Wednesday, September 4, 2013

MPT ကို အသွင်ပြောင်းရန် ကန်ဒေါ်လာ နှစ်သန်း သုံးမည်ဟုဆို

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အပြိုင်အဆိုင် ပေးအပ်လာတော့မည့် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရေး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အသွင်ပြောင်း ဖွဲ့စည်းရန် အမေရိကန်ဒေါ်လာ နှစ်သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်အတွင်း နည်းပညာနှင့် ဓနအင်အား တောင့်တင်းလှသည့် ပြည်ပကုမ္ပဏီနှစ်ခု ဝင်ရောက်လာတော့မည်ဖြစ်၍ ယင်းကုမ္ပဏီများနှင့် အဓိက ယှဉ်ပြိုင်နိုင်ရန် ဌာနမှဝန်ထမ်းများကို လေ့ကျင့်သင်တန်းများနှင့် လိုအပ်သည့် စက်ပစ္စည်းဆိုင်ရာ ဖြည့်တင်းမှုများအတွက် ယင်းငွေကို အသုံးပြုမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

"ကမ္ဘာ့ဘဏ်က ဆက်သွယ်ရေး ဝန်ကြီး ဌာနကို ဒေါ်လာသန်း ၅၀ ချေးဖို့ ပြောထားတာ ရှိတယ်။ အဲဒီအထဲက ယူသုံးမှာ" ဟု ၎င်းကဆိုသည်။ လက်ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် MPT ကို ပထမအဆင့်၌ ကော်ပိုရေးရှင်းအဖြစ် အသွင်ပြောင်းမည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲဖွဲ့စည်းမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားထားသည်။

MPT ကို အသွင်ပြောင်း ဖွဲ့စည်းမည့် အစီအစဉ် အသေးစိတ်ကို ယနေ့အထိ တိတိကျကျ မသိရသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံးများကိုမူ ဆက်ထားသွားဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဘက်စုံပြုပြင် ပြောင်းလဲရေး အတွက် ကမ္ဘာ့ဘဏ်ထံမှ အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ တင်ပြ တောင်းခံထားပြီး ပထမအဆင့် ၃၁ ဒသမ ၅ သန်းခွင့်ပြုထားကာ လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်၍ သန်း ၅၀ အထိ တိုးမြှင့်ချေးယူမည် ဖြစ်ကြောင်း ဦးသောင်းတင်က ပြောကြားထားသည်။ 

(၇) ရက်သားသမီး ဟောစာတမ်း (စက်တင်ဘာ)

တနဂ်နွေသားသမီး ။။ ။။ ယခုလအတွင်း ၀န်ထမ်းဖြစ်ပါက မိတ်ဆွေ၏ ကူညီမှုကြောင့် ရာထူးတိုးခြင်း လစာတိုးခြင်း အထက်လူကြီး မျက်နှာသာပေးခြင်း ခံရမည်.။ မြေ ပညာရေး ပညာပေး ပရိဘောဂ ဖုန်း လုပ်ငန်းများ အကျိုးပေးမည် ။ နိုင်ငံခြား ခရီးစီစဉ်ထားသူများ ယခုလအတွင်း အစဉ်မပြေနိုင်သေးပါ ။ ထီ ထီး နာရီ တစ်မျိုး၂ ကြောင့် စိတ်ညစ် ရတတ်သည် ။ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေသော်လည်း မိမိချစ်သူသည် သောကြာသားသမီးဖြစ်လျှင် စိတ်ညစ်နေရမည်။
ယတြာ ။ ။ မွေးနေ့ တွင် အုန်းလက်တစ်တောင်ကို တောင်ဖက်အရပ် ရေထဲသို့  စွန့် ပြစ်ပါ ။

တနင်္လာသားသမီး ။ ။။ ယခုလတွင် စပ်တူလုပ်ငန်းများ အကျိုးမပေးပါ ။ ခရီးသွားလုပ်ငန်း ရွှေလုပ်ငန်းများ အထူးသတိထားလုပ်ကိုင်ပါ ။ဆုံးရှုံးမှုများတတ်သည် ခရီးသွားခြင်း ငွေချေးခြင်း လက်ဝတ်ရတနာငှားခြင်းလုံးဝရှောင်ပါ ငွေကြေး အထားမှားသောကြောင့်ပျောက်တတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။ မမျှော်လင့်ပဲ ငွေဝင်လာပါက ရွှေလုံးဝမ၀ယ်ပါနှင့် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းသော လဖြစ်သည် ။ ပညာရေးနှင့်ပတ်သက်ပြီး သတင်းကောင်းကြားရ တတ်သည်။ 
ယတြာ ။ ။။ ကော်ပတ်ရုပ်တစ်ရုပ် ၀ယ်ပြီး ကလေးတစ်ယောက်အားလက်ဆောင်ပေးလိုက်ပါ

အင်္ဂါသားသမီး ။။ ။။ ယခုလအတွင်း အလုပ်အကိုင်များမမျှော်လင့်ပဲ အဆင်မပြေဖြစ်နေမည်။ ပြောဆိုထားသော လုပ်ငန်းများလည်း တေ့လွဲ လွဲနေမည် ။ ဆေး စက်ပစ္စည်း စာအုပ် စာပေ လုပ်ငန်းများ ငွေကြေးအရှုပ် အရှင်းကြောင့် စိတ်ည်စရာများတွေ့ ကြုံရတတ်သည်။ ငွေဝင်သော် လည်း လက်ထဲတွင် ကြာရှည်မမြဲပါ ။ ၀န်ထမ်းများ အထက်လူကြီး နှင့်သတိထားဆက်ဆံပါ ။ စကားပြောမှားသောကြောင့် ငြိုငြင်ခံရ တတ်သည် ။ ငယ်ရွယ်သူများ ချစ်သူနှင့်စကားများနေရသောလဖြစ် သည် ။ ခါးနှင့်ပတ်သက်သော ရောဂါဝေဒနာခံစားရတတ်သည် ။
ယတြာ ။။ ။။ ဆင်ကို ကြံကျွေးခြင်း ။ စာကလေးများကို ဆန်ကြွေးခြင်းဖြင့် ကုသိုလ်ယူပါ။

ဗုဒ္မဟူးသားသမီး ။။ ။။ ယခုလအတွင်း ရွှေ ရေ မြေ လုပ်ငန်းများ အဆင်မပြေဖြစ်နေမည်။ ၀န်ထမ်းများ အထက်လူကြီးဆရာသမားများနှင့် အဆင်မပြေဖြစ်နေ လိမ့်မည် ။ စက်မှု စာပေ စာအုပ် စားသောက်ဆိုင် လုပ်ငန်းများ အရင်းအနှီးနဲပါးမှုကြောင့် လုပ်ငန်းရပ်သွားနိုင်သည် ။ မိန်းကလေး တစ်ဦးကြောင့် ပြသနာဖြေရှင်းရလိမ့်မည် ။ လက်ဝဲဖက်လက် ထုံ ကျင်ကိုက်ခဲ သော ဝေဒနာခံစားရတတ်သည် ။ အလုပ်ခွင်အတွင်း မိမိ ကိုမနာလိုသူကြောင့် စိတ်ညစ်နေရမည် ။ စိတ်ကောက်တတ် သောချစ်သူကြောင့် အချစ်ရေးကို စိတ်ကုန်သလိုဖြစ်နေတတ်သည်။
ယတြာ ။။ ။။ မွေးနံ ဘုရားထောင့်တွင် ရွှေပန်း ၄ ကုံး နှင့် ရေသက်စေ့လှုပေးပါ ။။။

ကြာသပတေး သားသမီး ။ ။ အိမ် ကား ကျောက် ကွန်ပျူတာ ငွေကြေးလုပ်ငန်းများအဆင် ပြေမည် ။ မြေ အမွေ ကိစ္စများ သတင်းကောင်းကြားရတတ်သည်။ ဆရာသမား၏ ကူညီဖေးမမှုကြောင့် လုပ်ငန်းများ အဆင်ပြေပြီး စိတ်ချမ်းသာမည် ။ မမျှော်လင့်ပဲ ငွေဝင်လာပါက ၂ ၅ ၁ ပါသော ဂဏန်းများနှင့်ထီထိုးပေးပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း လွန်းသဖြင့် မမျှော်လင့်ပဲ အိမ်ထောင်ကျသွားနိုင်သည် ။ ၀ဲဖက်တင်ပါး ပေါင်တို့ တွင် နာကျင်မှုဝေဒနာ ခံစားရတတ်သည်။
ယတြာ ။။ ။။ သံဃာတော်များအား မွေးနေ့ တွင် ကြက်သားဟင်းနှင့် ဆွမ်းလောင်းပါ ။

သောကြာသားသမီး ။။ ။။ စက်ပစ္စည်း ဆေး ကား ကွန်ပျူတာ ကျောက် လုပ်ငန်းများအထူး သတိထားပါ ။ လုပ်ငန်းတူလုပ်သူ သစ္စာမဲ့မှုကြောင့် ငွေကြေးဆုံးပါး ခြင်း ။ ငွေကြေးပြသနာများ ဖြေရှင်းရတတ်သည် ။ ညီအကိုမောင်နှမ (သို့ ) လင်ယောင်္ကျားအတွက်စိတ်ညစ်ရမည်။ ငွေဝင်သော်လည်း ၀င်သလောက်ပြန်ထွက်နေမည် ။ ၀န်ထမ်းဖြစ်ပါက စိတ်ညစ်ပြီး အကျိုးမရှိသောခရီးသွားရတတ်သည် ။ ငယ်ရွယ်သူများအချစ်ရေး ကံမကောင်းသောလဖြစ်သည် ။ ခဏခဏစကားများနေခြင်းဖြင့် အချိန်ကုန်နေလိမ့်မည် ။ ဆီးနှင့်ပတ်သက်သော ဝေဒနာခံစားရ တတ်သည် ။
ယတြာ ။။ ။။ နို့ ဆီခွက်တစ်လုံးအတွင်းသို့  သဲ ၂၁ ဇွန်း သီဟိုရွက် ၂၁ ရွက်ထည့်ပြီး အရှေ့ တောင်အရပ် ရေထဲသို့ မျှောပေးပါ ။

စနေသားသမီး ။။ ။။ ယခုလအတွင်း ခရီးသွားလုပ်ငန်းများ အိုး အိမ် အဆောက်အဦး သံ သဲ သွပ် အရောင်းအ၀ယ်လုပ်ငန်းများ ထင်သလောက်အကျိုးမပေးပါ ဂတိပေးလွယ်သောကြာင့် အချင်းချင်း စကားများရလိမ့်မည် ။ မိမိ နှင့်မအပ်စပ်သော နေရာဒေသ လုပ်ငန်းခွင် နယ်ပယ်သို့  ၀င်ရောက်သွားလာ စွက်ဖက်ခြင်းကြောင့်ဂုဏ်သိက္ခာထိခိုက်စရာ မျက်နှာပျက်စရာများကြုံတွေ့ ရတ်သည် ။ ယခုလအတွင်း အပျော် သဘောခရီးထွက်ခြင်းကိုရှောင်ပါ ။ ငွေကုန်စိတ်ပမ်း ဖြစ်လိမ့်မည်။ ညာဖက် ဒူးတွင်ထိခိုက်ဒဏ်ရာရတတ်သည် ။ ငယ်ရွယ်သူများ မိမိကို အပျော်ချစ်သောချစ်သူနှင့် ဖူးစာဆုံလိမ့်မည် ။
ယတြာ ။။ ။။ မွေးနေ့ နံက်တွင် အိမ်မှဘုရားအား နွားနို့  တစ်ခွက်နှင့် နာနတ်ယိုလှုပေးပါ။

ကိုမောင်မောင် (ဆန်းသုတေသီ)

မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း သေဆုံးမှုအား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိ

မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း ဆေးထိုးအပ်နှင့်အတူ စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းက သေဆုံးလျက်ရှိပြီး သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် သေဆုံးသူသည် မြောက်ဥက္ကလာပမြို့နယ် ဆေး ၂ တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာနိုင်လင်းဆိုသူဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်ကြောင်း သေဆုံးသူ၏ ဖခင်ထံမှ သိရသည်။

"သေဆုံးသွားတဲ့ ဒေါက်တာနိုင်လင်းကို နေအိမ်ခုတင်ဘေးမှာ ဆေးထိုးအပ်နဲ့အတူ တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ အတိအကျကတော့ ဆေးစာပြန်ကြားချက်ရမှ သိရပါတယ်။ သေဆုံးသူရဲ့ ဇနီးသည် အပြင်ကပြန်လာမှ သေနေတာကို တွေ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဒေါက်တာသေဆုံးတဲ့ သတင်းကို ၈ နာရီလောက်မှ သိရပါတယ်" ဟု သင်္ဃန်းကျွန်း မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က ပြောကြားသည်။

သေဆုံးသူသည် ဇနီးဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ အတွင်းရှိ အလုပ်သင် ဆရာဝန်အဆောင်တွင် နေထိုင်သူဖြစ်ပြီး ယခင်က စံပြဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် ဆေး ၂ တွင် ကထိကအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ကြောင်း သေဆုံးသူ၏ ဖခင်က ဆိုသည်။

ဒေါက်တာနိုင်လင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဒုရဲမှူးသိန်းဟန်က သေဆုံးသူ ဒေါက်တာနိုင်လင်း၏ ခုတင်ခြေရင်းတွင် ထောင်ထားသော ၀ှိုက်ဘုတ်တွင် I love you very much Hnin Hnin ဟု ရေးသားထားမှုမှာ မသေခင် ဒေါက်တာနိုင်လင်းမှ ရေးသားထားခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် အဆိုပါ စာတန်းအောက်တွင် ဒေါက်တာနိုင်လင်းက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါ ဒေါက်တာနိုင်လင်း သေဆုံးမှု ဖြစ်စဉ်ကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုရဲမှူးသိန်းဟန်က ပြောကြားခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၁ ရက်က ရန်ကင်းသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သွားအတုဌာနတွင် တာဝန်ထမ်းဆောင်နေသော ကထိက ဆရာဝန်တစ်ဦးသည် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရွှေအုန်းပင်အိမ်ရာ ၂ ရှိ နေအိမ်တိုက်ခန်းအတွင်း ရေချိုးခန်း၏ ထုပ်တန်းတွင် နိုင်လွန်ကြိုးကွင်းစွပ်ကာ သေဆုံးခဲ့ကြောင်း သိရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်ထံမှ သိရသည်။

သံတွဲတွင် ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆဲရေးတိုင်းထွာသူ ဘင်္ဂလီတစ်ဦး အား ထောင်ဒဏ်ချမှတ်

သံတွဲ၊ စက်တင်ဘာ-၎

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင် တစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော် မောင် ၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ် ရိုင်းပြ ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့် နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် တင်မောင်လွင် တရားလိုပြု၍ ထိုအမှုအား သံတွဲမြို့နယ်တရားရုံး၌ တရားစွဲဆို ရာတွင်တရားရုံး၏လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးချက်၊တရားခံ၏၀န်ခံချက်တို့အရပြစ်မှုကျူး လွန်ထား ကြောင်းမှာထင်ရှားသည်ဖြစ်၍ ဥပဒေပုဒ်မ၂၉၅(သာသနာကိုအကြည်ညိုပျက်စေမှု) အရ မြို့နယ်တရားရုံးက တရားခံအောင်ကျော်မိုးအား အလုပ်နှင့် ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စီရင်ချက်ချသည့်နေ့တွင် တရားခွင်သို့ ရောက်ခဲ့သူ သံတွဲမြို့ခံတစ်ဦးက "စီရင်ချက်မှာ တရားခံက မင်းဘုရားက ငါ့(xxx)ပဲ။မင်းတို့ကငါ့(xxx)ကို ကိုးကွယ်နေကြတာပဲ။ မင်းတို့ဘုရားက ကုလားပဲ ဆိုတဲ့ ယုတ်ညံ့တဲ့ဆဲဆိုမှုတွေ ကိုထပ်ခါတလဲလဲလုပ်ခဲ့တယ်၊ တရားခံ ကိုယ်တိုင်ကလည်း ၀န်ခံထားတယ်လို့ မြို့နယ်တရားသူကြီးက ဆိုတယ်"ဟု ပြန်ပြော ပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံတွဲမြို့စည်းကမ်းထိန်း သိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကောသလ္လက "ပြဿနာဖြစ်လိုက်တိုင်း ဖြစ်ရတဲ့အကြောင်းရင်းကိုကြည့်ရင် သူတို့ ဘက်ကစတာပဲတွေ့ရလိမ့်မယ်။ ဒါဟာ စနစ်တကျ လေ့ကျင့်ထားတဲ့စစ်ဆင်ရေးတစ်ရပ်လိုဖြစ်နေတာမို့ ဗုဒ္ဓဘာ သာဝင် တွေ အထူးကရုစိုက်ဖို့ လိုနေပြီလို့ပဲ သတိပေးချင်ပါတယ်"ဟု မိန့်ကြားခဲ့သည်။

သံတွဲမြို့တွင်ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ဘင်္ဂလီမူဆလင်များအနီးကပ်နေထိုင်လျက်ရှိကြသည်ကြောင့် မတူညီ သော လူမျိုးစုနှစ်ခုကြား တင်းမာမှုများ ရှိနေပြီး၊ ဤအတောအတွင်းဒေသ မငြိမ်မသက်မှုများကြောင့် ဇွန်လ၃၀ ရက်မှ စ၍ ပုဒ်မ ၁၄၄ အမိန့်ကို ထပ်မံထုတ်ဆင့်ထား ရဆဲဖြစ် သည်။

RSV

လက်နက်နဲ့ အတူ ဖမ်းမိတဲ့ ဘင်္ဂါလီလူမျိုး (၃)ဦး အား ဆက်လက် အရေးယူ ဆောင်ရွက်နေ

စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီ အချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေး တာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ စက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။ 

တရားဝင်ကိုင်ဆောင်ခွင့် မရှိသော သေနတ်အား ကိုင်ဆောင်၍ ဘင်္ဂါလီလူမျိုးများအား ဘင်္ဂလားဒေရှ့် နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ကြံစည်အားထုတ်ခဲ့ကြသော ကောင်းမြတ်ဟင်္သာ စက်လှေမှ လှေသား(၁၃)ဦး နှင့် ဘင်္ဂါလီလူမျိုး(၃)ဦးအား မြို့မရဲစခန်း (ပ)၄၄၄/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ၁၉-က ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ 

ဘင်္ဂါလီလူမျိုး(၃)ဦးမှာ ဦးမောင်မောင်(ခ)လာမြား(ဘ) ဦးခင်မောင် ဘင်္ဂါလီလူမျိုး၊ ပေါက်တောမြို့၊ မိုအာမက်ဖာရု(ခ)မောင်မောင်စိုး (၂၆)နှစ်(ဘ)ဦးကျော်မင်း(ခ)မာမွတ်မွန်နစ် ဘင်္ဂါလီ လူမျိုး၊ မောင်တောမြို့နယ်၊ မိုဟာမက်ဟာရှင်း(၃၀)နှစ်(ဘ)ဦးပေါ်ယာဇူ ဘင်္ဂါလီလူမျိုး၊ မောင်တောမြို့ နယ် တို့မှဖြစ်ကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည်

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The Daily Eleven သို့ ပြောကြားသည်။

မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေသည့် မြန်မာများအား လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိပြီး သီတဂူ အထောက်အကူပြု အဖွဲ့မှ လက်ရှိကောက်ခံ ရရှိထားသော အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊ အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ် . . . . .

"သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ခန့် ရထားပြီးပြီ။ လေယာဉ်တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်ကုန်ကျစရိတ်က လေယာဉ်ခမပါ ဒေါ်လာလေးသောင်းလောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး သွားပါမယ်" ဟု ဒေါက်တာမြတ်သူက ပြောကြားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင် ပထမဆုံး အခေါက်အဖြစ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

"အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊ အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ်။ သြဂုတ်လကုန်ပိုင်း မလေးရှားမှာ စအဖမ်းခံ ရကတည်းက ဆရာတော်က ပြန်ခေါ်ဖို့ စီစဉ်နေတာပါ" ဟု ဒေါက်တာမြတ်သူက ဆက်လက်ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင် မြန်မာအလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင် လေဆိပ်၌ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြပြီး မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။ လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ခန့် ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။

၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ လက်မှတ်ရေးထိုး

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ လုပ်ငန်းရှင်များ MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကိုရီးယားနိုင်ငံ၊ Korea Western Power ကုမ္ပဏီ၊ ကိုရီးယား လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရေးအသင်းနှင့် မြန်မာနိုင်ငံမှ Hexa International ကုမ္ပဏီတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ၅၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကြီး ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ ပထမဆုံး ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလည်း ဖြစ်ပါတယ်" ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့သည်။

စီမံကိန်းတွင် ပြည်တွင်းပါတနာအဖြစ် ၀င်ရောက်လုပ်ကိုင်မည့် Hexa Group of Companies အနေဖြင့် စီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း Hexa Group of Companies မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစုံဟန်က ပြောပြခဲ့သည်။

အဆိုပါ စီမံကိန်း ပြီးစီးပါက သီလ၀ါ အထူးစီးပွားရေးဇုန်တွင် သုံးစွဲရန်အတွက် လျှပ်စစ်မီး အဓိက ပေးသွားမည်ဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်အတွင်း၌ လိုအပ်သည့် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်များ ချုပ်ဆိုပြီးစီးပါက တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်ကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Korea Western Power ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်လုပ်ကိုင်လျက် ရှိနေကြောင်း သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီ၏ ရေအားလျှပ်စစ် စီမံကိန်းမှ ဓာတ်အားကို တစ်ယူနစ် ကျပ် ၇၀ ဖြင့် အစိုးရက ပြန်ဝယ်ရမည်၊ စီမံကိန်းမှာ ကျပ် ၂၃၀ ဘီလျံကျော်ကုန်ပြီး ယခုတစ်နှစ်တည်း အတွက်ပင် ကျပ်ဘီလျံ ၃၀ အေးရှားဝေါလ် ပြန်ရ

အေးရှားဝေါလ် ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ)မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြင့် ပြန်လည်ဝယ်ယူရန် သဘောတူထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်ပင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အေးရှားဝေါလ် ကုမ္ပဏီသို့ ပေးချေရမည့် ပမာဏမှာ ကျပ်ဘီလျံ ၃၀ (ကျပ်သန်းပေါင်း ၃၀၀၀၀ နီးပါး) အထိ ရှိကြောင်းနှင့် သောက်ရေခပ် (၂) စီမံကိန်း ကုန်ကျစရိတ် (ရင်းနှီးမြှုပ်နှံမှု ပမာဏ) မှာ ကျပ် ၂၃၀ ဘီလျံကျော် ဖြစ်သည်ဟုလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သောက်ရေခပ် ချောင်းပေါ်တွင် တည်ဆောက်ထားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ရန် ၂၀၀၈ ခုနှစ် မေ ၂ ရက်က လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပဋိညာဉ်စာချုပ် ချုပ်ဆိုလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီမှ တစ်ယူနစ် ၇၅ ကျပ်နှုန်း စတင်တောင်းခံခြင်းဖြစ်ပြီး ကုန်ကျစရိတ်များအား ပြန်လည်တွက်ချက်ကာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြင့် ၀ယ်ယူရန် ပြင်ဆင်ညှိနှိုင်း ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်သာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြစ်ပြီး နှစ်စဉ်တစ်ယူနစ် ဓာတ်အားခဈေးနှုန်းကို ပြင်ဆင်သွားရန် ရှိသည်ဟု . . . . .

သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် စီးပွားဖြစ် စတင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဓာတ်အားများကို စာချုပ်ဝယ်ယူခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ အေးရှားဝေါလ် ကုမ္ပဏီထံမှ လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း ၄၂၇ ကျော်ကို ၀ယ်ယူမည် ဖြစ်ကြောင်းနှင့် ယခုတစ်နှစ်စာအတွက် အေးရှားဝေါလ် ကုမ္ပဏီသို့ ကျပ်သန်းပေါင်း ၃၀၀၀၀ (၃၀ ဘီလျံနီးပါး) နီးပါးအထိ ကုမ္ပဏီသို့ ပေးချေရမည် ဖြစ်သည်။

အဆိုပါ ကုန်ကျငွေများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ဘတ်ဂျက်အတွင်းမှ စိုက်ထုတ်ပေးချေရမည် ဖြစ်ကြောင်းလည်း သိရသည်။

သောက်ရေခပ် (၂) စီမံကိန်းရှိ စက်တပ်ဆင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ကြောင်း၊ ဓာတ်အားများကို ၀ယ်ယူပြီး မဟာဓာတ်အားလိုင်း စနစ်အတွင်း ပို့လွှတ်ဖြန့်ဖြူးကြောင်း သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ တစ်ယူနစ် ၇၅ ကျပ်နှုန်း စတင်တောင်းခံခြင်းဖြစ်ပြီး ကုန်ကျစရိတ်များအား ပြန်လည်တွက်ချက်ကာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြင့် ၀ယ်ယူရန် ပြင်ဆင်ညှိနှိုင်း ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်သာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြစ်ပြီး နှစ်စဉ်တစ်ယူနစ် ဓာတ်အားခဈေးနှုန်းကို ပြင်ဆင်သွားရန် ရှိသည်ဟုလည်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် လက်ရှိတွင် ၀န်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား တစ်ယူနစ် ပျမ်းမျှထုတ်လုပ်ကုန် ကျစရိတ်မှာ ၇၈ ကျပ်အထိရှိပြီး ပြန်လည်ဖြန့်ဖြူးရာတွင် ပျမ်းမျှတစ်ယူနစ် ၅၆ ကျပ်သာ ပြန်ရ၍ တစ်ယူနစ် ၂၂ ကျပ် အရှုံးပေါ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရာ၌ တာပိန် (၁)၊ အထက်ကွမ်းလုံကဲ့သို့ ရေအားလျှပ်စစ် စီမံကိန်းများ၏ ဓာတ်အားခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ကျပ် ၃၀ ကျော်သာ ကျသင့်မည့် အနေအထား ရှိသည်ဟုလည်း သိရသည်။

ထို့ထက်ပို၍ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့်လုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီ အသိုင်းအ၀ိုင်းအတွင်း ပြောကြားချက် အချို့အရ ရဲရွာ၏ တစ်ယူနစ် ဓာတ်အားကုန်ကျစရိတ်မှာ ကျပ် ၃၀ မှ ၄၀ ကြားသာ ကျသင့်သည်ဟုလည်း စုံစမ်းသိရသည်။

ထိုင်း၌ကျင်းပသည့် မဟာမဲခေါင်ဒေသဉာဏ်ရည်မသန်စွမ်းသူများနှီးနှောဆွေးနွေးပွဲသို့ မြန်မာကြယ်ပွင့်များတက်ရောက်

ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၄ရက်မှ ၆ရက်နေ့အထိ ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ဉာဏ်ရည် မသန် စွမ်းသူများ ကိုယ့်အားကိုယ်ကိုးအဖွဲ့ နှီးနှောဖလှယ်ဆွေးနွေးပွဲ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန် နည်း ဗျူဟာအား ဉာဏ်ရည်မသန်စွမ်းသူများ နားလည်လွယ်စေရန်အတွက် နှီးနှောဖလှယ် ဆွေးနွေးပွဲ တက်ရောက်နိုင်ရေး လူမှု ဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း အခြေပြုအနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့မှ ဉာဏ်ရည်မသန်စွမ်းသူလူငယ် ၁၀ဦး တက်ရောက်ခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို  အာရှ- ပစိဖိတ်မသန်စွမ်းသူများဗဟိုဌာန ( Asia Pacific Center of Disabilities- APCD )၊ ယူအင်န်အက်စ်ကက် ( UN-ESCAP )၊ ဂျပန် အာဆီယံပေါင်းစည်းရေး ရန်ပုံငွေအဖွဲ့ (  Japan Asean Integration Fund- JAIF ) နှင့် ထိုင်းနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများအဖွဲ့(  Association for Persons with Intellectual Disabilities of Thailand ) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ကို တွေ့ရင်ပတ်ဝန်းကျင်က ရယ်စရာ လှောင်ပြောင်စရာလို့ ယူဆပြီး နောက်ပြောင်ကြ အထင်သေးကြပါတယ်။ ကျွန်တော်တို့ မိသားစုတွေလည်း မျက်နှာငယ်ကြပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံခြားမှာ ဆွေးနွေးပွဲတက်ရောက်ရမှာဆိုတော့ကျွန်တော်တို့ကို အသိအမှတ်ပြုပေးလို့ဝမ်းသာပါတယ် " ဟု အနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ့်အားကိုယ်ကိုး အဖွဲ့ဒုတိယ ခေါင်းဆောင် မောင်ကောင်းထက်နိုင်က ပြောကြားပါသည်။


အဆိုပါ ဆွေးနွေးပွဲများသို့ ဉာဏ်ရည်မသန်စွမ်း လူငယ် ၁၀-ဦး၊ ကူညီစောင့်ရှောက်သူ သုံးဦး၊ စကားပြန်/ ဘာသာပြန် နှစ်ဦး နှင့်
လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီ နှင့် ဌာနစိတ်မှူး ဒေါ်အေးအေးဝင်းတို့ပါဝင် တက်ရောက်ရန်အတွက် စက်တင်ဘာ၃ရက် နံနက်ပိုင်းက ဘန်ကောက်သို့ ထိုင်း အဲဝေးလေယာဉ်ဖြင့် ထွက်ခွာသည်။

" ကျွန်မတို့ အကတိုက်ထားပါတယ်။ ဟိုမှာ နိုင်ငံအလိုက် ကပြရမှာဆိုတော့၊ ကျွန်မတို့လည်း ကောင်းကောင်း ကတတ်အောင် လေ့ကျင့် ထားပါတယ်။ " ဟု ဆွေးနွေးပွဲတက်ရောက်မည့် မထက်ထက်ဝေက ပြောသည်။

မောင်ဇော်နိုင်လင်းဦးကလည်း စကားလုံးများကို ကြိုးစားအသံထွက်ရင်း " ကျွန်တော်တို့ကို သူများတွေက အထင်သေးတယ်။ လူကြီးတွေက ဆူတယ်။ ကျွန်တော် မကြိုက်ဘူး။ ငွေရတဲ့အလုပ် လုပ်ချင်တယ်။ ဟိုရောက်ရင် ဒါတွေပြောမယ်  " ဟု
၎င်းက ပြောသည်။


မသန်စွမ်းသူများဟုဆိုရာ၌ ကိုယ်ခန္ဓာ မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း/ စကားပြောချို့တဲ့၊  အမြင်အာရုံ မသန်စွမ်း၊ အော်တစ်ဇင်နှင့် ဉာဏ်ရည်မသန်စွမ်းစသည်ဖြင့် မသန်စွမ်းအမျိုးမျိုးရှိကြောင်း၊ မသန်စွမ်းတွေအမျိုးမျိုးအနက်၊ ကိုယ်ခန္ဓာ မသန်စွမ်း၊ ဆွံ့အ နားမကြား၊ မျက်မမြင်စသည့် မသန်စွမ်းများအတွက် အပြည့်အ၀ လွှမ်းခြုံမှုမပေးနိုင်သေးသော်လည်း ယခင် ကတည်းက ကူညီဆောင်ရွက်ပေးခဲ့သည့်အဖွဲ့အစည်းများရှိကြောင်း၊ သင်္ကေတ အချက်ပြ ဆက်သွယ်ရေး ဘာသာစကား (Sign Language )၊ မျက်မမြင်စာနှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကူညီထောက်ပံ့ခြင်းတို့ဖြင့် ၄င်းတို့ဘ၀အဆများစွာ တိုးတက်စေသည်ဟု အနာဂတ်ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်းသူများကိုယ်ထူကိုယ်ထအဖွဲ့ ဆက်သွယ်ရေး တာဝန်ခံ ဒေါ်ခင်မျိုးစုက ဆိုသည်။

"ဉာဏ်ရည် မသန်စွမ်းတွေ ကတော့ အဖွဲ့အစည်းမရှိသေးပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဉာဏ်ရည် မသန်စွမ်းသည့်အတွက် သူတို့ကိုယ်တိုင် မလုပ်နိုင်ကြပါဘူး၊ မိသားစုတွေ၊ လုပ်အားပေးတွေ အကူအညီလိုပါသေးတယ်။  ဉာဏ်ရည်မသန်စွမ်းတွေ အတွက် လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ် ပြုစုပေးနေတာပါ။ ဒီကျောင်းရဲ့ ပြုစုစောင့် ရှောက်မှုကြောင့် ဒီကလေးတွေ လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ကြတာပါ။ အခု ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆက် သွယ် လုပ်ဆောင်ခွင့်ရတာ အလွန် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ် " ဟု တာဝန်ခံ ဒေါ်ခင်မျိုးစုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် သဘာဝဘေးဒဏ်လျော့ပါးရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၊ ရှေးဦးကလေးငယ်များ ဖွံ့ဖြိုးရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ် စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေး နှင့်
ပြန်လည်ထူးထောင်ရေး နှင့် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးစသည့် လူမှုစောင့်ရှောက်ရေး နှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

" နိုင်ငံတော်အစိုးရအနေနဲ့ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူများရဲ့ အခွင့်အရေးများ ဥပဒေတစ်ရပ်ကို မူကြမ်းရေးဆွဲလျက် အတည်ပြု ပြဌာန်းနိုင်စေရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ လူမှုစောင့်ရှောက်ရေးလုပ်ငန်းများကိုလည်း အသုံးစရိတ်များ ပိုမို အသုံးပြုပြီး တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ " ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်းမှ
ကျောင်းအုပ်ဆရာမကြီး  ဒေါ်ရီမာတင်က ပြောကြားပါသည်။

အနာဂတ်ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်ထူကိုယ်ထအဖွဲ့ကို ဉာဏ်ရည်မသန်စွမ်းသူများ ဘဝကို ရင်ဆိုင် နိုင်စွမ်းရှိရေး၊ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေးနှင့် မိမိဘာသာဝင်ငွေရှာနိုင်ရေး ရည်မှန်းချက်ရူပါရုံများထားလျက် ဉာဏ်ရည် မသန်စွမ်းသူများအတွက် အတားအဆီးအခက်အခဲများ ဖယ်ရှားပေးလျက် ရည်မှန်းချက်များ ဖြစ်နိုင်စွမ်းသည့် အခြေအနေ ကောင်းများ ဝိုင်းဝန်းဖန်တီးပေးရန် ရည်ရွယ်၍ ဉာဏ်ရည်မသန်စွမ်းလူငယ်များ၊ မိသားစုများနှင့် စေတနာ့ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်

 

တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်

တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း  (CPI) ဟာ သမ္မတဦးသိန်းစိန်က ဆိုင်းငံထားဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို စာချုပ်အတိုင်း ဆက်လုပ် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ၂ ၇က်ကြာ ကျင်းပနေတဲ့  မြန်မာ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒီအစည်းအဝေးကို confexhub  (ကွန်ဖက်ဟတ်) အဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့  စွမ်းအင် ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်ပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စွမ်းအင် စီမံကိန်းတွေအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (CEIA) အစီအစဉ်တွေကို ထည့်သွင်းဆွေးနွေးဖို့ရှိပြီး  မနက်ဖြန်မှာ ဆွေးနွေးပွဲပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ရန်ကုန် အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမျိုးဇော်လင်းနဲ့  ဆက် သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

by ကို​ထွေး​  (ဒီဗွီဘီ)

ထမင်းဆိုင်တွင် ထမင်းကြော်စားစဉ် စကားများပြီး လူသတ်မှုဖြစ်

ပဲခူးမြို့ ရွှေမော်ဓောဘုရားတောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ က ထမင်းကြော်စားနေသူချင်း ရေနွေးအိုးယူသည့် ကိစ္စကို အကြောင်းပြု၍ စကားများရာမှ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ရွှေအောင် ရွေး(၁)လမ်းနေ ယာဉ်မောင်း ဦးမိုးဇော်(ခ)ဇော်မင်းထွေး (၃၄)နှစ်သည် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ရွှေမော်ဓောဘုရား တောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ "မယု" ထမင်းဆိုင်၌ ယာဉ်နောက်လိုက် စိုးသူမြတ်၊ ယာဉ်အမှတ် ဆ/---မှ ယာဉ်မောင်း မင်းသိန်း ထွန်း (ခ) ချန်ဒူးဝမ် မြို့တွင်း ကြီးရပ်ကွက် ပဲခူးမြို့နေသူနှင့် ၎င်း၏ယာဉ်နောက်လိုက် စန်းကိုဦး အလင်းရောင် (၁)လမ်း နန်းတော်ရာရပ်ကွက်နေ သူတို့နှင့်အတူ ထမင်း ကြော် စားနေကြသည်။

ထိုစဉ် ယာဉ်အမှတ် ၄က/---တိုယိုတာနက်ပြာရောင် အမှတ်(၅) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်(အမည် မသိ)တို့ရောက်ရှိလာပြီး ထမင်းကြော်စားကြရာ မင်းသိန်းထွန်း(ခ)ချန်ဒူးဝမ်က ရေနွေးအိုးထယူရာ ၄က/---ယာဉ်မောင်း က "မင်းဘာထလုပ်တာလဲ"ဟု မေးသဖြင့် ချန်ဒူးဝမ်က ရေနွေးအိုးထယူကြောင်း ပြောရာမှ တစ်ယောက်တစ်ခွန်း စကားများကြစဉ်၎က/--- ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူက အရိုးအသွား တစ်ထွာခန့်ရှိ ဓားဦးချွန်ဖြင့် ချန်ဒူးဝမ်အား ထိုးသည်ဟုဆိုသည်။

ချန်ဒူးဝမ် ဝဲဘက်ရင်ဘတ်၊ ရင်ဘတ်အောက်၊ ယာမျက်လုံးအပေါ်တို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီရ ရှိစဉ် စိုးသူမြတ်က ထဆွဲရာ စိုးသူမြတ်ကိုဓားဖြင့် ဆက်လက် ထိုးသဖြင့် ၎င်း၏ယာလက်မောင်း၌ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိသွားပြီး ၄က/---ယာဉ်မှာ ပြန်လည်ထွက်ခွာသွားသည်။ဒဏ်ရာများရရှိထားသော ချန်ဒူးဝမ်နှင့် စိုးသူမြတ်တို့အား ပဲခူးဆေးရုံပို့ဆောင်ခဲ့ရာ မင်းသိန်းထွန်း (ခ) ချန်ဒူးဝမ်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမိုးဇော်(ခ)ဇော်မင်းထွေးက ပြစ်မှုကျူးလွန်ပြီး ရှောင်တိမ်းသွားသူ ၄က/--- အမည်မသိ ယာဉ်နောက်လိုက် (စိစစ်ဆဲ)ကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူပေးပါရန် ပဲခူးမြို့မရဲစခန်းသို့ လာရောက်တိုင် တန်းသဖြင့် (ပ)၅၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူးလှသိန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နေထက်ဝင်း)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ဓါးကိုင်ရမ်းကားသည့် ရူးသွပ်နေသူကိုဖမ်းဆီး

နေပြည်တော်၊ စက်တင်ဘာ ၃

၃၀-၈-၂၀၁၃ ရက်နေ့ ၁၉၅၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ ၁၆ လမ်း(၈၀x၈၁)လမ်းကြားတွင် လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ အောင်မြေသာစံ အမှတ်(၄)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အောင်မြေသာစံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ်သို့ ဖမ်းဆီးရန် သွားရောက်ခဲ့သည်။ 

အထက်ပါနေရာတွင် ပြည်လုံးချမ်းသာရပ်နေ အုန်းကြီး(ခ)စိုင်းကျော်ထက်သိန်း(ခ) စိုင်းကိုကို(၃၀)နှစ်က အရိုးအသွား(၈)လက်မခန့်ရှိဓါးဦးချွန်၊ မီးဖိုဆောင် သုံးဓါး(၁)ချောင်း၊ အရှည်(၁၀)လက်မရှိ လက်ကိုင်ကွေးထားသော ဆိုင်ကယ်စပုတ်တံ (၁)ချောင်းတို့ ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာများအား လိုက်လံ ထိုးနှက်ရန်ပြုနေသည်ကိုတွေ့ရသဖြင့် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် အုန်းကြီးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး (၁၅x၈၂)လမ်းထောင့်၌ စက်ဘီးစီး လာသည့် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်နေ ၀င်းထွန်း(၃၂)နှစ်အားရန်ပြုခဲ့သဖြင့် ၀င်းထွန်းတွင် မေးရိုးယာဘက် ပြတ်ရှဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ၎င်းသည် ဆက်လက်ထွက်ပြေးသွားပြီး(၈၂)လမ်း၊ (၁၅x၁၆)လမ်းကြားသို့အရောက် ပြည်လုံးချမ်းသာ ရပ်နေ ဇော်မင်းဦး(၄၂)နှစ်အား ဆက်လက်ရန်ပြုခဲ့သဖြင့် ဇော်မင်းဦးတွင် ယာလက်မောင်း ပြတ်ရှ၊ ၀ဲလက်ဖျံ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် မန္တလေးဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းဖမ်းဆီး ခဲ့ရာ အုန်းကြီးကို နောက်စေ့နှင့်ဦးခေါင်းထိပ်တို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သောကြောင့် မန္တလေးဆေးရုံ သို့တင်ပို့ကုသခဲ့ပြီး အုန်းကြီးနှင့်အတူနေအဒေါ်ဖြစ်သူ ဒေါ်ဇင်မာဝင်း(၄၀)နှစ်အား မေးမြန်း စုံစမ်းချက်အရ အုန်းကြီး သည် ငယ်စဉ်ကတည်းက စိတ်ပုံမှန်မဟုတ်ဘဲ ရူးသွပ်နေသောကြောင့် ထိန်းမရသဖြင့် လွှတ်ထားရခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် အုန်းကြီး(ခ)စိုင်းကျော်ထက်သိန်း(ခ) စိုင်းကိုကိုအား မန္တလေး ဆေးရုံကြီးမှ စိတ်ကျန်းမာရေး ဌာနသို့ လွှဲပြောင်းကုသစေလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မန္တလေးတွင် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား

မန္တလေးတိုင်း ရဲရုံးတွင် တာဝန်ကျနေသော ရဲအချင်းချင်း စကားများရာမှ သေနတ်နှင့် ပစ်ခတ်မှု စက်တင်ဘာလ ၂ရက်နေ့ ဖြစ်ပွားခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့သည်။

ယင်းနေ့ ညပိုင်း ၁၁နာရီအချိန်တွင် မှုခင်းအကူတပ်ဖွဲ့ရုံးတွင် ရဲအုပ်ဦးမောင်တင့်ကို ဒုရဲအုပ် သိန်းသန်းစိုးမှ တာဝန်ကျရာ အခန်းတွင်းသို့ ၀င်ရောက်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ဘယ်ဘက်နားထင်သို့ ပစ်ခတ်ရာ ကျည်ဆန်တုတ်ချင်းပေါက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပစ်သတ်ရသည့် အကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

တရားခံ ဒုရဲအုပ် သိန်းသန်းစိုးမှာ ယခင်က ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းတိုက်ဖျက်ရေးဘက် ပြောင်းလာခဲ့ပြီး လက်ရှိတွင် မှုခင်းအကူဌာနစိတ်တွင် ဒုရဲအုပ်ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

"ဆရာက သူ့ကို တာဝန်ချိန်မှာ ဘယ်သွားနေတာလဲဆိုပြီး ဖုန်းဆက်မေးလိုက်တာ ကျနော်ကြားတယ်။ နောက်ပိုင်း သူတို့ချင်း ဖုန်းနဲ့ ဘာတွေစကားများလည်းတော့ မသိဘူး။ သိန်းသန်းစိုး ညပိုင်းလာပြီး စာရေးပြီး ထိုင်နေတဲ့ ဆရာ့ခေါင်းကို သေနတ်နဲ့ ပစ်သွားတာပါ။ တကယ်တော့ ဆရာကော၊ သူကော အေးဆေးနေတတ်တဲ့ လူတွေပါ။ ဘာကနေ ဘယ်လို ဖြစ်သွားတာလဲ သေချာမသိဘူး။ သိန်းသန်းစိုးကတော့ ငယ်လည်း ငယ်တယ်။ ချောတော့ ကောင်မလေးတွေလည်း ကြည်တယ်။ ကြည့်ရတာ အဲဒီနေ့က ကောင်မလေးတွေနဲ့များ စကားများလာတာလား သေချာတော့ မသိဘူး" ဟု သေဆုံးသွားသည့် ရဲအုပ် ဦးမောင်တင့်၏ တပည့်ဖြစ်သူက ပြောသည်။

သေဆုံးသွားသည့် ရဲအုပ်တွင် သားသမီးနှစ်ဦးကျန်ရှိခဲ့ပြီး ရုပ်အလောင်းကို ယနေ့နေ့လည် ၂နာရီခွဲကျော်က ကြာနီကန်သုသာန်သို့ ပို့ဆောင် သဂြိုဟ်လိုက်ပြီ ဖြစ်သည်။

ပစ်ခတ်သည့် သေနတ်အမျိုးစားမှာ ခြောက်လုံးပြူးဖြစ်ပြီး စမစ်အမျိုးအစား V73918 ဖြစ်သည်။ တရားခံကို အမှတ် ၈ ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုတွဲများကို အခင်းဖြစ်စဉ်အပိုင် အမှတ် ၃ တွင် /၃၉၇- ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


ယခုလကုန်ပိုင်း အတွင်း ကျောက်ဖြူဒေသ အနီးတစ်ဝိုက်၌ လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူး ပေးသွားရန်ရှိ

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းမှ သဘာဝ ဓါတ်ငွေ့များ ထုတ်ပြီး ဂတ်စ်အင်ဂျင်များ တပ်ကာ

ယခုလကုန်ပိုင်း အတွင်းမှ စတင်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူ ဒေသအနီး တစ်ဝိုက်မှာ လျှပ်စစ် ဓါတ်အားများ စတင်ဖြန့်ဖြူး ပေးတော့မှာ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက် ရေးစီမံကိန်းမှ သဘာဝ ဓါတ်ငွေ့များကို တရုတ်နိုင်ငံကို စတင်တင်ပို့ နေပြီ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကျောက်ဖြူ ဒေသရှိ သဘာဝ ဓါတ်ငွေ့ အသုံးပြုလို့ ရမယ့် နေရာတွေမှာ အရေးပေါ် ဂတ်စ် တာဘိုင်များ တပ်ဆင်ပြီး စတင် လည်ပတ် နိုင်အောင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဂတ်စ်တာ ဘိုင်များ စတင် လည်ပတ် နိုင်ပါက ကျောက်ဖြူဒေသ အနီး တစ်ဝိုက်ရှိ မြို့များဟာ လျှပ်စစ်မီး စတင် ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အဆိုပါ စီမံကိန်း နဲ့အတူ ရခိုင်ပြည်နယ်ရှိ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ဆောင်ရွက်မှု ဟာလည်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။

 

အဆိုပါ ရေနံစိမ်း ပိုက်လိုင်းဟာ ဆိုရင် တစ်နှစ်ကို ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မှာ ဖြစ်ပြီး Process Stations ခုနဲ့ တန်ချိန် သိန်း အဆင့်ရှိ ရေနံစိမ်း ဆိပ်ကမ်း တစ်ခုကို တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ရခိုင်ပြည်နယ်ရှိ ဒေသများကို လျှပ်စစ် ဓါတ်အား ပေးနိုင်ရန် အတွက် ဓါတ်အားလိုင်း တည်ဆောက်မှု စီမံကိန်းများကိုပါ ဆောင်ရွက် နေပြီး အဆိုပါ ဓါတ်အား လိုင်းမှ ၂၀၁၄ ခုနှစ် အကုန်မှာ လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူး ပေးနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

 

ပဲခူးမြစ်မှ ရေချိုရရှိရေး အတွက် ဆာဗေး တိုင်းတာမှုများ ပြုလုပ်လျက်ရှိ

 

ပို့ဆောင်ရေး ၀န်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ဒိန်းမတ် နိုင်ငံ Grontmij ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ပဲခူးမြစ်မှ

ရေချိုရရှိရေး အတွက် ရေကြောင်း တိုင်းတာမှုများ ပြုလုပ်လျက်ရှိပြီး ဒီလိုပြုလုပ်ရာ မှာလည်း ရန်ကုန်နဲ့ ပဲခူးကြားရှိ ဒါးပိန်အထိ တိုင်းတာမှု ပြုလုပ်နေရာ ယခု စက်တင်ဘာ လထဲမှာ ပြီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရေချိုရရှိရေးကို ရှေးဦးစွာ ဆာဗေး လေ့လာမှုတွေ ပြုလုပ်ပြီးပါက နောက်ပိုင်းမှာ ဒီဇိုင်းဆွဲ ကုန်ကျစရိတ် တွက်ချက်ပြီး EIA/ SIA သို့ တင်ပြရမှာ ဖြစ်ပါတယ်။

 

အခုလို အဆင့်ဆင့် တွက်ချက်ပြီး ပါကလည်း အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အတွက် လုပ်ဆောင်မယ့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ သွားမှာဖြစ်ပြီး ဒိန်းမတ်နိုင်ငံ Grontmij ကုမ္ပဏီနဲ့ နည်းပညာပိုင်းများ ကူညီပံ့ပိုးပေး သွားမှာ ဖြစ်တယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ပဲခူးမြစ်မှ ရေချိုရေသန့် ရရှိပါက သီလ၀ါ အထူးစီးပွားရေး ဇုန်ကို အဓိက ပေးဝေ သွားဖို့နဲ့ သီလ၀ါ ဒေသအနီးရှိ ကျေးရွာများမှာပါ ရေချိုရရှိရေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

ပြည်သူတွေ အတွက် သန်းခေါင် စာရင်း အသိပညာပေးရေး လက်စွဲစာစောင်များ ထုတ်ဝေ သွားရန်ရှိ

၂၀၁၄ ခုနှစ်တွင် ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အတွက် သန်းခေါင် စာရင်းနဲ့ ပတ်သက်တဲ့ အသိပညာပေး လက်စွဲစာစောင်

တွေကို ပြည်သူတွေကို ထုတ်ဝေ သွားဖို့ ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

 

အခုလို ရေးဆွဲရာမှာ သန်းခေါင် စာရင်းနဲ့ ပတ်သက်တာ တွေကို ပြည်သူတွေ တင်မကဘဲ သန်းခေါင်စာရင်း ကောက်ရာမှာ မေးမယ့် မေးခွန်းနဲ့ ပတ်သက်တာတွေ၊ မေးခွန်းတစ်ခုစီ အတွက် ဘယ်လိုမေးရမယ် စတာတွေကို စာရင်းကောက်သူတွေ သိရှိစေရန်လည်း စာရင်း ကောက်သူတွေ အတွက် လက်စွဲစာစောင် တွေကို ရေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ရေးဆွဲရာမှာ လိုအပ်တဲ့ အကူအညီ တွေကို UNFPA က ထောက်ပံ့ပေး တယ်လို့ သိရပြီး ယခုနှစ်ကုန်ပိုင်း အတွင်း ထုတ်ဝေနိုင်အောင် စီစဉ်လျက် ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 

ငါးပိတွင် ဓာတ်မြေသြဇာပါသည့်ဂယက်ကြောင့် ရောင်းအား ၈၀ ရာခိုင်နှုန်း ကျဆင်း

စားသုံးသူဈေးကွက်အတွင်းသို့ ၀င်ရောက်လာသောငါးပိများတွင် ဓာတ်မြေသြဇာအသုံးပြုထားသည် ဆိုသည့် သတင်းများကြောင့် ငါးပိရောင်းလိုအားမှာ ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း
ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အသင်းဖြစ်မြောက်ရေးကော်မတီနာယက ဦးမောင်မောင်သိန်းက မဇ္ဈိမသို့ ပြောသည်။

"အရင်တုန်းကဆိုရင် ငါးပိဿာရောင်းရရင် အခုလေးပိဿာပဲရောင်းရတော့ ရောင်းအားက အရမ်းကျ သွားတယ်"ဟု ဦးမောင်မောင်သိန်းက ဆိုသည်။

ဓာတ်မြေသြဇာကို ငါးပိတွင် အသုံးပြုထားသည်ဆိုသည့်သတင်းများကြောင့် ရန်ကုန်မြို့ရှိဆိုင်များတွင် ရောင်းအား များ ရုတ်တရက်ကျဆင်းသွားသည်ဟု ဦးမောင်မောင်သိန်းက ဆက်လက်ပြောသည်။

ရောင်းအားကျသွားပြီး ရောင်းဈေးမှာမူ ပုံမှန်အတိုင်းပင်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ထမင်းဆိုင်အချို့တွင်လည်း ငါးပိရည်ကို အသုံးမပြုတော့ဘဲ ငံပြာရည်ချက်များကို သုံးတော့ကြောင်းကို ဆရာစံလမ်း တွင် ထမင်းဆိုင်ဖွင့်လှစ်ထားသည့် အသက် ၅၀ ခန့်အရွယ်အမျိုးသမီးတစ်ဦးက
"ဂျာနယ် တွေမှာ ပါကတည်းက ဆိုင်မှာ လုံးဝ ငါးပိရည်မသုံးတော့ဘူး။ ငံပြာရည်တို့ ဘာတို့ကိုပဲ သုံးတော့တယ်" ဟု ဆိုသည်။

တောင်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည့် မချိုက ဆင်းရဲသားများတွင် အားပြုစားနေရသည့် ငါးပိရည်ကို မသမာမှုပြုသည့်အတွက် စားစရာပင်မရှိတော့ဟု ခံစားရကြောင်းနှင့် ကိုယ်တိုင်လုပ်ရောင်းသည့် သူများထံတွင် ၀ယ်စားကြောင်း "မျက်နှာသိ ငါးပိပဲဝယ်တော့တယ်"ဟု ပြောသည်။

စက်မှုဇုန်လုပ်ငန်းရှင်များက ငါးပိကို ဓာတ်မြေသြဇာအသုံးပြုထုတ်လုပ်ခြင်း လုံးဝမရှိကြောင်း၊ ဈေးပေါပေါနှင့် နယ်မှလာရောင်းချပါက သတိထား စားသုံးသင့်ကြောင်း ဦးမောင်မောင်သိန်းက အကြံပြုပြောသည်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ယခုလောလောဆယ်တွင် ဓာတ်မြေသြဇာ အသုံးပြု ထားသည်ဟု ယူဆရသော ငါးပိများကို စစ်ဆေးရန် အစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေး ဦးစီးဌာနသို့ ပေးပို့ထားပြီး စက်တင်ဘာ ၃ရက်မှ စတင်ကာ ငါးပိလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရန်ကုန် တိုင်းဒေသကြီးရှိ ငါးပိ လုပ်ငန်းများကို သွားရောက်စစ်ဆေးတော့မည်ဖြစ်ကြောင်း ရှင်းပြသည်။

"ဒါတွေကို စစ်ဆေးပြီးသွားရင် တံဆိပ်တွေသတ်မှတ်ပြီး ဘယ်ဟာက စားသုံးသင့်တယ်၊ ဘယ်ဟာက မစားသုံး သင့်ဘူးဆိုတာတွေကို ထုတ်ပြန်သွားမယ်"ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသမှထွက်ရှိသော ငါးပိများတွင် ငါးများကို လျင်မြန်စွာနူးစေရန်အတွက် ဓာတ်မြေသြဇာ အသုံးပြု ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

လက်နက်ကြီးဖြင့် ရွာထဲ ပစ်သွင်းသောကြောင့် ရွာသားတဦး သေဆုံး

မြန်မာအစိုးရစစ်တပ် ခလရ (၁၇) သည်  ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပါလိုင် ကျေးရွာ ထဲသို့ လက်နက်ကြီး ပစ်သွင်း သဖြင့် ရွာသား တဦး ဗိုက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး သေဆုံး သွားသည်ဟု ပါလိုင် ရွာသား တဦးက ဆိုပါသည်။

" သေဆုံးသူ ကတော့  ဦးစံမတ် (၃၃)နှစ် ဆိုသူပါ။ တိုက်ပွဲ ဖြစ်ဖြစ် ချင်းမှာ သူရဲ့ အမျိုးသမီး နဲ့ကလေး တွေကို  အိမ်အောက်ကို အရင် ရှောင်ခိုင်းတယ်။ သူကတော့ အိမ်ပေါ်မှာ ရှိနေစဉ်မှာ ကိုဘဲ လက်နက်ကြီး ထိမှန် ပြီးတော့ မကြာ ပါဘူး ဆုံးသွား ရှာတယ်လေ" ဟု ဆိုပါသည်။

တိုက်ပွဲသည် ပါလိုင် ကျေးရွာ အနီး၌ ရှိနေသော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၂၅၆ တပ်ခွဲအား အင်အား (၇၀) ခန့် ရှိသည့်  နမ့်လန် အခြေ စိုက် ခလရ၁၇ တပ်ဖွဲ့ဝင် များက ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်လွဲ ၄ နာရီ အချိန်တွင် ၀င်ရောက် တိုက်ခိုက်ရာ  မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ် ရင်း ၂၅၆ မှ တပ်ခွဲ အရာခံဗိုလ် အိုက်မောင်း က ဆိုပါသည်။

အစိုးရ တပ်များသည် ပါလိုင် ကျေးရွာ ထဲသို့ လက်နက်ကြီး ၁၀ ချက် ပစ်သွင်းခဲ့ ပါသည်။ ဤကဲ့သို့ ကျေးရွာ အပေါ် တိုက်ခိုက် လာမှုကြောင့် TNLA တပ်များ ၄င်းနေရာမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် TNLA တပ်များ သွားလေရာ လမ်းကြောင်းကို ပိတ်ဆို့ခြင်း။ ကျေးရွာ အနီးအနားတွင် စောင့်ပစ်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်နေရပြီး  ယခုတိုက် ပွဲသည်လည်း ပါလိုင် ကျေးရွာနှင့် နီးနေသဖြင့် ရွာသားများ ထိခိုက်မှာ စိုးသဖြင့် ဆုတ် ပေးခြင်း ဖြစ်ကြောင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးမှ ဗဟိုကော်မီတီဝင် မိုင်အိုက်ညမ်း က ဆိုပါသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ ၌လည်း ကျောက်မဲ အခြေစိုက် ခမရ (၅၀၂) တပ်ဖွဲ့သည် TNLA နှင့် နမ့်ဆန်မြို့နယ် ပန်းယမ်း ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အသက် (၈၇) နှစ် အရွယ်ရှိ ဦးဘအေး ဆိုသူ ရွာသား တဦးအား အိမ်ထဲ၌ ၀င်ပြီး အကြောင်းမဲ့ ပစ်ခတ် သွားခဲ့ပါသည်။

အစိုးရ တပ်များသည် ကျေးရွာ အနီးအနား၌ တိုက်ပွဲများ ဖေါ်ကြပြီး ကျေးရွာ ထဲသို့ လက်နက်ကြီးဖြင့် ပစ်သွင်းခြင်း၊ ရွာသားများကို ပစ်သတ်ခြင်းနှင့် ရိုက်နှက် ညှင်းဆဲမှုများ နည်းလမ်းကို မကြာခဏ ကျင့်သုံး ကြသည်ဟု မိုင်အိုက်ညမ်း က ဆိုပါသည်။

ဤသို့ကြောင့်TNLA သည် ကျေးရွာနှင့် နီးသော တိုက်ပွဲ များကို အမြန် အဆုံး သတ်ပြီး နောက်ဆုတ် ပေးသည်ချည်း ဖြစ်နေရာ လောလောဆယ်  တွင်လည်း အစိုးရ ခလရ ၁၇ တပ်ဖွဲ့များ  (TNLA) တပ်ရင်း ၂၅၆ တပ်ဖွဲ့များ နောက်သို့ ထပ်ကြပ် မကွာ လိုက်လံ စစ်ဆင်လျှက် ရှိသည်ဟု ဆိုပါသည်။

TNLA သည် ကျေးရွာ စည်းရုံးရေး လုပ်ငန်း စဉ်များနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ဆက်လက် အကောင် အထည် ဖေါ်သွားမည် ဖြစ်သဖြင့်  အစိုးရ တပ်များ သည်လည်း အထက်ပါ အတိုင်း ဆက်လက် ပိတ်ဆို့ ဟန့်တား နိုင်မည်ဖြစ်ရာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိနေကြောင်း မိုင်းအိုက်ညမ်း က ဆိုပါ သည်။

TNLA နှင့်အစိုးရ တို့သည် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။ အပစ်အခတ် ရပ်စဲနိုင်ရန် သြဂုတ်လ ပထမ အပါတ်တွင် ထပ်မံ တွေ့ဆုံရန် ချိန်းဆို ထားသော်လည်း အစိုးရ ဖက်မှ ၄င်းတို့အား လိုက်လံ တိုက်ခိုက် နေခြင်းကြောင့် ယုံကြည်မှု မရှိသဖြင့် TNLA ဖက်မှ တွေ့ဆုံမှုကို ရပ်တန့် ထားပါသည်။

အစိုးရ ကိုယ်စားလှယ် များသည် TNLA နှင့် မကြာမီ ၌ပင် နှစ်ဖက် ထပ်မံ တွေ့ဆုံရန် ရှိနေသည်ဟု ထုတ်ဖော် ပြောကြား နေသော်လည်း ယနေ့ အထိ တွေ့ဆုံ ဆွေးနွေးမှု မရှိ သေးကြောင်း အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်၊

ဤသို့ကြောင့်ယခု တိုက်ပွဲ အပါအ၀င်  TNLA သည် အစိုးရ တို့နှင့် ဇူလိုင်လ မူဆယ် ဆွေးနွေးမှု နောက်ပိုင်း တွင် ၅ ကြိမ် မြောက် တိုက်ခိုက် ခံရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

သံတွဲ အစ္စလာမ် ဘာသာဝင် တက္ကသိုလ်ကျောင်းသားများ ရန်ကုန်နှင့် ဧရာဝတီတွင် ပညာ သင်ကြားခွင့်ရရေး ကုလ ကိုယ်စားလှယ် နမ်ဘီးယားအား တင်ပြ

ယမန်နေ့က သံတွဲ ခရိုင်ရုံးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူး ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားနှင့် သံတွဲမြို့မိ မြို့ဖများနှင့် တွေ့ဆုံစဉ် သံတွဲမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်း သားများအနေဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ပညာသင်ကြားခွင့်ရရေး အတွက် တင်ပြခဲ့ကြ သည်ဟု သတင်း ရရှိသည်။

" ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်က တင်ပြတာ ဖြစ်ပါတယ်။ အရင်က စစ်တွေ တက္ကသိုလ်မှာ တက်ရောက် သင်ကြားနိုင်ပေမယ့် အခုတော့ သင်ကြားနိုင်တဲ့ အနေအထား မရှိဘဲ ဖြစ်နေတဲ့ အတွက် စစ်တွေ တက္ကသိုလ်နဲ့ တောင်ကုတ် တက္ကသိုလ်အစား ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ သင်ကြားခွင့် ပြုပေးဖို့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်" ဟု ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ အစ္စလာမ်ဘာသာဝင် ဦးကျော်ကျော်လွှင်က ပြောသည်။

ယမန်နေ့က နံနက် ၁၁ နာရီ ၄၅ မိနစ်မှ နေ့လယ် ၁ နာရီ အထိ နမ်ဘီးယားသည် ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို သံတွဲ ခရိုင်ရုံးတွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် အစ္စလာမ်ဘာသာဝင်များက သူတို့ လိုလားချက် အချို့ကို ဖတ်ကြားတင်ပြခဲ့ရာ ထိုအထဲတွင် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသားများ ဆက်လက် ပညာသင်ကြားခွင့်ရရေးကို  တင်ပြခဲ့ကြသည်။

" ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်က တင်ပြတာကတော့ ကလေးတွေရဲ့ ပညာရေး ကိစ္စ အပါအ၀င် ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို အဓိက တင်ပြခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ ရှေးဘုရင်တွေ လက်ထက်ကတည်းက သံတွဲမှာ နေထိုင်လာခဲ့တယ်။ ဒီလို ပြဿနာမျိုးတွေ တစ်ခါမှ ဖြစ်ပွားခဲ့တာ မရှိဘူး။ အခုတော့ ကြားထဲက ဆူပူလိုသူတွေရဲ့ သွေးထိုးမူကြောင့် ခုလို ဖြစ်လာဖြစ် တယ်။ ဒါကြောင့် ရှေ့မှာ  ဘာသာကြီးနှစ်ရပ်အကြား သံတွဲမြို့မှာ ငြိမ်းချမ်းစွာ နေထိုင်ရေးကို မျှော်လင့်တဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်" ဟု ဆိုသည်။

ရခိုင် ဗုဒ္ဓဘာသာဝင် မြို့မိ မြို့ဖများဘက်ကလည်း အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် သူတို့ လိုလားကြောင်းကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

" ဗုဒ္ဓဘာသာဝင် လူကြီးတွေကလည်း တင်ပြကြပါတယ်။ အရင်က ဒီလို ဖြစ်တာ မရှိဘူး။ အခုမှ ဖြစ်ရတာဟာ ပြင်ပ သွေးထိုး လှုံ့ဆော်မူတွေကြောင့် သံတွဲမှာ ဖြစ်ရတာ ဆိုပြီး တင်ပြကြပါတယ်။ သွေးထိုးလှုံ့ဆော်သူတွေ ကို အချိန်မီ ဖမ်းဆီး အရေးယူနိုင်မယ်ဆိုရင်ဒီလို ပြဿနာတွေ ဖြစ်စရာ မရှိဘူးလို့ တင်ပြကြပါတယ်" ဟု ဦးကျော်ကျော်လွှင်က ပြောသည်။

ကုလ အတွင်းရေးမှူး ကိုယ်စားလှယ် နမ်ဘီးယားကလည်း သံတွဲတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် လူကြီးများကို စုံစုံညီညီ တွေ့ရ၍ ၀မ်းမြောက်ကြောင်း၊ သံတွဲမြို့ကို စံနမူထားကာ ညီညွတ်ကြရန် လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ လူပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မူကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ဒုဗိုလ်အဆင့်ရှိသူ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ထိန်းသိမ်းထား

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့ နယ်ရှိ အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီကေဘီအေက ယနေ့တွင် ပြောကြားလိုက်သည်။

မအူပင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၂၇)မှ ဗိုလ်မှူးဝင်းအောင်က ဒီကေဘီအေမှ ဒုဗိုလ် စောမြစော ဆိုသူကို သြဂုတ်လ ၂၆ရက်နေ့က မအူပင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေ၏
အထူးစစ်ကြောင်းမှူး ဗိုလ်မှူးစောအေ၀မ်းက ကေအိုင်စီသို့ ပြောသည်။

Saw Mya Saw

"အလုပ်လက်မဲ့ဖြစ်နေတဲ့ ဧရာဝတီတိုင်းက လူတွေ ကျနော်တို့ဆီမှာရှိတဲ့ ရာဘာလုပ်ငန်း၊ သစ်မွေးစိုက်ပျိုးရေး လုပ် ငန်း စတဲ့ အလုပ်တွေ လာလုပ်ဖို့ သူ(စောမြစော)ပြန်ခေါ်တော့ အဲလို အဖမ်းခံရတာပဲ။ ဒီလိုငြိမ်းချမ်း ရေးဖော် ဆောင်နေတဲ့ ကာလမှာ စောမြစောကို ဘာပုဒ်မတပ်ပြီး ဖမ်းတာလဲဆိုတာ သိချင်တယ်"ဟု ဗိုလ်မှူးစောအေ၀မ်း က ပြောဆိုသည်။

သြဂုတ်လ ၂၁ရက်က စောမြစောသည် ဘုရားသုံးဆူမြို့မှ ၎င်း၏ ဇာတိ မြောင်းမြသို့ ပြန်သွားပြီးနောက် သြဂုတ်လ ၂၆ရက်နေ့တွင် အဖမ်းဆီးခံရကာ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက  ပြန်လည်လွတ်ပေး မည်ဟု ပြောသော်လည်း ယခုထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒီကေဘီအေက ဆိုသည်။

ဘုရားသုံးဆူမြို့ရှိ အမည်အဖော်လိုသူ အစိုးရနှင့် နီးစပ်သူတစ်ဦးက "သူ့(စောမြစော)ဆီကနေ ကျည်ဆံ နှစ်ထောင့်တွေ့လို့ အဲလိုထိန်းသိမ်းထားလိုက်တာလို့ ကျနော်တို့ ကြားရတယ်။  ပြန်လွတ်ပေးဖို့တော့ အစီအစဉ် ရှိတယ်။ ဘယ်နေ့ဘယ်ရက်မှာ ပြန်လွတ်ပေးမယ်ဆိုတာတော့ ပြောလို့ မရပါဘူး"ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် ဒီကေဘီအေအကြား နှစ်ဖက်ဆက်သွယ်ရေးကိစ္စအတွက် ထားရှိသည့် စစ်ဖက်ရေး ရာ လုံခြုံရေးအဖွဲ့(စရဖ) တာဝန်ရှိသူနှင့် ယမန်နေ့က တွေ့ဆုံခဲ့သလို ယနေ့နံနက် ၈နာရီခန့်၌လည်း တွေ့ဆုံပြီး စောမြစော ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်သွယ်ပေးရန် ပြောဆိုထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောဆိုသည်။

ဗိုလ်မှူးစောအေ၀မ်းက "စရဖနဲ့ ကျနော်တွေ့တဲ့အခါ ကျနော့်လူကို လွတ်ပေးဖို့ (ခမရ-၂၇)နဲ့ ဆက်သွယ်ပေးဖို့ ပြောတယ်။ လွတ်ပေးမယ်ဆိုရင်လည်း အချိန်အတိအကျ ပြောဖို့ပေါ့နော်"ဟု ရှင်းပြသည်။

ဒေသဖွဲ့ဖြိုးရေးအတွက် ရည်ရွယ်၍ ရာဘာ(ကော်)လုပ်ငန်းနှင့် သစ်မွေးစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေ သော ဒီကေဘီအေ အထူးစစ်ကြောင်း အခြေစိုက်ရာ ဘုရားသုံးဆူဒေသတွင် ဧရာဝတီတိုင်းရှိ သံတွဲနှင့် မအူပင် မြို့နယ်တို့မှ လာရောက် အလုပ်လုပ်ကိုင်သည့် ကရင်လူမျိုးဦးရေ ၅၀ ကျော်ရှိသည်ဟု သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေသော အလုပ်သမားများအတွက် တရက်လျှင် မြန်မာကျပ်ငွေ ၄,၅၀၀ မှ ၅,၀၀၀ အထိ လုပ်အားခပေးသောကြောင့် အလုပ်လက်မဲ့ဖြစ်နေသော ဧရာဝတီတိုင်းမှ
အလုပ်သမား များအား ပြန်ခေါ်ရန် စောမြစောကို  စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒီကေဘီအေက ဆိုသည်။

လက်ရှိ စောမြေစော အဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဒီကေဘီအေဌာနချုပ်ရှိ ခေါင်းဆောင်အချို့အပါအ၀င် ဗိုလ်ချုပ် စောလားပွယ်သို့ အသိပေးအကြောင်းကြားထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောသည်။

အဆိုတော် Nကိုင်ရာ စက်တင်ဘာလလယ်တွင် လက်ထပ်မည်


"ကိုယ်မညာတော့ဘူး" သီချင်းဖြင့် ပရိသတ်များအကြား ရေပန်းစားခဲ့သော အဆိုတော် Nကိုင်ရာသည် ရည်းစား သက်တမ်း တစ်နှစ်ကျော်တွင် သူ၏ ချစ်သူ Nဘုန်းအောင်နှင့် လက်ထပ်မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့
ဖြေကြားခဲ့သည်။

" ကျွန်မက ၂၀၁၂ ခုနှစ်လောက်က တောင်ကြီးမှာသီချင်းသွားဆိုတော့ သူနဲ့တွေ့တာပါ။ အသက်ကတော့ ကျွန်မထက် နှစ်နှစ်ကြီးပါတယ်။ ကျွန်မတို့က ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်။ လုပ်နေတုန်းပဲ။ လလယ်
လောက်လုပ်ဖို့ စီစဉ်နေတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ ကျွန်မတို့က ခရစ်ယာန်အနေနဲ့ရော ကချင်အနေနဲ့ရောက သတို့သမီးအပ်နှံပွဲရှိတယ်လေ။ အဲဒါကိုတော့ မိုးကုတ်မှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်မှာကတော့ မင်္ဂလာဆောင်မှာပါ"ဟု ပြောခဲ့သည်။

အဆိုတော်  Nကိုင်ရာသည် ၂၀၀၇ ခုနှစ်တွင် ဂီတအနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး "ကိုယ်မညာ
တော့ဘူး" သီချင်းဖြင့် ပရိသတ်များ၏ အသိအမှတ်ပြုခဲ့ခြင်းကိုခံခဲ့ရသည်။ ယခုအခါတွင် "Lady ကိုင်ရာ" ဆိုသည့်အမည်ဖြင့် စီဒီထွက်ရှိထားပြီး ဗီစီဒီတေးစီးရီးကိုထုတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အလုပ်မှ ရပ်နားခံရပါက ကျွမ်းကျင်သင်တန်းတက်ရန် လုပ်သားများငွေချေးနိုင်တော့မည်

အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှရပ်နားခံရသည့် အလုပ်သမားများသည် အခြားအလုပ်တစ်ခုသို့ ပြောင်းလုပ်ရန် လိုအပ်နေသည့်ကျွမ်းကျင်မှုအတွက် သင်တန်းတက်လိုလျှင် ငွေချေးယူနိုင်တော့မည်ဖြစ်သည်။

လွတ်လပ်ရေးရပြီး နှစ်နှစ်အကြာတွင် ပြဌာန်းခဲ့သည့် အလုပ်အကိုင်နှင့် လေ့ကျင့်သင်ကြားရေး အက်ဥပဒေကို ပယ်ဖျက်ပြီး ပြီးခဲ့သည့်သြဂုတ် ၃၀ ရက်က အသစ်ပြဌာန်းလိုက်သည့် "အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ" တွင် ထိုအချက်ကို ထည့်သွင်းပြဌာန်းထားခြင်းဖြစ်သည်။

ထိုဥပဒေတွင် အလုပ်သမားဝန်ကြီးက ဥက္ကဌအဖြစ်ဦးစီးမည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုအဖွဲ့က ရန်ပုံငွေထားရှိကာ အလုပ်သမားများကို ငွေချေးပေးမည်ဟု ဖော်ပြထားသည်။

အလုပ်ပြုတ်ချိန်တွင် နောက်အလုပ်တစ်ခုအတွက် ကျွမ်းကျင်မှုမြှင့်တင်ရန် ထိုသို့ငွေချေးနိုင်သည်သာမက လက်ရှိ အလုပ်တွင် တာဝန်ထမ်းဆောင်နေစဉ်တွင်လည်း မိမိကျွမ်းကျင်မှုမြှင့်တင်လိုသည့် လုပ်သားများသည် သင်တန်း တက်ရန် ငွေချေးနိုင်သေးကြောင်း ယင်းဥပဒေတွင်ပါရှိသည်။

ဆန္ဒပြလုပ်သားများဘက်မှ မကြာခဏလိုက်လံကူညီသည့် အလုပ်သမားအခွင့် အရေးရှေ့နေ ဦးဌေးက "ဥပဒေထဲမှာ ပါတဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ ပြဌာန်းထားပြီး အကောင်အထည် မဖော်တာ တွေများနေတော့ အလုပ်သမားတွေ နစ်နာနေပါတယ်" ဟု ထောက်ပြသည်။

ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းတက်ရန် ငွေချေးပေးမည့် အလုပ်သမားအမျိုးအစားမှာ စက်မှုလက်မှုလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများမှ အလုပ်သမားများဖြစ်သည်ဟု ဥပဒေတွင်ဖော်ပြထားသဖြင့် ဆောက်လုပ်ရေး လုပ်သားများနှင့် လယ်ယာလုပ်သားများကဲ့သို့သော လုပ်သားများမှာ သင်တန်းတက်ရန် ငွေချေးနိုင်မည်မဟုတ်ပေ။

အလုပ်သမားများ ကျွမ်းကျင်မှုမြှင့်တင်ရန် ထိုကဲ့သို့ငွေချေးပေးမည့်အပြင် လုပ်သားများကို ကျွမ်းကျင်မှု သင်တန်း
ပေးသည့် အလုပ်ရှင်များကိုလည်း ငွေချေးပေးဦးမည်ဟုလည်း ဥပဒေတွင် ထည့်သွင်းပြဌာန်းထားသေးသည်။

"အလုပ်သမားများ လုပ်ငန်းခွင်ကျွမ်းကျင်ရန် အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းသင် တန်းတစ်ခုခုသို့ စေလွှတ်ခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းနှင့် သင်တန်းအစီအစဉ်တိုးချဲ့ခြင်းများပြုလုပ်မည့် အလုပ်ရှင်များအား ငွေထောက်ပံ့ခြင်း သို့မဟုတ် ငွေချေးခြင်းကို ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီက ငွေထုတ်ပေးရမည်" ဟု ဥပဒေတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်၏ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့် လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကလည်း "အလုပ်သမားတွေအတွက် အာမခံချက်ရှိလာတဲ့ သဘောပါပဲ" ဟု ယခု ဥပဒေအပေါ် မှတ်ချက်ပြုသည်။

သို့သော် ပြည်ထောင်စုအဆင့် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ် ကိုရဲနိုင်ဝင်းကမူ "ကျွန်တော်မြင်တာကတော့ နောက်ပိုင်းအလုပ်အကိုင်တွေပေါလာမှ အခု ဥပဒေ အတိုင်း အကောင်အထည်ဖော်နိုင် မယ်ထင်တယ်။ အခုကအလုပ်လက်မဲ့တွေ ဒီလောက်များနေတာ ချေးပေးဖို့
ဖြစ်မှာမဟုတ်ပါဘူး" ဟုသုံးသပ်သည်။

အလုပ်သမားများအတွက် ငွေချေးရန် အပြင်ထောက်ပံ့ကြေးများလည်းစီမံရန် ဥပဒေတွင် ထည့်သွင်း ပြဌာန်းထား
သော်လည်း ငွေကိုမည်သို့ချေးနိုင်ပြီး ထောက်ပံ့ကြေးကို မည်သို့ရယူနိုင်သည်ကိုမူ ဥပဒေတွင် အသေးစိတ် မပါရှိသေးပေ။ ထိုအကြောင်းအရာများသည် ယခုဥပဒေ၏ "နည်းဥပဒေ" ထွက်ရှိလာမှသာ ပါဝင်လာမည်ဖြစ်သည်။

သို့သော်လွှတ်တော်သည် ဥပဒေပြဌာန်းပြီးနောက် ၁ နှစ်နှင့်ခြောက်လခန့်အထိ နည်းဥပဒေမပြဌာန်းနိုင်သည့် ဥပဒေများရှိ နေရာယခုဥပဒေအတွက် နည်းဥပဒေသည်လည်း မည်မျှကြာမြင့်မည်ကိုမူမသိနိုင်သေးပေ။

ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားရန်ကုန်မှ တစ်ပတ်တစ်ကြိမ်ပြေးဆွဲမည်

ရန်ကုန်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့သို့ တစ်ပတ်လျှင်တစ်ကြိမ် အထူးအမြန် ရထားတစ်စင်းပြေးဆွဲမည်ဖြစ်ပြီး စက်တင်ဘာ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာမီးရထား အောက်မြန်မာပြည်ဌာနမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်သင်းက စက်တင်ဘာ ၃ ရက်တွင် ပြောကြားသည်။

အဆိုပါခရီးစဉ်သို့ ပြေးဆွဲမည့် အမြန်ရထားနှစ်စင်းရှိပြီး ကျိုက်ထို ၁ နှင့် ၂ ဖြစ်သည်။ အမြန်ရထားကျိုက်ထို ၁ သည် အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မှ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာ၍ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်ဘူတာများတွင် ရပ်နားမည်ဖြစ်ပြီး ကျိုက်ထိုမြို့သို့ နေ့လည် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

ကျိုက်ထိုမြို့မှ ရန်ကုန်ခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့တွင် ထွက်မည်ဖြစ်ပြီး ကျိုက်ထို ၂ အမြန်ရထားမှာ နေ့လည် ၁၂ နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ လမ်းတွင် သိမ်ဇရပ်၊ ဝေါ၊ ပဲခူးဘူတာများ တွင်ရပ်နားပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ရောက်မည်ဖြစ်သည်။

ဦးမောင်မောင်သင်းက"ရထားတွဲတွေမှာက အဲယားကွန်းနဲ့ အဆင့်မြင့်ထိုင်ခုံတွေ တပ်ဆင်ပေးထားပါတယ်။ ၀န်ဆောင်မှု ကိုလည်း အဆင့်မြင့်ပေးမှာပါ" ဟုဆိုသည်။

လက်မှတ်ခဈေးနှုန်းသည် ခရီးစဉ်တစ်ကြောင်းအတွက် ၃၅၀၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများအတွက် ၁၀ ဒေါ်လာ (၁၀၀၀၀ ကျပ်နီးပါး) ဖြစ်သည်။

ယင်းကဲ့သို့ လမ်းကြောင်းသစ်များ ပြေးဆွဲခြင်းနှင့်ပတ်သက်၍ Exotissimo Travel မှ မန်နေဂျာ ကိုကျော်ဆန်းဝင်းက "မြန်မာပြည်မှာ ရထားစီးရတာက တောတောင်ရေမြေသဘာဝနဲ့ မြင်ကွင်းတွေကိုကြည့်ပြီး ရထားစီးရတာ ကောင်းပါ တယ်။ အချိန်မမှန်တာတွေ၊ ၀န်ဆောင်မှုကောင်းကောင်း မပေးတာကတော့ မြန်မာ့မီးရထားတွေမှာ အမြဲတွေ့နေရ
သေးတယ်။ ဒီလိုအားနည်းချက် အားသာချက်တွေ မြန်မာနိုင်ငံကမီးရထား တွေမှာ ရှိနေသေးတယ်" ဟု မှတ်ချက်ချ သည်။

မီးရထားများတွင် ထိုင်ခုံပေါင်း ၇၂ ခုံပါရှိပြီး ဂျပန်နိုင်ငံမှ ၂၀၁၂ တွင်ထုတ်လုပ်ခဲ့သော RPE အမျိုးအစား မီးရထား
ဖြစ်သည်။ ယခုပြေးဆွဲသော ရထားလိုင်းအဆင်ပြေ အောင်မြင်ပါက ရန်ကုန်၊ ကျိုက်ထို၊ မြိတ်၊ ကော့သောင်းမြို့များ အထိ ပြေးဆွဲရန်အထွေ ထွေမန်နေဂျာ ဦးမောင်မောင်သင်းက ဆိုသည်။