Saturday, August 31, 2013

ရောင်စုံ နှင်းဆီ (သက်တံ့နှင်းဆီ)

roseရောင်စုံနှင်းဆီ တကယ်ရှိပါတယ်။ နယ်သာလန် ကုမ္မဏီနှစ်ခုက ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နှင်းဆီက သဘာဝအတိုင်းတော့ မဟုတ်ပါဘူး။ ပွင့်ချက်မှာ အရောင် စုံ ပေါက်အောင် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပင်စည်ကို ရှင်သန်ဖို့လောင်းထဲရေထဲမှာ ဓာတုဆေးများပါဝင်ပါတယ်။ အရောင်စုံ လင်တဲ့ အရည်များ ဖြစ်ပြီး သီးခြားအရောင်တစ်ခုဆီအတွက် အရောင် ပါသော ဓာတ်မြေသြဇာရေနဲ့ လောင်းပေးရတာ ဖြစ်ပါတယ်။

ယင်းသို့ လောင်းပေးပြီးနောက် ပွင့်လာတဲ့ နှင်းဆီကတော့ ဝါ၊စိမ်း၊ နီ၊ ပြာ၊ လိမ္မော်၊ ဖြူ၊ ပန်း၊ ခရမ်း အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် အရောင်ထွက်စေပါ တယ်။ သက်တံ့ကဲ့သို့ အရောင်စုံလင်စွာ ဖူးပွင့်နေတဲ့ နှင်းဆီပန်းပွင့်ကို ယခု ကဲ့သို့ တွေ့မြင်ရပါတယ်။ 
---
Ref:unsualfact.

Aung Kham (ရိုးရာလေး)

လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)

working treeလမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။

အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှောက်တတ်သော သစ်ပင်ဆိုတာထက် အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။

အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း ယခုလို မြင်တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို လမ်းလျှောက် တတ်သော သစ်ပင် လို့ အများက အသိမှတ်ပြု ထားကြပါတယ်။ 
---
အသေးစိတ်ဝင်ရောက်လေ့လာရန် -http://en.wikipedia.org/wiki/Socratea_exorrhiza

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အရေးယူ ခံရသည့် ခရီးသည်တင် ယာဉ်မောင်းက ယာဉ်ထိန်းရဲ နှစ်ဦးကို ဓားဖြင့်ထိုး

တာမွေမြို့နယ် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်၌ သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ၁၈၇ ခရီးသည်ယာဉ် ကားတစ်စီး၏ ယာဉ်မောင်း ဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူခြင်းနဲ့ ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ထိုသို့ဓားဖြင့် အထိုးခံရသည့် ယာဉ်ထိန်းရဲ တပ်ကြပ်တစ်ဦးမှာ ညာဘက်လက်သန်း ဒဏ်ရာများ ရရှိပြီး ကျန်ရဲတပ်သား တစ်ဦးမှာ ဘယ်ဘက်ခါးတွင် ဓားထိုးဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းတွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် နေထိုင်သူ ယာဉ်မောင်း ခင်မောင်ဌေး မောင်းနှင်သည့် ၁၈၇ ခရီးသည်တင် ယာဉ်သည် တံခါးဖွင့် မောင်းခြင်းကြောင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးက တားဆီးကာ အရေးယူခဲ့သည်။

ယာဉ်မောင်း ခင်မောင်ဌေးမှာ မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးကို ဆဲဆိုပြီး ဓားဖြင့်ထိုးမည်ဟု ကြိမ်းဝါးကာ ကားအားမောင်းနှင် ထွက်သွားကြောင်း၊ မွန်းလွဲပိုင်းတွင် တစ်ခေါက် ပြန်လာကာ ယခုလို ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ''ဓားနဲ့အထိုးခံရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦး အခြေအနေက လက်ရှိအချိန်မှာတော့ ကောင်းပါတယ်။ ကျူးလွန်ခဲ့တဲ့ ယာဉ်မောင်းကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်'' ဟု သြဂုတ် ၃၀ ရက် နံနက်ပိုင်းက ဆိုသည်။

တာမွေမြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ''ကျူးလွန်သူကို ရှာဖွေနေပါတယ်။ ကျူးလွန်တဲ့သူ တစ်ဦးတည်း ဟုတ်မဟုတ်ကိုလည်း စစ်ဆေးနေတုန်းပါပဲ'' ဟု ပြောကြားသည်။

အလားတူ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမင်ရောင်ကားကို မောင်းနှင်သည့် အမျိုးသား တစ်ဦးက ညဘက် ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ခြေထာက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ ဒုရဲအုပ် ရဲဝန်ထမ်း တစ်ဦးကို ဓားဖြင့်ထိုးခဲ့ရာ ရဲဝန်ထမ်း၏ ညာဘက်လက်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၂၃ ရက် ည ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်ရှိ အနှိပ်ခန်း တစ်ခုအား ဖွင့်/မဖွင့် သွားရောက် မေးမြန်းသည့် ရဲတပ်သား နှစ်ဦးကို အနှိပ်ခန်း အတွင်းရှိ လူငယ်တစ်စုက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ တရားခံများကို ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရဲဝန်ထမ်းများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုများမှာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်၍ သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

အိန္ဒိယ ထိပ်သီး မူဂျာဟစ်ဒင် ခေါင်းဆောင် ဖမ်းမိ

အိန္ဒိယ ထိပ်သီး မူဂျာဟစ်ဒင် ခေါင်းဆောင် ဖမ်းမိအိန္ဒိယတွင် မကြာသေးခင်က ဖြစ်ခဲ့သည့် တိုက်ခိုက်မှု များ၏ လက်သည်ဟု ယူဆရသူ ယာဆင် ဘက်ကယ်ဆိုသည့် အိန္ဒိယ မူဂျာဟစ်ဒင် စစ်သွေးကြွ အဖွဲ့ ထိပ်သီးခေါင်းဆောင်ကို ရဲတပ်ဖွဲ့က လက်ရ ဖမ်းဆီးနိုင်ခဲ့ ပြီ ဖြစ်ကြောင်း BBC သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းသည် အိန္ဒိယ မွတ်ဆလင် စစ်သွေးကြွ အဖွဲ့ကို ပူးတွဲ တည်ထောင် ခဲ့သူလည်း ဖြစ်ပြီး အိန္ဒိယ ရဲတပ်ဖွဲ့က အလိုအရှိဆုံး အကြမ်းဖက်သမား လည်း ဖြစ်သည်။

၎င်းကို နီပေါ နယ်စပ်နားတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြထား သည်။ "ယာဆင်ဘက်ကယ်ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပြည်နယ် ဘီဟာမှာ ပြီးခဲ့တဲ့ညက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်" ဟု ပြည်ထဲရေး ဝန်ကြီး ဆူရှီးကူးမားရှင်ဒီက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဘီဟာ ရဲတပ်ဖွဲ့က ၎င်းကို စစ်ဆေးလျက် ရှိပြီး အသက် ၃၀ အရွယ် အဆိုပါ အကြမ်းဖက် သမားကို ဒေလီသို့ ပြန်လည် ခေါ်ဆောင်လာမည် ဖြစ်ကြောင်း အိန္ဒိယပြည်တွင်း မီဒီယာများက ဖော်ပြ ထားသည်။

၎င်း၏ နာမည်အရင်းမှာ မိုဟာမက် အာမက်ဇာရာ စီဒီဘက်ပါဟု ယူဆရပြီး ၎င်းတွင် နာမည်ဝှက်လည်း အမျိုးမျိုး ရှိသည်ဟု အာဏာပိုင်များက ပြောဆို ကြသည်။ ဘက်ကယ်နှင့်အတူ ၎င်းနှင့် တစ်ဂိုဏ်းတည်း သားချင်း အဆာဒူလာ အက်တာ ကိုလည်း တစ်ပါတည်း ဖမ်းမိခဲ့သည်ဟု အိန္ဒိယ မီဒီယာများက ဖော်ပြ ထားသည်။

၎င်းတို့၏ အဖွဲ့အစည်းကို အိန္ဒိယ အစိုးရက မတရားအသင်း ကြေညာ ထားပြီး ပြွန်းမြို့မှ ဂျာမန် ကိတ်မုန့်ဆိုင်ကို တိုက်ခိုက်ခဲ့ရာမှ လူ ၁၇ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာ ရရှိခဲ့ခြင်းကို ယင်းအဖွဲ့၏ လက်ချက်ဟု စွပ်စွဲထားသည်။ ၂၀၁၁ ခုနှစ်က လူ ၂၇ ဦး သေဆုံးခဲ့သော မွန်ဘိုင်းတွင် ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှုများ တွင်လည်း အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့က တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း အာဏာပိုင် များက စွပ်စွဲထားသေးသည်။ 

မြန်အောင်မြို့နယ် နတ်ပီတိ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ မတရား လုပ်ရပ်များ

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် နတ်ပီတိကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးသည် ဖုန်းကတ် များမဲနှိုက်ပေး ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရရှိသော ဖုန်းကတ် အရေအတွက်ကို အများသို့အသိမပေးခြင်း၊ ဒုတိ ယအကြိမ် ဖုန်းကတ် ချထားပေးစဉ်က ဖုန်းကတ်(၇)ကတ် ရရှိသည်ကို (၅)ကတ်သာ မဲနှိုက် ပေးခဲ့ခြင်း၊ ယခု တတိယအ ကြိမ် ဖုန်းကတ်ပေး သောအခါ တွင်လည်း ဖုန်းကတ်(၁၂)ချထား ပေးသည်ဟု သိရှိရပြီး (၁၀)ကတ်သာမဲနှိုက်ပေးခဲ့ခြင်း၊ ကျောက်တန်းရွာနေ ဒေါ်သောင်းဝင်းမှာ ပထမအကြိမ် ဖုန်းကတ် မဲနှိုက်စဉ်က မဲပေါက်ခဲ့ပြီး အိမ်ထောင်စု တစ်ခုတည်း ဖြစ်သူ မောင်ရဲကျော်သူမှာ ယခု တတိယအကြိမ်တွင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် ပေါင်းကာ ထပ်မံမဲပေါက်ခဲ့ ရာ ရွာသူရွာသား များက ကျေနပ်မှု မရှိကြောင်း သိရပါသည်။

ဖုန်းကတ် မဲနှိုက်ရာတွင် ရပ်မိရပ်ဖများ ဖြစ်သော ဦးစိန်ဝင်း၊ ဦးသန်းမြင့်၊ ဦးတင်ဦး တို့သည်ကျေးရွာ အုပ်ချုပ်ရေးမှူး ၏လူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပေါင်းကာ ကျေးရွာအုပ်စု အတွင်း အမှုအခင်း များအား ဒဏ်ရိုက်ခြင်း၊ အမှုပွဲစား လုပ်ခြင်း၊ ကျောက်တန်း ကျေးရွာ မောင်ငနိုင်သည် စိုက်ပျိုး စရိတ်ချေးငွေ ဆပ်စရာ လို၍ သူငယ် ထံမှအကူအညီ တောင်းရာ သူငယ်ချင်းက ငွေပေးစရာမရှိသဖြင့် ၎င်း၏ ၀က်အားပေးလိုက်ရာ ၎င်းဝက်အား နတ်ပီတိ ရွာနေ ဦးစိုးတင့်အိမ်တွင် ဟင်းအဖြစ်ပြုလုပ်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြောင်းကြား ထားသော်လည်း စည်ပင် နှင့်ဝက်ခုံတို့မှ လာဖမ်းရာ အုပ်ချုပ်ရေးမှူးက ခွင့်ပြုထားပါက မိမိတို့အနေဖြင့်မဖမ်းပဲပြန်မည်ဖြစ်ကြောင်းပြောရာ အုပ် ချုပ်ရေးမှူးက သူ့အနေဖြင့် မသိကြောင်းပြောခဲ့ရာ ဟင်းအဖြစ်လုပ်ထားသော ၀က်သား အချိန်(၃၀)ခန့်အား ဖမ်းဆီး သွားခဲ့ပါသည်။

၎င်းဖြစ်စဉ် ဖြစ်ပျက်သည့် အချိန်သည် ပထမဆုံး အချိန် ဖုန်းကတ် ချထားပေးသည့် အချိန်ဖြစ်ကြောင်း၊ ဖုန်းကတ် များမဲနှိုက်ပေး ရာတွင်လည်း ကျေးရွာအုပ်စု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်ကိုသာ အသိပေးပြီး ကျန် သည့်ကော်မတီဝင်များကို အကြောင်းကြား အသိပေးခြင်း မရှိကြောင်း သိရှိရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပေါင်း အပါများဖြစ်သော ရပ်မိရပ်ဖများအား သက်ဆိုင်ရာမှ အရေးယူဆောင်ရွက် ပေးပါရန်တင်ပြ အပ်ပါသည်။

နတ်ပီတိ ကျေးရွာ အုပ်စု ရွာသူ ရွာသားများ

ဆီးဂိမ်းကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိဟု မလေးရှား အိုလံပစ်ကော်မတီဥက္ကဋ္ဌ ချီးကျူး

မလေးရှား အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကော့ချီက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းကစားကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။

ကော့ချီမှာမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောလူမျိုးရေး ပဋိပက္ခဖြစ်စဉ်များကြောင့်နေပြည်တော် ဆီးဂိမ်းအတွက် လုံခြုံရေးစိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သူဖြစ်ပြီး ယခုအခါပြိုင်ပွဲကျင်းပရန်သုံးလအလိုတွင် စိုးရိမ်မှု မရှိတော့ဟု
ပြန်လည် ပြောဆိုခဲ့ကြောင်း မလေးရှားသတင်းစာ The Star  တွင် ဖော်ပြထားသည်။

"ဆီးဂိမ်းကျင်းပမယ့်ကစားကွင်းတွေ အားလုံးအသင့်ဖြစ်နေပါပြီ။ တည်ဆောက်ထားတဲ့ပုံစံတွေနဲ့ အသုံးအဆောင်တွေက တကယ့်ကိုအထင်ကြီးစရာပါ။ ဖွင့်ပွဲလုပ်မယ့် ကစားကွင်းကြီးကလည်း ဧရိယာအလွန်ကျယ်ပြီး ကမ္ဘာ့အဆင့်မီ ကွင်းကြီးပါ။အစောပိုင်းကမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကြောင့် ကျွန်တော်တို့ စိုးရိမ်ခဲ့ပေမယ့် မြန်မာအိုလံပစ်ကော်မတီရဲ့ပြင်ဆင်ထားမှုကြောင့် မစိုးရိမ်တော့ပါဘူး" ဟု ကော့ချီက ဆိုသည်။

မြန်မာနိုင်ငံတွင်နှစ်ပေါင်း ၄၄ နှစ် အတွင်းအိမ်ရှင်အဖြစ် တတိယအကြိမ်မြောက် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင် အားကစားနည်း ၃၃ မျိုးပါဝင်လာမည်ဖြစ်ပြီး မလေးရှားနိုင်ငံမှကစားနည်း ၃၀ မျိုး အတွက် ကစားသမား ၅၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မလေးရှားအားကစားအဖွဲ့များ နေပြည်တော်သို့ တိုက်ရိုက်လာရောက်မည်။ မလေးရှားအားကစားအဖွဲ့ အနေဖြင့် မလေးရှားမှ နေပြည်တော်သို့တိုက်ရိုက် လေကြောင်းခရီးဖြင့်လာရောက်ရန် စီစဉ်ထားကြောင်းလည်း အားကစား ၀န်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဋ္ဌေးအောင်ကမဇ္ဈိမသို့ ပြောသည်။

"မလေးရှားကနေပြည်တော်ကိုတိုက်ရိုက် လေကြောင်းလိုင်းနဲ့လာဖို့စီစဉ်ထားပါတယ် ကျွန်တော်တို့ဘက်က လည်း လိုတာအားလုံး စီစဉ်ပေးဖို့ပြောထားပြီး လုံခြုံရေးကိုလည်း အပြည့်ပေးမှာပါ။" ဟုဦးဋ္ဌေးအောင်က ဆိုသည်။

၂၀၁၃နေပြည်တော် ဆီးဂိမ်းကို နေပြည်တော်တွင်ကစားနည်း ၂၇ မျိုး၊ ရန်ကုန်မြို့တွင် ခြောက်မျိုး၊ မန္တလေးမြို့ တွင် တစ်မျိုး၊ပုသိမ်တွင်တစ်မျိုး လက်ခံကျင်းပမည် ဖြစ်သည်။မလေးရှား အားကစားအဖွဲ့ အနေဖြင့် ပြိုင်ပွဲပေါင်း ၄၆၀ ၀င်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၄၀ ခန့်မျှော်လင့်ထားကြောင်းလည်း The Star  သတင်းစာတွင် ဖော်ပြ ထားသည်။

မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ

မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ဒီဇယ်ဆီ တင်သွင်းသည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

နမ်ဒင်း(Nam Dinh) မြောက်ပိုင်းခရိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကင်းလှည့်စဉ် နင်း(Ninh) ကမ်းရိုးတန်းမှ အရှေ့ တောင် ဘက် ရေမိုင် ၂၁ မိုင်အကွာတွင် သံသယဖြစ်ဖွယ် သင်္ဘော ၂ စီးသို့ ချဉ်းကပ်ခဲ့ရာ သင်္ဘောသားများက ဗီယက်နမ် သင်္ဘောတစီးပေါ်သို့ ဒီဇယ်ဆီများ ရွှေ့ပြောင်းနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ်နိုင်ငံ အခြေစိုက် Thanh Nien News သတင်း တပုဒ်၌ ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

"ရောင်ဝင်း"(Yong Win) အမည်ရ မြန်မာသင်္ဘော တစီးကို အင်္ဂါနေ့က တရားမ၀င် ဒီဇယ်ဆီများ၊ သင်္ဘောသားများ နှင့် အတူ ဖမ်းဆီးလာပြီး ဟိုင်သင်း(Hai Thinh) သင်္ဘောဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒီဇယ်ဆီ အရောင်းအ၀ယ်လုပ်နေကြသည့် သင်္ဘော ၂ စီးမှ သင်္ဘောသားများကလည်း တရားမ၀င် လောင်စာဆီ ရောင်း ၀ယ်မှုတွင် ပါဝင်ပတ်သက်ကြောင်း ၀န်ခံကြသည်ဟု အဆိုပါ သတင်းက ဖော်ပြသည်။

ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ရောင်ဝင်း အမည်ရှိ မြန်မာ သင်္ဘော (ဓာတ်ပုံ -  Thanh Nien News)

ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ရောင်ဝင်း အမည်ရှိ မြန်မာ သင်္ဘော (ဓာတ်ပုံ – Thanh Nien News)

သင်္ဘောသား ၇ ဦးပါသော ဗီယက်နမ် သင်္ဘောသည် သင်္ဘောသား ၁၇ ဦးပါသော "ရောင်ဝင်း" အမည်ရ မြန်မာ သင်္ဘော ထံက ဒီဇယ်ဆီ တန်ချိန် ၅၀၀၀ ကျော် ၀ယ်ယူရန် ရှိခဲ့ကြောင်းလည်း Thanh Nien News သတင်းက ဆိုသည်။

နောက်ဆက်တွဲ သတင်းအရ "ရောင်ဝင်း" မြန်မာသင်္ဘောတွင် ကပ္ပတိန်နှင့် သင်္ဘောသား ၁၆ ဦး ပါရှိကာ သင်္ဘောသားများထဲ က ၁၄ ဦး မှာ မြန်မာများဖြစ်ကြပြီး ၂ ဦးမှာ တရုတ်များဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပါ။


မလေးရှားမှာ တရားမဝင် အလုပ်သမား ဖမ်းနေ

မလေးရှားနိုင်ငံတွင် အထောက်အထား မပြည့်စုံသော တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို တနိုင်ငံလုံး အတိုင်း အတာဖြင့် ဖမ်းဆီးအရေးယူမည့် စီမံချက် စတင်နေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။

တနိုင်လုံး အတိုင်းအတာဖြင့် စီမံချက်စတင်မည့် နေ့မှာ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်မည်ဟု မလေးရှားအစိုးရဘက် မှ ကြေညာထားသော်လည်း သြဂုတ်လ ၂၆ ရက်နေ့ကတည်းက တချို့မြို့များတွင် ဖမ်းဆီးနေပြီဖြစ်ကြောင်း၊ မလေးရှား ဘာသာဖြင့် ကြေညာသော ရုပ်မြင်သံကြားလိုင်း TV 2 မှ သြဂုတ်လ ၂၇ ရက်နေ့က တရားမ၀င် လုပ်သားပေါင်း ၂၀၀ ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ဟု မလေးရှားနိုင်ငံ ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ နိုင်ငံတကာရေးရာ တာဝန်ခံ ကိုအောင်ကြီးက ဧရာဝတီသို့ ပြောသည်။

"ဒီနေ့နဲ့ဆို ၄ ရက်ရှိသွားပြီ။ ပီနန်း၊ ပါတာဝက်ပ် တို့မှာ ဖမ်းတယ်။ သူတို့က ဘာမှ အထောက်အထား မပြည့်စုံတဲ့ လူတွေကို ဖမ်းမယ်။ ကုလသမဂ္ဂ ဒုက္ခသည်များရောရာ UNHCR က တာဝန်ရှိသူတွေလည်း ပါမယ်၊ ဒုက္ခသည် ကဒ်တွေပါ ဖမ်းပြီး အတုလား၊ အစစ်လား ဆိုတာ ကြည့်တယ်။ အစစ်ဆိုရင် ပြန်လွှတ်ပေးတယ်" ဟု ၎င်းကဆိုသည်။

ဖမ်းပြီးနောက် ရဲစခန်းသို့ ပို့လိုက်ပြီးနောက် မှတ်တမ်းတင်ကာ တရားမ၀င်နေထိုင်သူများကို ထိန်းသိမ်းသည့် လူဝင်မှုကြီး ကြပ်ရေး စခန်းသို့ ပို့ကြောင်း၊ ထို့နောက် ဥပဒေအရ ထောင်ဒဏ် အပြစ်ပေးကြောင်း၊ ပြစ်မှုအလိုက် ထောင်ဒဏ် ၃ လမှ ၁ နှစ်အထိ ပြစ်ဒဏ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်များကို လက်ဝယ်မကိုင်ဆောင်ရဘဲ လုပ် ငန်းရှင်များမှ သိမ်းယူထားလေ့ရှိသည့်အတွက် တရားဝင်နေထိုင်သော်လည်း အထောက်အထား မပြည့်စုံမှုကြောင့် အဖမ်းခံရသူများကို သက်ဆိုင်ရာ လုပ်ငန်းရှင်များထံသို့ အကြောင်းကြားလေ့ရှိကြောင်း၊ လုပ်ငန်းရှင်များမှ
မလေးရှားငွေ ရင်းဂစ် ၁ ထောင်ဝန်းကျင်ဖြင့် ရက်သတ္တပတ် တပတ်အတွင်း လာရောက်ပြန်ရွေးရကြောင်း၊ ထိုစိုက်ထုတ်ထားသော ငွေများကို အလုပ်သမားများထံမှ ပြန်လည်ဖြတ်တောက်တတ် ကြောင်း ကွာလာလမ်ပူမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသူ ကိုအောင်မျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

ပြန်လည်ရွေးမည့် လုပ်ငန်းရှင်မရှိလျှင် အဆိုပါ တရားမ၀င် အလုပ်သမားများအဖြစ် သတ်မှတ်ပြီးတရားရုံးတင် ထောင်ဒဏ် အပြစ်ပေးလေ့ရှိကြောင်း၊ သဘောကောင်းသော လုပ်ငန်းရှင်တချို့က ရဲစခန်းမှ ပြန်ရွေးခဲ့ရသော ငွေကို အလုပ်သမားများထံမှ မဖြတ်ကြောင်း ၎င်းက ဆက်ပြောသည်။

"မြန်မာပြည် ပြန်ပို့ဖို့ဆိုတာက တရားဝင်ထောင်ဒဏ် ခံပြီးလို့ ထိန်းသိမ်းရေးစခန်းတွေ ပြန်ပို့လိုက်တော့မှ ဖြစ်နိုင်တာ။ အဲဒီ စခန်းမှာ သံရုံးက ပြန်မယ့်သူတွေကို စာရင်း လာကောက်တယ်။ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာကလည်း ဒုက္ခသည် အမည်ခံ မယ့်သူတွေကို စရင်းကောက်ပြီး ဒုက္ခသည် ကဒ်ထုတ်ပေးတယ်။ ထိန်းသိမ်းရေးစခန်းတွေမှာက အပြင်ဘက်ကို ဖုန်းဆက်လို့ရတော့ ပြန်ချင်တဲ့သူတွေက သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိသားစုတွေဆီကပဲဖြစ်ဖြစ် လေယာဉ်လက်မှတ်တို့၊ ပြန်ဖို့ ကုန်ကျမယ့်စရိတ်ကို ပြန်တောင်းပြီး
ပြန်ရတာ" ဟု ကိုအောင်ကြီးက ဆိုသည်။

ယခု ဖမ်းဆီးရေး အစီအစဉ်တွင် တရားမဝင် အလုပ်သမားများ အများဆုံးရှိသည်ဟု သတ်မှတ်ထားသောနေရာများ ဖြစ်သည့် ကွာလာလမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်၊ ဂျိုဟိုး စသည့်နေရာများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တရားမဝင် အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေ Migrants Act 2007 အတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် တရားမ၀င်နေထိုင်သူများအတွက် ပြန်လည်မှတ်ပုံတင်ရန် ဆောင်ရွက်ပေးခဲ့သော စီမံချက်(6P) ဆောင်ရွက်စဉ်က မှတ်ပုံတင်ထားသော်လည်း တရားဝင်လာရောက် ဆောင်ရွက်ခြင်း မရှိခဲ့သောသူများကို အဓိကထား ဖမ်းဆီးခြင်းဖြစ်ပြီး 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်း မပြည့်စုံသူများဖြစ်သည်ကို တွေ့ခဲ့ရကြောင်း၊ ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရားဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိ တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင် လုပ်ကိုင်နေသူ အများစုမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်နှင့် နီပေါနိုင်ငံသားများလည်း ရှိကြောင်း၊ အဆိုပါ ဖမ်းဆီးရေး စီမံချက်ကို ၃ လအထိ ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ကွာလာလမ်ပူမြို့၊ ဆွမ်ကိုင်းပလို့စ်ရပ်ကွက်တွင် နေထိုင်သူ ကပုန်းနာရေး ကူညီမှုအသင်းမှ ကိုကောင်းထက် က ဧရာဝတီသို့ ပြောသည်။

"ကျနော်တို့နေရာမှာ ညဘက်အပြင်မထွက်ကြဖို့ ကျနော်တို့နဲ့ သိတဲ့သူတွေကို ပြောထားတယ်။ တပတ်ကို ၂ ခေါက် လောက် လာဖမ်းတယ်။ ကျနော့်ရပ်ကွက်က ငါးကန်နားမှာ လာဖမ်းတုန်းက ဘင်္ဂလားနဲ့ မြန်မာတွေ ပါသွားတာကိုတွေ့ရတယ်။ မြန်မာ ၃ ယောက်လောက် ပါသွားတာတွေ့လိုက်တယ်။ ကျနော်တို့ဘက်မှာ တရားမ၀င်မြန်မာတွေက ၃၅ လောက်အထိ ရှိမယ်။ စက်ရုံတရုံမှာ တရားမ၀င်မြန်မာအလုပ်သမားက အနည်းဆုံး ၃ ယောက်လောက်အထိ ရှိနေတာ" ဟု ၎င်းက ဆိုသည်။

ယခုလို ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို မြန်မာသံရုံးဘက်မှ ကူညီဆောင်ရွက်ပေးမှုများကို မတွေ့ရသေးကြောင်း၊ မလေး ရှားနိုင်ငံအတွင်း လူမျိုးရေး ပဋိပက္ခဖြစ်စဉ်အချိန်က ပြန်ချင်သူများအတွက် ပြုလုပ်ပေးသော CI လက်မှတ်များကိုလည်း ထုတ်ပေးမှု ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် မလေးရှားနိုင်ငံတွင် မလေးရှားဥပဒေအရ ကျင့်သုံးရသည့်အတွက် သံရုံးအနေဖြင့် တရားမ၀င်နေထိုင်သူများကို ကာကွယ်ပေးရန်မှာ ဖြစ်နိုင်ချေနည်းပါးကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Aman Nilai Enterprise လုပ်ငန်းမှ ဦးအောင်သန်းညွန့်က ဧရာဝတီသို့ ပြောသည်။

"ကျနော်တို့ ဂျိုဟိုးက ၄ ရပ်ကွက်လောက်တော့ ဖမ်းမယ်ကြားတယ်။ ဂျိုဟိုးဂျာယား၊ ပလန်တုံး စတဲ့ တရားမ၀င် အလုပ် လုပ်နေကြတဲ့သူများတဲ့ ရပ်ကွက်တွေမှာ လုပ်မယ်ကြားတယ်။ ကျနော်တို့နေတဲ့ ဘက်မှာတော့ တရားဝင်နေတဲ့သူများ တော့ အခုထိ ဖမ်းတာမျိုး မတွေ့ရသေးဘူး" ဟု မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာကူးမြို့၊ ထီစာချမလမ်းရပ်ကွက်တွင်နေထိုင်နေသည့် ကိုဇေယျာလင်းက ဧရာဝတီသို့ ပြောသည်။

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

Miss Supranational 2013 ပြိုင်ပွဲဝင် Miss Myanmar ခင်ဝင့်ဝါ (ဓာတ်ပုံ - ခင်ဝင့်ဝါ facebook မှ)

Miss Supranational 2013 ပြိုင်ပွဲဝင် Miss Myanmar ခင်ဝင့်ဝါ (ဓာတ်ပုံ – ခင်ဝင့်ဝါ facebook မှ)

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။

သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက "ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်" လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ "ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြားကို တခါမှ မရောက်ဖူးဘူးလေ" လို့ ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊ မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ် ကလည်း အတူတူပဲ ဆိုတဲ့အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့အခါ သူက "ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်" လို့ ဆိုပါတယ်။

အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေ အနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့ အကြောင်း အကြံပြုထားပါတယ်။

"အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်" လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက "Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်" လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။

အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး "ကျမ ကျေးဇူးတင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျမယ်လို့ ကျမ မျှော်လင့်ပါတယ်" လို့ ပြန်ပြောတာ တွေ့ရပါတယ်။

နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

"အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်" လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်


8.1.1

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

"လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ" ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊ ၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက်လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင်မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly

အင်းစိန်မှာ ကျူးကျော်ရပ်ကွက်သားတွေ လမ်းလျှောက်ဆန္ဒပြ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာနေထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိနေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းကနေ အင်းစိန်စည်ပင်သာယာရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုဇော်လင်းက သားသမီးတွေ ကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။

"စည်ပင်က သူတို့ ဖျက်ဖို့ ပြုဖို့ စာတွေကပ်တယ်ဗျ။ကျွန်တော်တို့က ကျောင်းသားတွေ ရှိတော့ ကျောင်းပိတ်တဲ့ အထိ နေစေချင်တယ်။ကြားထဲမှာ ပြောင်းရွှေ့ရမယ်ဆိုရင် ကျွန်တော်တို့ အိုးမဲ့အိမ်မဲ့ ဒုက္ခတော်တော်ရောက်မယ်ခင်ဗျ။"

ဆန္ဒပြကြသူတွေဟာ ကျူးကျော်အိမ်တွေကို ဖျက်မယ်ဆိုရင် အကုန်ဖျက်ပေးဖို့၊ ကျူးကျော်နေအိမ် ပြည်သူတွေကို မဲထည့်ခိုင်းတာဘယ်သူတွေလဲ၊ မြန်မာနိုင်ငံသားတွေဟာ ကျူးကျော်တာမဟုတ်ပါ၊ နေစရာမရှိလို့ပါ စတဲ့စာတမ်းပါ ပိုစတာတွေကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese