို အရေးမယူဘဲ မိဘအား အရေးယူမည်ဟု သိရသည်။

သာကေတမြို့နယ် မြကန်သာ သောက်သုံးရေကန်တွင် အစ္စလာမ်ဘာသာဝင် သုံးဦးက အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် သက်ဆိုင်ရာက ရေနမူနာယူပြီး စစ်ဆေးနေ


S-29-8

အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့နယ်ရှိ မြကန်သာ သောက်ရေကန်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၇ ရက် နံနက် ၁ နာရီခန့်တွင် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အမည်မသိ အစ္စလာမ်ဘာသာဝင်သုံးဦး ဆင်းသွားပြီး ပြန်တက်လာသည်ကို ၄/မြောက်ရပ်ကွက်၊ မြို့မ (၉)လမ်းနေ ဦးထွန်းထွန်း (၄၉)နှစ်မှ မြင်တွေ့ခဲ့ရပြီး ၎င်းတို့သုံးဦးအနက် တစ်ဦးဖြစ်သူက "လုပ်ပြီးပြီလား" ဟုမေးရာ ကျန်နှစ်ဦးက "လုပ်ပြီးပြီ" ဟု ဖြေဆိုသံကြားသဖြင့် ရေကန်အတွင်းသို့ တက်ကြည့်ခဲ့ကြောင်း ရေကန်အတွင်းရှိ ရေများတွင် အစိမ်းရောင်ဆေးများ တွေ့ရှိရသဖြင့် ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြီး ၎င်းကိုယ်တိုင် ကန်အတွင်းဆင်း၍ အစိမ်းရောင်ရေများကို ခပ်ထုတ်ကာ ပတ်ဝန်းကျင်သို့ အဆိပ်လာခတ်သည်ဟု ရပ်ကွက်ရှိလူများကို ပြောကြားခဲ့ကြောင်း  ရပ်ကွက်အတွင်းတွင်လည်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လူစုလူဝေး ဖြစ်ပေါ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားခဲ့သဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့တို့မှ ယင်းရေကန်သို့ သွားရောက်ပြီး စစ်ဆေးခဲ့ပြီး ရေကန်အတွင်းရှိ ရေနမူနာများကိုယူကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြောဆိုသည့် ဦးထွန်းထွန်းအား သာကေတမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှကိုယ်တိုင် မြင်တွေ့ခြင်းမရှိဘဲ ရေများပြာနေကြောင်း အမည်မသိ အမျိုးသမီးကပြော၍ သိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်သတင်းပို့ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ 

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို

ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။

သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မောင်ဖုန်းမြတ်မြတ်အောင်အား အတန်းပိုင်ဆရာမ ဒေါ်အိထွေးဦးက ရိုက်နှက်ခဲ့ကြောင်း ကလေး၏မိခင်က ဆိုသည်။

"ပထမ တစ်ခေါက်ကလည်း အတန်းပိုင် ဆရာမက ကလေးကို စာမပြီးလို့ ငေးလို့ဆိုပြီး လက်နဲ့ခြေသလုံးတွေ ပေါင်တွေမှာ အရှိုးရာထင်အောင် ရိုက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မက အတန်းပိုင် ဆရာမနဲ့ သွားတွေ့ပြီး ဆွေးနွေးဖြစ်ပါတယ်။ ရိုင်းတဲ့ကလေး၊ ပြောမရတဲ့ ကလေးကို ဒေါသထွက်တာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အငြိုးတကြီးနဲ့ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်းတွေ ခြေသလုံးတွေမှာ အစင်းရာတွေဖြစ်အောင် ရိုက်တာကတော့ မဖြစ်သင့်ပါဘူး" ဟု မိခင်ဖြစ်သူက ပြောကြားသည်။

သြဂုတ် ၂၇ ရက် ည ၁၂ နာရီခန့်တွင် ယင်းကလေးငယ်အား ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင်လည်း သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အတန်းပိုင်ဆရာမအား သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားသွားမည်ဟု ကလေး၏မိခင်က ဆိုသည်။

သြဂုတ် ၂၈ ရက် မနက်ပိုင်းက ဒဂုံမြို့နယ် ပညာရေးမှူးနှင့် အ.မ.က(၁)ကျောင်းအုပ်ဆရာမကြီးတို့က ကလေး၏ မိခင်နှင့် ကလေးငယ်တို့အား ကျောင်းသို့ခေါ်၍ တောင်းပန်ခဲ့ကြောင်း၊ တောင်းပန်မှုကို လက်မခံနိုင်ကြောင်း ကလေးမိခင်ထံမှ သိရသည်။

ဒဂုံမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးစိုးသန်းက "အခုလောလောဆယ်တော့ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ထဲက ကလေးကို ရိုက်နှက်တယ်လို့ အတိုင်ခံခဲ့ရတဲ့ ဒုတိယတန်း အတန်းပိုင်ဆရာမကို သူငယ်တန်း အတန်းပိုင်ဆရာမနဲ့ ပြောင်းလဲတာဝန် ပေးထားပါတယ်။ မိဘတွေဘက်က ဒီအချိန်မှာ စိတ်ပူပန်မှုတွေ များနေနိုင်လို့ လောလောဆယ်တော့ ဆရာမနဲ့ မိဘကို ပေးမတွေ့သေးဘူး" ဟု သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက  အ.မ.က (၁) ဒဂုံကျောင်းအတွင်း၌ ပြောကြားသည်။

မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြု

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားသော နယ်စပ် ၀င်/ထွက်ပေါက် လေးခုဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများကို စတင်ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ နယ်စပ် ၀င်/ထွက်ပေါက်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များအဖြစ် ပြောင်းလဲသတ်မှတ်၍ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသော ခရီးသွားလက်မှတ် ပါရှိသည့် မြန်မာ၊ ထိုင်း နှစ်နိုင်ငံသားများနှင့် တတိယနိုင်ငံသား (မြန်မာ၊ ထိုင်းအပြင် အခြားနိုင်ငံများမှ) ခရီးသွား ဧည့်သည်များအား သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ ၀င်/ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။

"လက်ရှိကျင့်သုံးနေတဲ့ စနစ်အရ နိုင်ငံတော်ရဲ့ နယ်နိမိတ် ပိုင်နက်အတွင်း နိုင်ငံတကာ ခရီးသွားများနဲ့ ပတ်သက်ပြီးတော့ ဗီဇာအမျိုးအစား ခြောက်မျိုးနဲ့ ခွင့်ပြုထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်သုံးခုမှ ဆိုက်ရောက်ဗီဇာနဲ့ ၅၁ နိုင်ငံကို ခွင့်ပြုပြီး ဖြစ်ပေမယ့် အခုဖွင့်လှစ်တဲ့ နယ်စပ်လေးခုမှ ဆိုက်ရောက်ဗီဇာ ခွင့်မပြုသေးပါဘူး။ BP : TBP ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်နဲ့ နှစ်နိုင်ငံ နယ်စပ်အတွင်း သွားလာလည်ပတ်ခွင့်ကိုလည်း နယ်မြေအကွာအဝေး တိုးမြှင့်ခွင့်ပြုဖို့ နှစ်နိုင်ငံ ဆွေးနွေးနေပါတယ်" ဟု မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတား မုခ်ဦး၌ သြဂုတ် ၂၈ ရက် နံနက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ဖွင့်လှစ်သည့် အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် ကော့သောင်းနယ်စပ်၊ ထီးခီးနယ်စပ်၊ ကရင်ပြည်နယ်တွင် မြ၀တီနယ်စပ်၊ ရှမ်းပြည်နယ်တွင် တာချီလိတ် နယ်စပ်များမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများ ၀င်/ထွက်သွားလာ လည်ပတ်နိုင်သဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာနိုင်သည်ဟု သိရသည်။

CC-29-8

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းဂိတ်မှ ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း)

"နှစ်နိုင်ငံ ကူးလူးသွားလာမှုကို မြှင့်တင်လိုက်တာ၊ ဧည့်သည်တွေ သွားလာမှု လျှင်မြန်လွယ်ကူစွာ သွားလာနိုင်အောင် စီစဉ်ပေးလိုက်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

ယခင်က နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွား ဧည့်သည်များအား တစ်ရက်သို့မဟုတ် တစ်ပတ်ဝင်ရောက်ခွင့်ဖြင့် ခွင့်ပြုထားရာ၌ နယ်စပ်မြို့နှင့် အနီးဝန်းကျင် မြို့အချို့၌သာ လည်ပတ်ခွင့် ရရှိပြီး ယခုဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များမှ ၀င်ရောက်လာသော ခရီးသွားများမှာမူ ကန့်သတ်ဒေသများမှအပ မြန်မာနိုင်ငံရှိ အခြားခရီးသွား ဒေသများသို့ ၀င်ရောက်လည်ပတ်ခွင့် ရရှိမည် ဖြစ်သည်။

ပတ်စပို့၊ ဗီဇာပါသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ပြည်တွင်းသို့ သွားလာလည်ပတ်ခွင့် ပြုရာတွင် အလည်အပတ် ဗီဇာနှင့် ၂၈ ရက် လည်ပတ်ခွင့်ရှိပြီး အလုပ်ဗီဇာဖြင့် ရက် ၇၀ ခွင့်ပြုမည်ဖြစ်ကာ သက်တမ်းကျော်လွန်ပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ၀င်ရောက်ပြီးပါက ခရီးသွား ဧည့်သည်များသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအ၀င် နိုင်ငံတော်မှ တရားဝင် ဖွင့်လှစ်ထားသည့် မည်သည့်ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာခွင့်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ဂိတ်များမှ ၀င်ရောက်လည်ပတ်ခွင့် ပြုရာ၌ ဗီဇာနှင့် နိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး ဗီဇာအမျိုးအစား၊ နေထိုင်ခွင့် သက်တမ်းအလိုက် သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဂျီအက်စ် အမ်ဖုန်းလိုင်း ပြတ်တောက်မှု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေဦးမည်

ရန်ကုန် ၊ သြဂုတ် ၂၈ ။     ။ ဂျီအက်စ် အမ်ဖုန်းလိုင်းများ၏ စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပေါ်နေ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဆက်သွယ်မှုလိုင်း ပြတ်တောက် မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ် လိုင်း နက်ဝေါ့ခ်တည်ဆောက် ထားသည့်နေရာများတွင် စက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့်  ဩဂုတ်၂ရ ရက် နံနက်ပိုင်းမှ စတင် ၍ လိုင်းချွတ်ယွင်းမှုများဖြစ်ပေါ် ခဲ့ပြီး ယင်းသို့ လိုင်းချွတ်ယွင်းနေ ခြင်း အား ရက်ပိုင်း အတွင်း ပြန် လည်ကောင်းမွန်စေရန် ပြုပြင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

''စက်ချွတ်ယွင်း မှုတွေဖြစ် နေလို့ ဂျီအက်စ်အမ်လိုင်းတွေ  ခေါ်မရဘူးဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဖြစ်တဲ့နေရာတွေ ကတော့ ဂျီအက်စ်အမ်နက်ဝေါ့ခ် ပိုင်းရှိတဲ့နေရာတွေ အကုန်လုံးလို့ ပြောလို့ရပါတယ်။ ဒါနဲ့ပတ်သက် ပြီး အမြန်ဆုံးပြန် ကောင်း အောင် ပြုပြင်နေပါပြီ''ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းသို့ ဆက်သွယ်မှုချွတ် ယွင်းချက်အား ရက်ပိုင်းအတွင်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေ ရန်ပြုပြင်မည်ဖြစ်ကာ နိုင်ငံပိုင် သတင်းစာ များတွင် လည်း အများ ပြည်သူသိရှိစေရန် ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။

''စက်ချွတ်ယွင်းမှုအကြောင်း နဲ့ ပြုပြင်ဆောင်ရွက်နေတဲ့အပိုင်း တွေကို ပြည်သူတွေ သိအောင် ကြေညာမှာပါ။ ရက်ပိုင်းအတွင်း လောက်ပဲ ကြာမြင့်မယ်လို့ မှန်း ပါတယ်''ဟု ယင်းက ထပ်မံပြော သည်။ ရက်ပိုင်းအတွင်း ဂျီအက်စ် အမ်ဖုန်းလိုင်း တစ်ခုတည်းသာ ခေါ်ဆို၍မရဘဲ ချွတ်ယွင်းမှုဖြစ် ပေါ်နေပြီး အခြားသောစီဒီအမ် အေနက်ဝေါ့ခ်လိုင်းများမှာမူ အ သုံးပြုရ အဆင်ပြေနေကြောင်း သိရသည်။

ဂျီအက်စ်အမ်ဖုန်းကိုင် ဆောင်သူတစ်ဦးက ''ဩဂုတ်၂ရ ရက် နံနက်ကစပြီး ၄၂၊ ၅ဝနဲ့စတဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ခေါ်လို့ မရတော့တာပါပဲ။ လိုင်းဖုန်းနဲ့လဲ ခေါ်လို့မရဘူး။ ခေါ်လိုက်ရင် လိုင်း မအားသလိုဖြစ်နေတာ။ နေ့ခင်း ပိုင်းလောက်မှ ပြန်ကောင်း သွား တယ်။ ဒီနေ့လဲ ဖုန်းခေါ်ရတာ အ ဆင်မပြေသေးဘူး။ ဆက်သွယ်ရေး က အရေးကြီးတဲ့အခြေအနေဖြစ် နေတော့ စက်ချွတ်ယွင်းတယ်ဆို လဲ အမြန်ဆုံးပြင်ပေးတာကောင်း ပါတယ်''ဟုပြောသည်။

ဖူးပွင့်သော်

Yangon Media Group

မောင်တောနယ်စပ်တွင်ညမထွက်ရအမိန့်တင်းကျပ်

မောင် တောနယ်စပ်ဒေသအတွင်း အ ကြမ်းဖက်တိုက်ခိုက်မှု ဖောက်ခွဲ မှုသတင်းများ ထွက်ပေါ်နေသည့် အတွက် ထုတ်ပြန်ထားသည့် ည မထွက်ရအမိန့်ကို တင်းကျပ်စွာ ဆောင်ရွက်နေကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

''အရင်တုန်းက ည၁ဝနာရီ ကျော်သွားရင်လဲ သွားလာလို့ရ သေးတယ်။ အခုရက်ပိုင်းအတွင်း မှာ ည၁ဝနာရီကျော်တာနဲ့ တွေ့ တဲ့လူကို ဖမ်းလာတာ တွေ့ရပါ တယ်။ အဲဒီလို ည၁ဝနာရီထက် ကျော်လွန်ပြီး သွားလာနေတဲ့အ တွက် တိုင်းရင်းသားလူငယ်ငါးဦး ထက်မနည်း ဖမ်းဆီးခံရတာတွေ့ ရပါတယ်''ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

ညမထွက်ရအမိန့်ကို တင်း ကျပ်လိုက်သည့်အတွက် မောင် တောမြို့တွင် ညအချိန် ယခင်က ထက် ငြိမ်သက်နေကြောင်း သိ ရသည်။

''ညမထွက်ရတဲ့အချိန် ၁၀ နာရီသတ်မှတ်ထားရင် တိုင်းရင်း သားတွေရော၊ ဘင်္ဂါလီတွေရော လိုက်နာဖို့လိုပါတယ်။ လိုက်နာမှု အားနည်းရင် အဖမ်းခံရမှာပါပဲ။ အရေးကြီးတဲ့အချိန်ဖြစ်ဖြစ် အ ရေးမကြီးတဲ့အချိန်ဖြစ်ဖြစ် ထုတ် ပြန်ထားတဲ့ စည်းကမ်းဥပဒေကို လိုက်နာတာက အကောင်းဆုံး ပါပဲ''ဟု ဌာနဆိုင်ရာအရာရှိတစ်ဦး က ပြောသည်။

မောင်တောနယ်စပ်ဒေသ တွင် ပုဒ်မ၁၄၄ကို ဆက်လက်ထုတ် ပြန်ထားဆဲဖြစ်ပြီး ညမထွက်ရအ ချိန်ကို ည၁ဝနာရီမှ နံနက်၎နာရီ အထိသတ်မှတ်ထားရာ လိုက်နာ မှုအားနည်းနေခြင်း၊ လုံခြုံရေး အခြေအနေများအရ တင်းကျပ် ရခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်(၂၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်မှ စတင်လုပ်ဆောင်မည့် ထိုအထူးစီမံချက်ကို မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာ ကောင်စီအဖွဲ့များ ပါဝင်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ဦးဆောင်မည်ဟု သိရသည်။

"သူတို့ မှတ်ပုံတင်ရမယ့် ကာလကို တစ်နှစ်ကျော် အချိန်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အရေးယူ ဆောင်ရွက်ရမယ့် ကာလကို ရောက်လာပါပြီ။ ကျွန်တော်တို့ စီမံချက်ရဲ့အဓိကပစ်မှတ်က ဂျိုဟိုးစက်မှုဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ပြန်ပို့ဖို့ပဲ ဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ်အာလစ်အာမက်က မလေးရှားနိုင်ငံ The Star သတင်းစာသို့ ပြောကြားသည်။         မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူ အများဆုံးရှိနေသည့် ကွာလာလမ်ပူ၊ ဆလန်ဂေါ၊ ပီနန်နှင့် ဂျိုဟိုးမြို့များတွင် အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် စစ်ဆေးဖမ်းဆီးမှုများကို အဓိကလုပ်ဆောင် သွားမည်ဖြစ်ပြီး စစ်ဆေးဖမ်းဆီးပြီး ပြန်ပို့ခံရမည့် သူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် နီပေါနိုင်ငံသားများလည်း ပါဝင်နိုင်ကြောင်း သိရသည်။

ဖမ်းမိသူများကိုလည်း လူ ၁၀၀၀ ခန့်စီသာ ထိန်းသိမ်းထားနိုင်သည့် လူဝင်မှုကြီးကြပ်ရေးဌာန အကျဉ်းထောင် ၁၂ ခုတွင်ထားရန် နေရာမလုံလောက်သောကြောင့် ၎င်းတို့၏နေရပ်သို့ ချက်ချင်းပြန်ပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

တရားမ၀င် အလုပ်သမားများအား ငှားရမ်းထားသည့် အလုပ်ရှင်များကိုလည်း ၂၀၁၀ ပြည့်နှစ်တွင် ဖြည့်စွက်ချက်များ ထပ်မံထည့်သွင်းခဲ့သော ၂၀၀၇ ခုနှစ် လူကုန်ကူး မှုတိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ ခိုးသွင်းမှုဆိုင်ရာ အက်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းမိသူများအား နေရပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်ရေးအတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အာလစ်က ပြောကြားသည်။

စက်တင်ဘာ ၁ ရက်မှာ သူတို့ အစီအစဉ် စမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုချိန်ကတည်းက စပြီးဖမ်းနေပါပြီ။ သူတို့အနေနဲ့ တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာပြီး ဖမ်းဖို့က လွယ်မှာမဟုတ်ပါဘူး။ သံသယရှိတဲ့ နေရာတွေ၊ သတင်းပေးခံထားရတဲ့ နေရာတွေကိုပဲ ပိတ်ဆို့ပြီး ဖမ်းဆီးမယ့်ပုံစံ ရှိပါတယ် . . . . .

ယခု စီမံချက်ဖြင့် ဖမ်းမိသူများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးခြင်း၊ မိမိတို့ကိုယ်တိုင် နေရပ်သို့ ပြန်ခွင့်ပေးခြင်းတို့ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည့် သုံးလကြာ ဆောင်ရွက်ခဲ့သော အလုပ်သမားများ မှတ်ပုံတင်ရေး အစီအစဉ်တွင် နေထိုင်ခွင့် အထောက်အထား မရှိသော နိုင်ငံခြား အလုပ်သမား နှစ်သန်းအနက် ၁ ဒသမ ၃ သန်း လာရောက် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က မှတ်ပုံတင်ခဲ့ သူများအနက် လျှောက်ထားသူ ၅၀၀၀၀၀ ခန့်ကို လက်ခံခဲ့ပြီး ၃၃၀၀၀၀ ကို ၎င်းတို့၏ နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

"သူတို့က တရားဝင် ထုတ်ဖော်ကြေညာပြီး ပြောထားတဲ့အတွက် ဒီမှာရှိနေတဲ့ လူတွေလည်း သိနေပါပြီ။ စက်တင်ဘာ ၁ ရက်မှာ သူတို့ အစီအစဉ် စမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုချိန်ကတည်းက စပြီးဖမ်းနေပါပြီ။ သူတို့အနေနဲ့ တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာပြီး ဖမ်းဖို့က လွယ်မှာမဟုတ်ပါဘူး။ သံသယရှိတဲ့ နေရာတွေ၊ သတင်းပေးခံထားရတဲ့ နေရာတွေကိုပဲ ပိတ်ဆို့ပြီး ဖမ်းဆီးမယ့်ပုံစံ ရှိပါတယ်" ဟု မလေးရှားနိုင်ငံမှ တရားမ၀င် မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရန် ကူညီဆောင်ရွက် ပေးနေသူ ဦးသီဟမောင်မောင်က The Daily Eleven သို့ ပြောကြားသည်။

ထို့အပြင် အဆိုပါ စီမံချက် သတင်းကြောင့် လုံခြုံရေးကို ပိုမိုဂရုစိုက်မှုအား တရားမ၀င် မြန်မာအလုပ်သမားအချို့ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

"တချို့ဆိုရင် စက်ရုံမှာ မအိပ်တော့ဘဲ လူနေအိမ်တွေကို ပြန်အိပ်တာမျိုး၊ အပြင်မထွက်တော့ဘဲ လူနေအိမ်တွေ ထဲမှာပဲ နေထိုင်တာမျိုးတွေကို ဂရုတစိုက် နေထိုင်နေကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံပြန်ဖို့ C of I (မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား) ရထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထောက်ခံချက် မရသေးတဲ့ လူတွေက လုံခြုံတဲ့ အခြေအနေ မရှိသေးဘူး။ သူတို့လည်း အဖမ်းမခံရအောင် ၀ီရိယထားပြီး နေနေရတယ်" ဟု ဦးဟီဟမောင်မောင်က ဆက်လက်ပြောကြားသည်။

တရားမ၀င် အလုပ်သမားများကို သုံးလဆက်တိုက် ဖမ်းဆီးမည့် အထူးစီမံချက်နှင့် ပတ်သက်ပြီး ပြင်ဆင်ထားမှု အခြေအနေကို သိရှိနိုင်ရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ခန့်ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။

ယခုနှစ် မေနောက်ဆုံးပတ်နှင့် ဇွန်လဆန်းပိုင်းတွင်း မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများ ရှိခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ခံခဲ့ရမှု ဖြစ်ပေါ်ခဲ့သည်။ မလေးရှားနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော မြန်မာအလုပ်သမားများအား အကြမ်းဖက်မှုများ၌ ကျူးလွန်ခဲ့သူများကို မလေးရှား ရဲတပ်ဖွဲ့မှ ယနေ့အချိန်အထိ စုံစမ်းဖော်ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်

ဝန်ကြီးဌာနများ၌ လူမှုဆက်ဆံရေး ကဏ္ဍတွင် ၀န်ထမ်းပိုမိုခန့်ထားပြီး သတင်းထုတ်ပြန်ရန် အကြံပြု

ဝန်ကြီးဌာနများ၌ လူမှုဆက်ဆံရေး ကဏ္ဍတွင် ၀န်ထမ်းများ ပိုမိုခန့်ထားပြီး သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် မြန်မာအစိုးရကို အမေရိကန်နိုင်ငံမှ အစိုးရ-မီဒီယာ ဆက်ဆံရေးပညာရှင် မာဂရိ(တ်)ဟော(က်)ဇီဆာလီဗန်က တိုက်တွန်းခဲ့သည်။

သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Yangon Journalism School တွင် ပြုလုပ်ခဲ့သည့် "အစိုးရ အရာရှိများနှင့် အောင်မြင်သည့်ဆက်ဆံရေး တည်ဆောက်ခြင်း" ဆွေးနွေးပွဲတွင် အစိုးရ-မီဒီယာ ဆက်ဆံရေး ပညာရှင် မာဂရိ(တ်)ဟော(က်)ဇီဆာလီဗန်နှင့် သတင်းထောက်များ တွေ့ဆုံစဉ် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"၀န်ကြီးဌာနရဲ့ အကြီးတန်း အရာရှိတွေက သတင်းမီဒီယာတွေကို သတင်းအချက်အလက်တွေ ပိုပေးဖို့နဲ့ ဒီလိုပြုပြင်ပြောင်းလဲရေး ကာလမှာ သတင်းအချက်အလက်တွေ ပိုပေးဖို့ဆိုတာတွေကို အကြံပေးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

မာဂရိ(တ်)ဟော(က်)ဇီဆာလီဗန်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်၌ ၀န်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့် ရှိသူများနှင့် တွေ့ဆုံပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ဆက်သွယ်ရေးကွန်ရက် ရတစ်ချက် မရတစ်ချက်

ရေအောက်ဖိုင်ဘာဆက်ကြောင်း Sea-Me-We 3 ပြတ်တောက်ပြီးေ နာက် အင်တာနက်မြန်နှုန်းကျဆင်းခြင်းနှင့် ဖုန်းဆက်သွယ်မှုလိုင်း များ ပြတ်တောက် ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

''ဖိုင်ဘာလိုင်းပြတ်တာကို ပြင် လား မပြင်လားတော့မသိဘူး။ ခုအချိန် အထိ အင်တာနက်သုံးရတာ ဘယ်လိုမှ အဆင်မပြေဘူး။ မှတ်မိ သလောက်ပြော ရရင် ဖိုင်ဘာပြတ်တဲ့အချိန်ကတည်းက အခုအချိန် အထိ ဖြစ်နေတုန်းပါပဲ'' ဟု ကျောက်တံတားမြို့နယ်မှ အင်တာနက် သုံးစွဲသူ ကိုဝေလင်းက ပြောသည်။

ယင်းသို့ အင်တာနက်ကွန်နက်ရှင် ကျဆင်းမှုတွင် အင်တာနက် သီးသန့် ဝန် ဆောင်မှုပေးသည့် ADSL, Wimax, FTTX စသည့်စနစ် များအပြင် မိုဘိုင်း အင်တာနက်များပါမြန်နှုန်းကျဆင်းလျက် ရှိသည်။

''တစ်ပတ်လောက်ရှိပြီ။ အင်တာ နက်သုံးရတာ အဆင်ကိုမပြေဘူး။ အခု ရက်ပိုင်းဆို Network တောင်မပေါ် ဘူး။ ဖုန်းဆက်ရင်လည်း လိုင်းမမိတာ တွေ၊ အသံမကြားရတာတွေ ခဏခဏ ဖြစ်နေပါတယ်'' ဟု လသာမြို့နယ်မှ မို ဘိုင်းဖုန်းကိုင်ဆောင်သူ မအိမွန်က ပြောသည်။

ယင်းအခြေအနေများကြောင့် အင်တာ နက်ဖြင့် စီးပွားရေးလုပ်ကိုင်သူ များ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး အင်တာ နက်ဆိုင်များမှာ ယခင်ထက်ဝင်ငွေ ကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

''ဆိုင်ကို အရင်ထက်လူပိုဝင်လို့ဆို ပြီး ဝမ်းသာမယ်လို့ကြံကာရှိသေး တယ်။ ကွန်နက်ရှင်မကောင်းလို့ဆိုပြီး စိတ်ညစ် ပြီး ပြန်တဲ့လူက ပိုများတယ်။ ဝင်ငွေမပို တဲ့အပြင် ဆိုင်အမည်လည်းကျ၊ ဝင်ငွေ လည်း ကျခဲ့ရပါတယ်'' ဟု ပုဇွန်တောင် အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အရာရှိတစ်ဦး က ဖိုင်ဘာပြတ်တောက်မှုကို ပြင်ဆင်ပြီး စီးသွားသည့် အပြင် မြန်နှုန်းကောင်းရေး အတွက် ဆက်ကြောင်းသစ်များ ထပ်မံ ချိတ်ဆက်ပေးထားကြောင်း၊ယင်းကြောင့် အင်တာနက်မြန်နှုန်းမှာ
ကောင်းမွန်နေ ကြောင်း၊ ဖုန်းလိုင်းကျပ်မှုများကိုလည်း Network များချဲ့ထွင် ပေးနေကြောင်း ပြောသည်။

ယင်းသို့ အင်တာနက်မြန်နှုန်းနှင့် ဖုန်းလိုင်းများ လုပ်ဆောင်မှုများ ရှိသော် လည်း အင်တာနက်မြန်နှုန်းကျဆင်းခြင်း နှင့် ဖုန်းလိုင်းကျပ်ခြင်း သည် ယခုလ ၂၇ ရက်နေ့တွင် ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပင်လယ်ရေအောက်ဖိုင်ဘာ ဆက်ကြောင်း Sea-Me-We 3 ချို့ယွင်းမှုကို ဇူလိုင် ၂၇ ရက်နေ့တွင် MPT ဝက်ဘ် ဆိုက်မှ ထုတ်ပြန်ကြေညာခဲ့ပြီး ၂ ရက် အကြာ တွင် ပြန်လည်ပြင် ဆင်ပြီးစီးကြောင်း ကြေညာခဲ့သည်။

Popular Myanmar News Journal

မိုင်းလားတွင် မြေပြို၊ ကားလမ်းပျက်စီး

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား – ကျိုင်းတုံသွား ကားလမ်းပေါ်က ၀မ့်ရှို့ရွာအနီးမှာ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက  မြေပြိုမှုဖြစ်ပွားပြီး မောင်းနှင်လာတဲ့ကားတစီး ကျွံကျသွားခဲ့ပါတယ်။

အဲဒီလမ်းဟာ ၂ ပိုင်းကျိုးပြတ်ပြီး အနီးနား နမ့်မ ချောင်းထဲက ရေတွေ ၀င်လာတဲ့အတွက် ယာဉ်အသွား အလာတွေ ပြတ်တောက်သွားခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူက တခြားမြေ လမ်းတခု ပြန်ဖွင့်ပေးတဲ့အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်ကစပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း၊ ကျွံကျသွားတဲ့ယာဉ်ကိုလည်း မနေ့က ဆွဲတင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ တဦးတယောက်မှ မရှိဘူးလို့ မိုင်းလားဒေသခံက ပြောပါတယ်။

by ဒီဗွီဘီ

 (ဓာတ်ပုံ -  မိုင်းလားဒေသခံ)

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလျှော့မည်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို ရိက္ခာတချို့ လျှော့မယ်လို့ ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) က အတည်ပြုပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်း ၃ သောင်းလောက်  ခိုလှုံနေတာဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ဆန်ကို လျှော့ပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီလျော့နည်းတဲ့အတွက်  ဒီဇင်ဘာလကစလို့ ဆန်ရိက္ခာ စလျှော့ချမယ်လို့  ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။

"လက်ရှိမှာတော့ ဒုက္ခသည်တွေက ဆန် ၁၂ ကီလိုရပါတယ်။ တချို့တွေက ဆက်ပြီးတော့ ၁၂ ကီလိုရမှာ ဖြစ်ပေမယ့် တချို့က ၁၀ ကီလိုရပါလိမ့်မယ်။ ဘယ်သူက အစားအသောက် အလိုအပ်ဆုံးလဲဆိုတာကို အသိုင်းအ၀န်းက ဆုံးဖြတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်တိုင်းကို အခုလို ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။ တချို့က ဆန် ၈ ကီလိုရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သိပ်မလိုအပ်သလို  မိသားစုအတွက် လိုအပ်တဲ့ အစားအသောက်ကို ကိုယ်တိုင် ရှာဖွေနိုင်လို့  ဖြစ်ပါတယ်။ သူတို့က မှီခိုစရာမလိုသလို အစားအသောက်ရရှိဖို့ တခြားနည်းလမ်းတွေကို အသုံးပြုနိုင်လို့ပါ။"

အရွယ်ရောက်ပြီးသူတွေကိုပဲ ရိက္ခလျှော့မှာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ကလေးတွေရဲ့ ရိက္ခာကိုတော့ အရင်ဝေနေကျ နှုန်းထားအတိုင်း ပေးမှာလို့ ဆိုပါတယ်။

ဒီလို ရိက္ခာလျှော့တဲ့နေရာမှာ ဒုက္ခသည်စခန်းမှာ အမြဲနေထိုင်သူ၊ စခန်းမှာ မိမိကိုယ်မိမိ ရပ်တည်နိုင်တဲ့၊ လိုအပ်တဲ့သူတွေနဲ့၊ အလိုအပ်ဆုံးသူတွေဆိုပြီး  အဆင့်တွေ သတ်မှတ်ထားပါတယ်။

ဒီလိုအဆင့်တွေ သိနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး စာရင်းကောက်နေတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆရာ အောနက်က ပြောပါတယ်။
အဆင့်သတ်မှတ်ရာမှာ ခက်ခဲသလို ရိက္ခလျှော့လိုက်တဲ့အတွက်လည်း ဒုက္ခသည်တွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။

"အဲဒါ ကျနော်တို့ အတွက်ကတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေကတော့ အပြင်မှာ ထွက်လုပ်နေတဲ့ လူတွေ ရှိရင်ရှိသလို စခန်းထဲမှာလည်း အလုပ်တွေရှိပြီးသား လူတွေ သူတို့လစာတော့ နည်းနည်းပါးပါးပဲ ရတယ်လေ။ ဒါပေမယ့် အစားအစားတွေအတွက်တော့ သူတို့ အခက်အခဲတွေ ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်ထားတယ်။"

ရိက္ခာလျှော့ချမယ်သတင်းကြောင့်လည်း ဒုက္ခသည်တွေစိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ Sally Thompsonက အစားအစာလုံလောက်အောင် ရည်ရွယ်လုပ်ဆောင်တာပါလို့ ဖြေကြားပါတယ်။

"ဒီအပြောင်းအလဲကို အားလုံး သေသေချာချာနားလည်အောင် သတင်းနဲ့ ဆက်သွယ်ရေးလှုပ်ရှားမှုကို စခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှာပါ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က တကယ်ကိုလိုအပ်ပြီး ထိခိုက်လွယ်မယ့်သူတွေအတွက် အစားစာ လုံလောက်အောင် ရရှိစေဖို့ဖြစ်ပါတယ်။ အလိုအပ်ဆုံးလူတွေကိုတော့ အစားအစာတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။"

အရင်က  ဒုက္ခသည်တဦးကို တလမှာ ဆန် ၁၅ ကီလိုပေးခဲ့ပေမယ့် ၂၀၁၃ ခု နှစ်ဆန်းပိုင်းကစပြီး  လူကြီးတဦး ဆန် ၁၂ ကီလိုနဲ့  ၅ နှစ်အောက် ကလေးတယောက်ကို ဆန် ၆ ကီလိုသာ ပေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်နဲ့ နိုင်ငံရေး ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်ကြပါတယ်။

တီဘီဘီစီအဖွဲ့ဟာ နိုင်ငံ (၉) နိုင်ငံက နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး အစားအစာ၊ အမိုးအကာ နဲ့ တခြားပစ္စည်းအမယ်တွေကို မြန်မာပြည်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းပုန်းအောင်နေထိုင်သူတွေကို ဆယ်စုနှစ်နဲ့ချီ ထောက်ပံ့လာခဲ့တာ ဖြစ်ပါတယ်။ 

 by နော်နိုရင်း  ဒီဗွီဘီ

မြိတ်မှ အိန်္ဒိယသို့ ပြေးဆွဲမည့် နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်း ဆီးဂိမ်းအမီ စတင်မည်

တနင်္သာရီတိုင်း မြိတ်မြို့မှ အိန်္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့သို့  နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်း ပြေးဆွဲမည်
ဖြစ်ပြီး ယင်းကားလိုင်းကို ဆီးဂိမ်းအမီပြေးဆွဲမည်ဖြစ်သည်ဟု ကားလိုင်းပြေးဆွဲမည့် Yangon Air Bus အသင်းဥက္ကဋ္ဌ ဦးသာနိုင်က သြဂုတ် ၂၈ ရက်က မဇ္ဈိမကို ပြောသည်။

အဆိုပါ နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်းမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် စတင်ပြေးဆွဲရန် စီစဉ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ဦးသာနိုင်က "မြန်မာ-အိန်္ဒိယ ချစ်ကြည်ရေးအသင်းနဲ့လည်း သြဂုတ် ၂၇ ရက်က အသင်းရုံးခန်းမှာ သွားရောက်
ဆွေးနွေး ခဲ့ပါတယ်။ ဒီအတိုင်း ဘတ်စ်ကားလိုင်း သပ်သပ်ကြီးထက် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးလမ်းကြောင်း သဘောမျိုး သက်ရောက်ချင်လို့ပါ"ဟု ပြောသည်။

အဆိုပါ ဘတ်စ်ကားလိုင်းသည် ၃၆ ယောက်ဆံ့ မီနီဘတ်စ်ကား လေးစင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး တစ်ပတ်လျှင်
လေးရက် ပြေးဆွဲမည်ဖြစ်ကာ နှစ်ညအိပ် သုံးရက်ခရီး ကြာမြင့်မည်ဖြစ်သည်။ ကားခမှာ ခရီးစဉ်တစ်ကြောင်းအတွက် ကျပ်ခြောက်သောင်းဖြစ်သည်။

ကားလိုင်းပြေးဆွဲမှုနှင့် ပတ်သက်ပြီး မြန်မာ-အိန်္ဒိယ ချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဦးရဲထက်က "ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက အိန်္ဒိယသံရုံးနဲ့ ဆက်သွယ် ဆောင်ရွက်ပေးရမယ့်ကိစ္စတွေနဲ့ အချို့ကိစ္စတွေမှာ ပါဝင်ကူညီ
ဆောင်ရွက်ပေးဖို့ပါ။ နှစ်နိုင်ငံ ချစ်ကြည်ရေးသဘောမျိုးပါ။ စီးပွားရေးဆိုင်ရာ ပတ်သက်မှုမျိုးတော့ မပာုတ်ပါဘူး"ဟု မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

အဆိုပါဘတ်စ်ကားလိုင်းအား တိုးချဲ့ပြေးဆွဲရသည့် ရည်ရွယ်ချက်မှာ အိန်္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ကုန်းလမ်း
ရေလမ်း ဆက်စပ်လျက်ရှိနေပြီး ယဉ်ကျေးမှုလည်း ဆက်နွယ်နေရာ နှစ်နိုင်ငံခရီးသွားများအနေဖြင့် စရိတ်သက်သာ စွာဖြင့် သွားလာ လည်ပတ်နိုင်စေရန်ဖြစ်သည်ဟုလည်း ဦးသာနိုင်က ဆိုသည်။

နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ဗီဇာကိစ္စရပ်များနှင့် ပတ်သတ်၍လည်း ယခင်ထက် ပိုမိုလွယ်ကူလာပြီဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ အဆိုပါခရီးစဉ်မှာ မိုင် ၅၀၀ ခန့် ရှည်လျားမည်ဖြစ်သည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဖြတ်ကျော်၍ အိနိ္ဒယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့မှ တမူး- ကလေး- မုံရွာ- မန္တလေး- နေပြည်တော်- ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-မောင်တော-ပရာချက်-ထိုင်း-ဗန်ကောက်မြို့အထိ သွားနိုင်မည့် အာရှလမ်းမကြီးတစ်ခုကို ၂၀၁၈ ခုနှစ်တွင် ပေါ်ထွက်လာရန်လည်း ဆောင်ရွက်
နေသည်။

သံတွဲမှာ လုံခြုံရေးတိုးချထား

ရခိုင်ပြည်နယ်က သံတွဲမှာ မနေ့က ဘာသာရေး တင်းမာမှု ဖြစ်ခဲ့လို့ အစိုးရက လုံခြုံရေးယူပြီး အချိန်မီ ထိန်းလိုက်နိုင်ခဲ့ပါတယ်။ လောလော ဆယ်မှာ ထပ်ဖြစ်မယ့် လက္ခဏာတွေ မတွေ့ရ ပေမယ့် သံတွဲမှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပြဿနာဟာ ဘုန်းကြီးကျောင်းဝင်းထဲကို အစ္စလာမ်ဘာသာဝင် မြင့်ထွန်းရဲ့ ဆိတ်တွေ ဝင်ရောက်ရာကနေ ဘုန်းကြီးကို မချေမငံ ဆက်ဆံတယ် ဆိုပြီး စဖြစ် ခဲ့ပါတယ်။ စွပ်စွဲခံရသူကို ဒီနေ့ တရားရုံးမှာ ရုံးထုတ်ပြီး စစ်ဆေးခဲ့တယ်လို့ သံတွဲခရိုင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ကလည်း ရန်ကုန် တောင်ဥက္ကလာနဲ့ ဧရာဝတီတိုင်း ပန်းတနော်တို့မှာ တင်းမာမှုတွေရှိ ခဲ့သလို အစ္စလာမ်နဲ့ ဗုဒ္ဒဘာသာဝင်တွေ အတူနေကြတဲ့ မြန်မာနိုင်ငံက နေရာဒေသတွေမှာ တစ်ဖက်နဲ့တစ်ဖက် မယုံသင်္ကာမှုတွေ မြင့်လာနေပါတယ်။ မနေ့ကတော့ သံတွဲမှာ ဘုန်းတော်ကြီးကို ဆဲဆိုပြီး ကိုယ်ထိ လက်ရောက် ကျူးလွန်တယ်လို့ သတင်းများ ထွက်လာပြီး ဒေသခံ ၆၀ ခန့်က အဲဒီနေရာကို ရောက်လာတဲ့အတွက် ရဲတပ်ဖွဲ့နှင့် ဒေသခံ အခိျု့က ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရပါတယ်။

ဒေသတခိျု့မှာတော့ ဖြစ်ပွားနေတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေကို မပြန့်ပွားအောင် အစိုးရက ထိန်းသိမ်းနိုင်တယ် ဆိုပေမယ့် တစ်နိုင်ငံလုံးမှာ အစိုးရက ထိန်းထားနိုင်ပြီလို့ ပြောလို့မရသေးပါဘူး။ ဒီလို ပြဿနာတွေ ဖြစ်နိုင်တဲ့ အခြေနေတွေ ဖြစ်အောင်လုပ်နေတဲ့သူတွေ ရှိတယ်လို့လည်း အစိုးရဘက်က ထုတ်ပြောထားပေမယ့် တခိျု့ကတော့ အစိုးရကိုယ်တိုင် သိလျက်နဲ့လွှတ်ထားတာလို့ စွပ်စွဲ ပြောဆိုတာတွေ ရှိပါတယ်။

စာရေးဆရာ စည်သူအောင်မြင့်ကတော့ အမုန်းတရားတွေ ပွားများအောင် ဟောပြောလှုံ့ဆော်မှုတွေကြောင့် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ရပြီး တရာဝန်ရှိသူတွေဘက်က အရေးယူမှုပိုင်းမှာ နှေးကွေးတာ အားနည်းတာတွေ တွေ့ရကြောင်း သုံးသပ်ပါတယ်။

ဒါ့အပြင် တိုင်းပြည်မှာ အပြောင်းအလဲတွေ လုပ်နေချိန်မှာ သြဇာအာဏာ တည်မြဲလိုသူ တခိျု့က အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ စည်သူအောင်မြင့်က သုံးသပ်သွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားမှာ တရားမ၀င် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရဖွယ်ရှိ

မလေးရှား အစိုးရက နိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို လာမယ့် စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီး စီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်တဲ့အတွက် သက်သေခံ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁သိန်းခန့် အဖမ်းဆီးခံရမယ့် အနေအထားရှိတယ်လို့ သိရပါတယ်။

ဒီစီမံချက်မှာ မလေးရှား အာဏာပိုင် အဖွဲ့အစည်းတွေနဲ့အတူ ဒုက္ခသည် ကဒ်အတုတွေကို ခွဲခြားစစ်ဆေးနိုင်ဖို့ UNHCR အရာရှိတချို့လည်း ပူးပေါင်း ပါဝင်မယ်လို့ သိရကြောင်း ချင်းဒုက္ခသည်များကို အကူအညီပေးနေတဲ့ ဆလိုင်းကျော်ကျော်က အခုလိုပြောပါတယ်။

"သူတို့ ၁၊ ၉၊ ၂၀၁၃မှာ စတင်ပြီးတော့ ဖမ်းဆီးတော့မယ် ဆိုတဲ့အကြောင်း၊အဲဒီမှာ ဘယ်လိုဖမ်းမှာလဲဆိုတော့ enforcement operationလို့ အမည်တပ်ထားတဲ့ အဲဒီ အော်ပရာစီပေါ့ဗျာ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ရဲရယ်၊ လဝကရယ်၊ ရေလား (မီးသတ်) ရယ် ပြည်သူ့စစ်ရယ်၊ စစ်တပ်နဲ့ ပူးပေါင်းပြီ6းP အစီအစဉ်နဲ့ တာဝန်ခံ အေးဂျင့်များရယ် နောက်ပြီးတော့ UN ကဒ်တရားဝင် ရရှိ ထားသူများ အတွက်ပါ UN မှ တာဝန်ရှိသူများအားလုံး စုပေါင်းပါဝင်ပြီး
သူတို့ လိုက်လံ စစ်ဆေးပြီးတော့ ဖမ်းဆီး သွားမယ်လို့ သိရပါတယ်ခင်ဗျ၊ သူတို့ပြောပုံအရ 6P လုပ်ခဲ့တဲ့ အရာကို သက်တမ်း ကုန်သွားပြီပေါ့ဗျာ၊
နောက်ပြီးတော့ ဒီမှာ UN ကဒ်တွေကလည်း အတုတွေလည်း များနေတော့လေ၊အဲဒါကြောင့် UN အရာရှိတွေပါ ပါဝင်ပြီးတော့ သူတို့စစ်ဆေးပြီးတော့ဖမ်းဆီး သွားမယ်လို့ ပြောသွားပါတယ်ခင်ဗျ"

6P အစီအစဉ်အရ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အထောက်အထား ပြုလုပ်ခွင့်ပေးပြီး မလေးရှားနိုင်ငံ အတွင်း နေထိုင် လုပ်ကိုင်ခွင့်ပြုခဲ့မှု လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့် အဆင့် ၆ အရ အခုလို ရှာဖွေဖမ်းဆီး ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မလေးရှား နိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၂သိန်းခန့်ရှိပြီး၊ အဲဒီထဲမှာ အထောက်အထား မရှိသူ တစ်သိန်းလောက် ရှိတယ်လို့ မြန်မာဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

RFA Burmese

မုဒုံ၌ လူငယ်မူးယစ်ဂိုဏ်းအဖွဲ့များ ပေါ်ပေါက်နေ

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျောင်းသားလူငယ်များအကြား ဂိုဏ်းဂဏပုံသဏန်အသင်းအဖွဲ့များ ပေါ်ပေါက်လျက်ရှိပြီး လူငယ်ကျောင်းသားများအကြား၌ မူးယစ်စိတ်ကြွဆေးများ သုံးစွဲနေသည်ဆိုသော သတင်းများကြောင့် ကျောင်းသားမိဘများနှင့် မြို့ခံ ရပ်မိရပ်ဖများမှာ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မုဒုံမြို့သည် မွန်ပြည်နယ်အတွင်း ပညာရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်သောကြောင့် ရပ်နီးရပ်ဝေးမှ မိဘများကမိမိတို့ သားသမီးပညာရေး ထူးချွန်စေရန် မုဒုံမြို့တွင် ကျောင်းလာထားလေ့ရှိကြောင်း၊ ယခုအခါ ကျောင်းသားလူငယ်များကို ပစ်မှတ်ထားသည့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများမှာ  မုဒုံမြို့၌ များပြားလာခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

 ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှုများရှိနေသည့် သတင်းများ ထွက်ပေါ်လျက်ရှိကာ မိဘများအနေဖြင့် မိမိတို့သားသမီးများအတွက် လွန်စွာစိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" မြို့ထဲမှာဒီလို အသံတွေထွက်နေတယ်၊ တချို့ဆို ကျောင်းတွေမှာတောင် အရောင်းအ၀ယ် ဖြစ်နေကြတယ်လို့ သတင်းတွေ ထွက်လာတယ်၊ ကျွန်တော့်တူ တစ်ယောက်လည်း ဆယ်တန်းတော့ အောင်ပြီးပါပြီ၊ မူးယစ်ဆေးနဲ့ပတ်သက်ပြီး မူမမှန်တာတွေရှိနေလို့ ရန်ကုန်ကို ပို့လိုက်ရတယ်။ မုဒုံမြို့ထဲမှာ စိတ်ကြွဆေးကိစ္စတွေတော်တော်ကြားနေရတယ်။ ကျောင်းသားလူငယ်တွေအတွက် ရင်လေးစရာပဲ။" ဟု မုဒုံမြို့တွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးနီ က ပြောသည်။

မှုးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ကျောင်းသားလူငယ်များကို မူးယစ်ဆေးဖြန့်ဖြူးခြင်းကိစ္စရပ်များ၌ ခိုင်းစေမှုများ ပြုလုပ်နေကြောင်း၊ ကျောင်းသားလူငယ်များအကြား ဂိုဏ်းဆန်ဆန်အဖွဲ့များ ဖွဲ့စည်းထားခြင်းများရှိပြီး ထိုကိစ္စမှာလည်း စိုးရိမ်စရာ အခြေအနေတစ်ရပ်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် သေချာစွာဆောင်ရွက်သင့်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

 "ကျွန်တော်တို့ကျောင်းမှာ မူးယစ်ဆေးတော့ မမိပါဘူး။ ဒါပေမဲ့ သူတို့ အဖွဲ့လိုလိုဘာလိုလိုဖွဲ့ထားတဲ့ ဟာတွေတွေ့ရတယ်။ ကျွန်တော် ရှောင်တခင်ဝင်စစ်တော့ သူ့တို့ဆီက "K" တံဆိပ် အ၀ိုင်းပြားလေးတွေမိတယ်။ သူတို့အသင်းဖွဲ့ထားတာလို့ပြောတယ်။ ကျောင်းမှာက ပညာရေးပဲ ရှိတယ်၊ အားကစားနဲ့ ပတ်သက်တဲ့ အသင်းတို့ ဘာတို့ပဲ ဖွဲ့ခွင့်ရှိတယ်။ ဒါမျိုးလုပ်လို့မရပါဘူး။ မူးယစ်ကိစ္စတွေလည်း စစ်ဆေးသွားမယ်။" ဟု မုဒုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာအေးက ပြောသည်။

မုဒုံမြို့တွင် ကျောင်းသားများအကြား "K" (King Of School) ဆိုသည့်အဖွဲ့၊ Vampire ဆိုသည့် အဖွဲ့များ ဖွဲ့စည်းထားရှိခြင်းများ ရှိနေကြောင်း အထက်တန်းကျောင်းသူတစ်ဦးထံမှ သိရသည်။

"ဟိုဘက်ကျောင်းမှာတော့အဖွဲ့တွေ မိတယ်လို့ပြောပါတယ်။ မူးယစ်ဆေးတော့ အသံနည်းနည်းကြားမိတယ်။ သေတော့မသေချာပါဘူး၊ Vampire ဆိုတဲ့ အဖွဲ့ဆိုတာလည်းရှိနေပါတယ်"ဟု မုဒုံမြို့မှ အထက်တန်း ကျောင်းသူတစ်ဦးက ပြောသည်။

လူငယ်ထုကြား အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းထွက်ပေါ်လာသောကြောင့် မိဘများအနေနှင့် မိမိတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် အသိမိတ်ဆွေများအားမှာကြားခြင်းများပင် ပြုလုပ်နေရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မုဒုံမြို့နယ်တွင် မကြာခင်ကာလအတွင်း မှုးယစ်ဆေးနှင့် ပတ်သက်သည့် အမှု ခုနှစ်မှုခန့်ဖမ်းမိထားသော်လည်း ကျောင်းသား လူငယ်များ ပါဝင်ခြင်းမရှိသလို ယခုကဲ့သို့ ကျောင်းသားများမှုးယစ်ဆေးသုံးစွဲနေသည်ကို သတင်းမကြားရသေးကြောင်းကိုလည်း  မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်

တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူများ၏ပုံတူများ ရဲကရရှိထားပြီ

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးကို ဓားဖြင့်လှီးခြစ်ပြီး ထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် အမြန်စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းလွင်က သြဂုတ် ၂၇ ရက်ကမဇ္ဈိမကိုပြောသည်။

"ပြစ်မှုကျူးလွန်သူတွေရဲ့ ပန်းချီပုံတူတွေ ရေးဆွဲရရှိထားပါပြီ။ မြို့နယ်ရဲစခန်းတွေကို ဖြန့်ဝေပြီး ရှာဖွေနေပါတယ်" ဟုလည်း ၎င်းကဆိုသည်။

ပြစ်မှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအနက် တစ်ဦးသည် နှာတံချွန်ပြီး အသားညိုကာ အရပ်မှာ ငါးပေငါးလက်မ ခန့် ရှိကြောင်း၊ ကျန်တစ်ဦးမှာ မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အရပ်ပုပြီး အရပ်ငါးပေ နှစ်လက်မခန့် ရှိသည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရန်ကုန်တိုင်းရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုအခင်းသည် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ပါးကို ဆွဲခြစ်ခံရသည့် အမျိုးသမီးသည် တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ အဿက ၂၂ လမ်းတွင်နေထိုင်သည့် အသက် ၄၆ နှစ် အရွယ် ဒေါ်ချိုချိုဝင်းဖြစ်ကြောင်း တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသမီးသည် သားဖြစ်သူကျောင်းမှအပြန် ကြိုရန် ဆိုက်ကားဖြင့် နေအိမ်လမ်းထိပ်မှ ကျောင်းသို့အသွား အထက (၃)ကျောင်းလမ်းနှင့် အဿက(၂၅)လမ်းဆုံအရောက်တွင် ပါးအား ပြတ်ရှစေတက်သောအရာဖြင့် ဆွဲခြစ်ခြင်း ခံရသည်ဟု ကာကကံရှင်က ရဲကိုတိုင်ကြားချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ဆွဲခြစ်သွားသူများကို ထိုအမျိုးသမီးက မသိရှိဘဲ လူမြင်လျှင် မှတ်မိကြောင်း တစ်ဦးက ဆိုက်ကား အားတားပြီး ကျန်တစ်ဦးက သံပြားအ၀ိုင်းဖြင့် ယာပါးကို ဆွဲခြစ်၍ ထွက်ပြေးသွားသည်ဟုလည်း ကာယကံရှင်ဖြစ်သူ ဒေါ်ချိုချိုဝင်း က ရဲအားပြောပြထားပါသည်။

ဒေါ်ချိုချိုဝင်း၏ပါးတွင် သုံးလက်မခန့် ဒေါင်လိုက် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက် ကုသနေသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် ဘာသာခြားများဖြစ်သည်ဟုဆိုကာ ကောလာဟလ သတင်းများ ထွက်ပေါ်လာသဖြင့် ယင်းမြို့နယ်တွင် ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ငါးဆယ်ကျော်ဖြင့် ၂၄ နာရီ လုံခြုံရေးယူနေသည်ဟု မြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

"လုံခြုံရေးကို ခရိုင်နဲ့ မြို့နယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၄ နာရီ လုံခြုံရေးကို တရားခံ ဖမ်းဆီးရမိရေးနဲ့ နယ်မြေလုံခြုံရေး အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်" ဟုလည်း တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်အောင်ထွန်းလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အမှုအခင်းကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုအမှတ်(ပ) ၃၁၂/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆/၃၄၁/၁၁၄ တို့ဖြင့် တရားစွဲဆိုမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မီးရှို့ဖျက်ဆီးသူများကို အရေးယူရန် အစ္စလာမ်ဘာသာရေး အဖွဲ့များ လိုလား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ထန်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို  အရေးယူဖို့ နဲ့  မူလနေရာမှာ နေမြဲအတိုင်း နေထိုင်ခွင့်ရရေးကိစ္စကို တိုက်တွန်းဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကျော်ခင်က ပြောပါတယ်။

ဦးကျော်ခင်က "မူလ သူ့ပိုင်ဆိုင်မှု ရှိနေတဲ့နေရာမှာ သူတို့ပြန်နေနိုင်ဖို့အတွက် လုပ်ရမယ်။ နောက် တကယ်ဖြစ်စဉ်အပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ကိုလည်း ကျနော်တို့က တွန်းအားပေး ဆောင်ရွက်သွားမှာပေါ့" လို့ ပြောပါတယ်။

ဩဂုတ် ၂၄ ရက်နေ့ညက ထန်းကုန်းရွာမှာ အိမ်ခြေ ၅၀ ကျော်၊ ဆန်စက် ၁ လုံး ကြက်ခြံတခြံ မီးတင်ရှို့ခံရပြီး ဆိုင်ခန်း ၁ ဒါဇင်ကျော် ဖျက်ဆီးခံရပါတယ်။ ဒီလုပ်ရပ်ကြောင့် လူပေါင်း ၃၀၀ ကျော်ဟာ အာရဗီစာသင်ကျောင်းဆောင်မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရတာပါ။

မနေ့ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ မန္တလးရုံးက တာဝန်ရှိသူ ဒေါက်တာမောင်မောင်တို့အဖွဲ့က သွားရောက်ကူညီနေတယ်လို့ ဦးကျော်ခင်က ပြောပါတယ်။

မီးဘေးသင့်ဒုက္ခသည်တွေကို စစ်ကိုင်းတိုင်း အမှတ် ၃ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က သွားရောက်တွေ့ဆုံအားပေးပြီး ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့ပါတယ်။

ဗမာ ၂ အိမ်အပါအ၀င် အိမ်ထောင်စု ၅၂ အိမ်ထောင်ကို တအိမ်ထောင်ကို ကျပ်ငွေ ၃ သောင်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးပြီး ပိုငွေ ၁ သိန်း ၈ သောင်းကိုတော ဒုက္ခသည်စခန်းတာဝန်ရှိသူကို လှူထားခဲ့ပါတယ်လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

သူတို့တတွေရဲ့ ပြန်လည်ထူထောင်ရေးကိစ္စမေးမြန်းရာမှာ ဒေါက်တာမြင့်နိုင်က သက်ဆိုင်ရာက စီစဉ်ရမယ့်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့နေရာက ကွက်ကျားဆိုတော့ သူတို့နေရာသူတို့ ပြန်ဆောက်လို့ ရပါတယ်၊ ရမှာပါ။ တပြင်ကြီးလုပ်သွားပြီးတော့ ရှုပ်ထွေးမှုတွေက ဒီလောက်ကြီးရှိမယ် မထင်ဘူးလေ။ အဲဒါကို သူတို့ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းကပဲ လုပ်ရမှာပဲ၊ ကျနော်တို့ မပြောတတ်တော့ဘူးလေ။ ထန်းကုန်းပေါ်က မပါဘူး၊ ဘေးနားကဆိုတော့ ဗုဒ္ဓဘာသာတွေက အားနာနေတာပေါ့လေ။"

ထန်းကုန်းကျေးရွာဖြစ်စဉ်မှာ ရွာတွင်းကလူတွေ မီးရှို့တာမဟုတ်ဘဲ အပြင်ဘက်က လူတွေက လာရောက်လုပ်ဆောင်တယ်ဆိုတာကို သိတဲ့အတွက် ဘာသာနှစ်ခုအကြား ရန်စောင်တာမျိုး မရှိကြဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကောလာဟလတွေတော့ ပျံ့နှံနေတယ်လို့ ဆိုပါတယ်။

မီးရှို့သူတွေလို့ သံသယရှိသူ ၁ ဒါဇင်လောက်ကို ရဲက ခေါ်ယူစစ်မေးနေပြီး ဘယ်မှာထားတယ်၊ ဘာအမှုနဲ့ စွဲဆိုမယ်ဆိုတာ မရှင်းလင်းပါဘူး။

ထန်းကုန်းကျေးရွာ ရဲစခန်းကို မေးမြန်းကြည့်တဲ့အခါ သူတို့ရဲစခန်းဟာ ကျေးရွာအဆင့် စခန်းဖြစ်ပြီး အဲဒီကိစ္စတွေ မသိရှိကြောင်းနဲ့ ကျေးရွာမှာတော့ အခြေအနေတည်ငြိမ်နေပြီလို့ ဖြေဆိုပါတယ်။

"အခြေအနေကတော့ အေးအေးဆေးဆေးပါပဲခင်ဗျာ။ လောလောဆယ်လူတွေ ဈေးသွားဈေးလာတို့ ဘာတို့ လွတ်လွတ်လပ်လပ်သွားလာကြပါတယ် အေးအေးဆေးဆေးပါပဲ။"

မြန်မာနိုင်ငံမှာ မနှစ်ဇွန်လကစလို့ ဖြစ်ပျက်ခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွေရဲ့ လတ်တလောဖြစ်ရပ်တွေဟာ အမျိုးသမီးငယ်တဦးကို မွတ်စလင်ဘာသာဝင်က ထိပါးနှောင့်ယှက်တယ်၊ မုဒိမ်းပြုကျင့်တယ်ဆိုတဲ့ ကောလာဟလတွေ ကြိုကြိုတင်တင် ထွက်လေ့ရှိပြီးနောက် အကြမ်းဖက်မှုတွေ ကျူးလွန်ကြတာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူရှိနိုင်တယ်လို့ သမ္မတကိုယ်တိုင်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတာ လပေါင်းများစွာကြာပြီဖြစ်ပေမယ့် ဘယ်သူ ဘယ်အဖွဲ့လဲဆိုတာ လူသိရှင်ကြား အရေးယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

by ​အေး​နိုင်  (ဒီဗွီဘီ)